ငြိမ်းအေးမှုချမ်းသာ
--------------------
အဆင်း အသံ အနံ့ အရသာ အတွေ့ အထိစသော ကာမဂုဏ်ငါးပါးသည် ခံစားရသော ဝေဒယိတသုခများ ဖြစ်၏။ ခံစားရသော ချမ်းသာဟု ဆိုလို၏။ ပုထုဇဉ်များသည် သံသရာအဆက်ဆက်က ဝေဒယိတသုခ ခံစားရသော ချမ်းသာတစ်မျိုးသာ ထပ်ခါတစ်လဲလဲ ခံစားဖူးကြ၏။ နိဗ္ဗာန်၏ သန္တိသုခ ငြိမ်းအေးသော ချမ်းသာကိုကား တစ်ကြိမ်တစ်ခါမှ မခံစားဘူးကြချေ။
ထို့ကြောင့် ကာမဂုဏ်အရသာခံစားသော ဝေဒယိတ သုခကိုသာ အထင်ကြီးပြီး နိဗ္ဗာန်အရသာခံစားသော သန္တိသုခကို အထင်မကြီးခြင်းဖြစ်၏။ ထိုသို့ အပြင်ပန်းစိတ်က အထင်မကြီးသော်လည်း အတွင်းစိတ်က အထင်ကြီးပြီး နှစ်သက်နေပြန်၏။ လက်တွေ့ပြအံ့။ ပုထုဇဉ်လူသားတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျရသည်ကို အလွန်နှစ်သက်၏။ ထို့ကြောင့် ကမ္ဘာပေါ်တွင် ဈေးကြီးပေးရသော အိပ်ဆေးအမျိုးမျိုး အရောင်းသွက်နေခြင်း ဖြစ်၏။
သေချာဆန်းစစ်ကြည့်လျှင် အိပ်မောကျနေချိန်၌ မြင် ကြား နံ စား ထိ သိအာရုံခြောက်ပါး ခံစားမှုတစ်ခုမှ မရှိတော့ပေ။ ထိုသို့ ဝေဒယိတသုခ မရှိသော်လည်း ငြိမ်းအေးသော ချမ်းသာတစ်မျိုးကိုကား ခံစားနေရသည်သာ ဖြစ်၏။ အာရုံခြောက်ပါးမှ လွတ်နေသော လောကီချမ်းသာတစ်မျိုးဟု ဆိုရမည်ဖြစ်၏။
အိပ်ပျော်နေစဉ်၌ ခံစားရသော ငြိမ်းအေးမှု အရသာလေးကို ပုထုဇဉ် လူသားများ အဘယ်မျှလောက် မက်မောကြသနည်းဆိုလျှင် အိပ်မောကျနေသူတစ်ယောက်ကို မရမကနိုးပြီး ကောင်းပေ့ဆိုသော အစားအစာများကို ကျွေးသော်လည်း ကျေးဇူးမတင်သည့်အပြင် အိပ်ရေးပျက်အောင် လုပ်သည်ဟုဆိုကာ စိတ်ဆိုးသွားသည်ကိုသာ တွေ့ရလိမ့်မည်။
အိပ်ပျော်တာများကွာ စားရ သောက်ရ မြင်ရ ကြားရ ထိတွေ့ရတာလည်း မဟုတ်ဘဲနှင့် ဘယ်လိုများ ကောင်းတာလဲဟု မေးလျှင်ကား နိုးလာသူသည် တိကျစွာ ဖြေဆိုတတ်မည် မဟုတ်ချေ။ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းသည် အလွန်ကောင်း၏။ ဤအချက်ကို အိပ်ပျော်သူတိုင်းသိ၏။ သို့သော် သူတစ်ပါး သဘောပေါက်အောင် ပြန်မပြောတတ်။
အဘယ်ကြောင့် ပြန်မပြောတတ်သနည်းဟု တွေးကြည့်လျှင် ခံစားနေကြ ကျန်လောကီအာရုံများထဲတွင် အိပ်မောကျခြင်းနှင့် တန်းတူလိုက်၍ ကောင်းသောအာရုံမျိုး မရှိသောကြောင့်ဟူသော အဖြေသည် ထွက်လာ၏။ လောကီထဲတွင် ပါဝင်သော အိပ်မောကျရသည့် ချမ်းသာသည်ပင်။
အာရုံခြောက်ပါး အရသာကို ခံစားသော ဝေဒယိတသုခထက် သာလွန်နေသေးရာ လောကချမ်းသာမှန်သမျှကို လွန်သွားသော နိဗ္ဗာန်၏ သန္တိသုခ အေးငြိမ်းသော ချမ်းသာမှုက ဝေဒယိတသုခထက် သာလွန်ပုံကိုကား ပြောဖွယ်ရာပင် မလိုတော့ပေ။
မိဖုရားကြီးတစ်ဦးသည် ကရဝိတ်ငှက်၏ တွန်ကျုးသံကို ကြားရသည်နှင့် ဘုရားရှင်၏ အသံဆိုလျှင် ဤငှက်ထက်ပို၍ သာယာမှာပဲဟု သဒ္ဓါဓာတ်များ ဖြစ်ပေါ်လာ၏။ ထိုသဒ္ဓါတရားမှ လျှောက်၍ လက္ခဏာယာဉ်သုံးပါးသို့ ရောက်ပြီး သောတာပန်တည်သွား၏။ ထိုသဒ္ဓါတရားကို အဦးမူ၍ သောတာပန်ဖြစ်သူများကို သဒ္ဓဓုရ သောတာပန်ဟုခေါ်၏။
ဤပုံစံ၌ ကရဝိတ်ငှက်၏ အသံသာမှုသည် မြတ်စွာဘုရား၏ အသံနှင့်ကား တကယ်တူသည်မဟုတ်။ သို့သော် ဗုဒ္ဓအသံတော်၏ သာယာမှုကို တခြားမည်သည့်အသံနှင့်မျှ နှိုင်းယှဉ်စရာမရှိသဖြင့် လောက၌ အသံအသာဆုံးဟု သတ်မှတ်ထားသော ကရဝိတ်ငှက်သံနှင့် နှိုင်းယှဉ်ရခြင်းဖြစ်၏။
ယခုလည်း နိဗ္ဗာန်၏ အေးငြိမ်းသော အရသာကို ပုထုဇဉ်များ မှန်းဆသိနိုင်ရန် တခြားမှန်းဆစရာ မရှိသဖြင့် အိပ်ပျော်ပုံနှင့် နှိုင်းယှဉ်ခြင်းဖြစ်၏။ အမှန်တကယ်တွင်ကား နိဗ္ဗာန်၏ အရသာသည် အိပ်ပျော်ခြင်း အရသာထက် မနှိုင်းယှဉ်သာအောင်သာ လွန်မြင့်မြတ်လှပါ၏။
ထို့ကြောင့် ဘုရားပစ္စေကဗုဒ္ဓနှင့် ရဟန္တာအရှင်မြတ်များသည် နိရောဓသမာပတ် ဝင်စားခြင်းဖြင့်သာ အချိန်ကို ကုန်လွန်စေကြ၏။ နိရောဓသမာပတ် ဝင်စားခြင်းဆိုသည်မှာ နိဗ္ဗာန်၏ အေးငြိမ်းသော အရသာကို ခံစားတော်မူကြခြင်း ဖြစ်၏။
ဗုဒ္ဓလက်ထက်က ရဟန္တာအရှင်မြတ်များသည် ဆွမ်းခံတစ်ခါထွက်ပြီးလျှင် တစ်ဝက်ကိုဘုဉ်းပေးပြီး ကျန်တစ်ဝက်ကို နေခြောက်လှန်းထားလိုက်ကာ နိရောဓသမာပတ်(၇)ရက် ဝင်စားသည် ဝင်စားချိန်အတွင်း စားခြင်း သောက်ခြင်း ယိုခြင်း ပေါက်ခြင်း လုံးဝမရှိတော့သည့်အပြင် ထိုင်ခြင်းဣရိယာပုတ်မှပင် ပြင်ခြင်း ပြောင်းခြင်း မရှိတော့ပေ။
ထိုအချိန်တွင် စိတ်စေတသိက် စိတ္တဇရုပ်များချုပ်သွားသဖြင့် ထွက်သက် ဝင်သက်မရှိတော့ပေ။ ထိုအချိန်သည် ငြိမ်းအေးသော နိဗ္ဗာန်၏ အရသာကို ခံစားနေကြခြင်းဖြစ်၏။ လူခန္ဓာသည် အစာမစားပဲ (၇)ရက်ထက်ပိုနေ၍ မရသောကြောင့် (၇)ရက်စေ့လျှင် နိရောဓသမာပတ်မှထလာရသည်။
ပြီးလျှင် အခြောက်လှန်းထားသော ထမင်းခြောက်ကို ရေစိမ်ပြီးစားကာ ဒုတိယအကြိမ် နိရောဓသမာပတ် (၇)ရက်ဝင်းစားပြန်၏။ ထို့ကြောင့် သန္ဓိဓိကာရက သိက္ခာပုဒ် မပညတ်ခင်က ရဟန္တာများသည် (၁၄)ရက်မှ တစ်ကြိမ်သာ ဆွမ်းခံထွက်ကြသဖြင့် ဒါယကာ ဒါယိကာမများမှာ ဒါနကုသိုလ်ရမှု အင်မတန်နည်းပါးသွား၏။ ထို့ကြောင့် ဗုဒ္ဓက ဒါယကာ ဒါယိကာမများ ကုသိုလ်တိုးပွားရေး အချက်ကိုပါ ထည့်တွက်၍ ရဟန်းတော်များ ယာဝကာလိကာ (စားဖွယ်ခဲဖွယ်) ဘောဇဉ်များကို နောက်ရက်အတွက် သိမ်းထားလျှင် ပါစိတ်အာပါတ်သင့်စေ ဟူသော သန္ဓိဓိကာရက သိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ခြင်းဖြစ်၏။
ဥာဏ်ပညာကြီးမားတော်မူသော ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်များသည် ပုထုဇဉ်များအထင်ကြီးသည့် ကာမချမ်းသာ ဝေဒယိတသုခကို လုံးလုံးမခံစားပဲ နိဗ္ဗာန်ချမ်းသာ၏ သန္တိသုခအငြိမ်းဓာတ်ကြီးကို မလှုပ်မယှက် မစားမသောက် မယိုမပေါက်ပဲ (၇)ရက်တိတိ ဝင်စားတော်မူသည်ကို ထောက်သောအားဖြင့် ဝေဒယိတသုခထက် သန္တိသုခက မနှိုင်းသာအောင် သာလွန်ကောင်းမြတ်သည်မှာ ထင်ရှားလှ၏။
ဘုရားပစ္စေက ဗုဒ္ဓရဟန္တာများသည် သန္တိသုခကို (၇)ရက်(၁၆၈)နာရီတိတိ မလှုပ်မယှက် ခံစားနိုင်ကြသော်လည်း ပုထုဇဉ်များသည်ကား သူတို့အထင်ကြီးသည့် ဝေဒယိတသုခကို (၇)ရက်ဆက်တိုက်မဆိုထားနှင့် (၇)နာရီ ဆက်တိုက်ခံစားဖို့ပင် မလွယ်ကူလှပေ။ ကြာလာလျှင် ငြီးငွေ့လာသည်သာ ဖြစ်၏။
မည်မျှ ကောင်းသောဗွီဒီယိုကား ဖြစ်ပါစေ။ သုံးနာရီကြာလောက် ထိုင်ကြည့်ရပြီဆိုလျှင်ပင် ညောင်းညာကိုက်ခဲလာတော့၏။ ဇာတ်ကားတွင် စိတ်မဝင်စားတော့ချေ။ ကျန် အသံ အနံ့ အရသာ အတွေ့ အထိတို့တွင်လည်း ထိုနည်းတူ (၇)နာရီကြာအောင် မလှုပ်မယှက် ခံစားနိုင်ဖို့ဆိုသည်မှာ မလွယ်ကူလှပေ။ ဤအချက်ကို ထောက်သောအားဖြင့်လည်း သန္တိသုခသည် ဝေဒယိတသုခထက် သာလွန်ကြောင်းထင်ရှား၏။
-----------------------------------
(မေတ္တာရှင် ရွှေပြည်သာ)

No comments:
Post a Comment