
လူ့ဘုံလောကတစ်ခွင်၌ ကျင်လည်နေကြသူများ ဘ၀ လုံခြုံရေးအတွက် မေတ္တာတရားလောက် စိတ်ချရသော အဆောင် လက်နက်ကောင်းလည်း မရှိပါ။ သံသရာတစ်ခွင်၌ ချမ်းမြေ့ကြည်လင်စွာ ကျင်လည်ရေးအတွက် မေတ္တာတရားကဲ့သို့ အားကိုးလောက်သော အားထားမှီခိုရာသည်လည်း မရှိပါ။
တစ်ခု သတိပြုရန်မှာ ဘ၀ လောကဆိုသည် သူ့ဘက် ကိုယ့်ဘက် ရှိကြမြဲဖြစ်ရာမိမိဘက်ကသာ ဖြောင့်မတ်သော မေတ္တာစိတ် ပုံမှန်ထားနေလျှင် ကောင်းကျိုးတရား ရောက်လာ
ပါမည်။ပတ်ဝန်းကျင်၌ တွေ့ကြုံဆက်ဆံနေကြသူများသည် မေတ္တာဓာတ် ကူးစက်၍ အလိုလိုမေတ္တာတုံပြန်လာကြပုံကို လက်တွေ့သိကြရပါမည်။
လူက မေတ္တာစိတ်ထားလျှင် တောရိုင်း တိရစ္ဆာန်များကပင်လျှင် မေတ္တာတုံ့ပြန်၍ ရှောင်
ရှားကြပေသေး၏။ လူနှင့် လူချင်းမူကား မေတ္တာစိတ်ထားနေလျှင် အဘယ် ဆိုဖွယ်ရာ ရှိပါမည်နည်း။ မေတ္တာတရားကို မိမိ၏ စိတ်နှလုံး၌ အမြဲသိုထားလျှင် တဖြည်းဖြည်း ခိုင်မာ၍ ရင့်ကျက်လာပါလိမ့်မည်။
ခိုင်မာရင့်ကျက်သောအခါ မေတ္တာတရား၏ ထူးခြားသော သဘောများ သိသာအောင်ပေါ်လွင်လာပါမည်။ တနည်းဆိုရလျှင် မေတ္တာတရား၏ တန်ခိုးအာနိသင် အများ ရောက်ရှိလာပါမည်။
မေတ္တာတရား ပုံသေ လက်ကိုင်ထား၍ အထုံရနေပြီးသော ပုဂ္ဂိုလ်များသည် လောကကြီးတစ်ခုလုံးကို မေတ္တာဖြင့် စိုးအုပ်နေနိုင်၏။ ဘာပဲဖြစ်စေ ကြုံတွေ့လာသော လောကဓံ ဟူ
သမျှကို မေတ္တာစိတ်ဖြင့် ကျော်လွှားသွားလိမ့်မည်။ ပြဿနာ ဟူသမျှ မေတ္တာစိတ်တန်ခိုးကြောင့် ပြေငြိမ်းသွားစေပါမည်။ ရန်မူနေသူကိုပင် ကြည်လင်အေးမြသော မေတ္တာဓာတ်ဖြင့်
အလိုလိုစိတ်ကျေအေး၍မိတ်ဆွေကောင်းအဖြစ် ရောက်လာစေနိုင်ပါ၏။
မေတ္တာကို အဖေါ်ပြု၍ မေတ္တာတရား ရင်ဝယ်ပိုက်ထားလျှင် စိတ်မချမ်းသာစရာ တွေ့ကြုံရသော်လည်း စိတ်
ချမ်းမြေ့စရာ အမြင်မှန် ရလာပါမည်။
ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်း တို့ကလည်း မေတ္တာတရား ပုံသေ လက်ကိုင်ထား၍ အထုံရနေပြီးသောပုဂ္ဂိုလ်များသည် လောကကြီးတစ်ခုလုံးကို မေတ္တာဖြင့်
စိုးအုပ်နေနိုင်သည်ကို သိရှိနားလည်သဘောပေါက်ကြပြီး မေတ္တာတရား စိတ်နှလုံးထဲအမြဲသိုထားနိုင်ကာဘ၀ရဲ့လွတ်မြောက်ကြောင်း
မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
{ တောင်တန်းသာသနာပြုဆရာတော် အရှင်ဦးဥတ္တမသာရ၏ မေတ္တာစွမ်းအား လက်တွေ့
အကျိုးများ မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
No comments:
Post a Comment