
“ စမ်းရေလည်းနောက် ပန်းတွေလည်းခြောက် လမ်းတွေလည်းပျောက်''
★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★
အာရုံတစ်ခြား စိတ်မလွင့်ပါးအောင် ကံမျက်စိ ၊ပသာဒမျက်စိကို
ခဏပိတ်ဥာဏ်မျက်စိကိုဖွင့်ပြီးတော့ဥာဏ်နား
နဲ့တရားနာယူကြရအောင်။
မှတ်မှတ်သားသားဖြစ်အောင်လို့ ဒီနေ့ဟောကြားဖို့ တရားခေါင်း စဉ်ပေးပါမယ်။ စမ်းရေလည်းနောက် ပန်းတွေလည်းခြောက် လမ်းတွေလည်းပျောက်သည့် တရားလို့ အမည်ပေး ပါတယ်။ စမ်းရေဆိုတာ ကြည်လင်တယ်၊အေးမြတယ်၊ အမောကိုပြေစေတယ်၊ ရွှင်လန်းခြင်းကိုလည်း ရ စေတယ်။
ဒါပေမယ့် စမ်းရေက နောက်သွားတယ်။
ပန်းတွေကခြောက်ဆိုတာ ပန်းခြောက်သွားရင် စွန့် ပစ်လိုက်ကြတာပါပဲ။ သုံးမရတော့ဘူးပေါ့။ ပန်းရဲ့တစ်ဘဝဟာ အဖူးလေး ဖူးလာရာကနေပွင့်လာတယ်။
ပွင့်လာပြီးတော့ ရနံ့ထုံသင်းပြီးတော့ မွှေးကြိုင်သင်းပျံ့တဲ့ ပန်းရနံ့လေး
ခဏတာလေး တစ်ရက်တာပွင့် လန်းတဲ့ ပန်းလည်း ဖြစ်ချင်ဖြစ်မယ်၊ သုံးရက်တာပွင့်လန်းတဲ့ ပန်းလည်း ဖြစ်ချင်ဖြစ်မယ်၊ တစ်ပတ် တစ်လလောက် မညှိုးမခြောက်တဲ့ ပန်းမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။
စမ်းရေ လည်း နောက် ၊ ပန်းတွေလည်းခြောက်ပြီးတော့ လမ်းတွေလည်းပျောက်သွားတယ်တဲ့။ဘယ်ကို လျှောက်လို့ ဘယ်ကိုသွားရမှန်းမသိတော့ဘူး။ ဦးတည်ချက် မရှိတော့ဘူးပေါ့။
အဲ့ဒါကို အဓိပ္ပါယ်က တော့ လမ်းတွေလည်းပျောက်တဲ့ တရားတော်။
စမ်းရေကို ဘာနဲ့တင်စားသလဲဆိုရင် မေတ္တာနဲ့တင်စား တယ်။
မေတ္တာတရားဆိုတာဟာ အိမ်ထောင်ရေးလည်း မေတ္တာတရားပဲ၊
မောင်နဲ့နှမလည်းပဲ ၅၂၈ မေ တ္တာဆိုတာ ဒါလည်းပဲ မေတ္တာတရားပေါ့။
သားနဲ့အမိ ၊ သမီးနဲ့အဖေ ၊မောင်နဲ့နှမ ဆွေးမျိုးရင်းခြာ မေတ္တာ တရားတွေ နောက်ကျိသွားပြီဆိုရင် ၊ မေတ္တာတရားတွေ ကုန်ခမ်းသွားကြပြီဆိုရင် လူ့ဘဝ လူ့လောက တွေ ချမ်းသာရာ ရနိုင်ပါ့မလား…မရနိုင်ပါဘူးဘုရား။
လင်နဲ့မယား မေတ္တာခမ်းခြောက်သွားရင်လည်း ဒီတိုင်းပဲ။ မောင်နဲ့နှမ မေတ္တာတရားတွေခမ်းခြောက်သွားရင်လည်း ဒီတိုင်းပဲ။ အဲ့တော့ အဖေနဲ့အမေနဲ့ သားနဲ့သမီးနဲ့ ဆွေနဲ့မျိုးနဲ့ မောင်နှမသားချင်း အိမ်တွင်းရေး မေတ္တာတွေခမ်းခြောက်ပြီဟေ့ဆိုရင် မရွှင်မ လန်း ညှိုးနွမ်းပြီးတော့ စိတ်ဆင်းရဲခြင်း ကိုယ်ဆင်းရဲခြင်းတွေ ရသွားတယ်။ ဒါကြောင့် စမ်းရေလည်းဘယ်တော့မှ မနောက်ပါစေနဲ့။ ဘာမနောက်အောင် သတိပြုရမှာလဲ ..စမ်းရေ ပါဘုရား။
စမ်းရေကို ဥပ မာတင်စားတာ မေတ္တာပေါ့။ ဘယ်တော့မှ မေတ္တာတရားခမ်းခြောက်သွားတာ နောက်ကျိသွားတာ မဖြစ် စေနဲ့။စမ်းရေနောက်ကျိသွားပြီဆိုရင် သောက်သုံးလို့
လည်းမကောင်းတော့ဘူး၊
အရသာလည်း မတွေ့ တော့ဘူး။ စမ်းရေနဲ့မတူတော့ဘူးပေါ့။
အဲ့တော့မေတ္တာဆိုတာကတော့ စမ်းရေပေါ့။
အဲ့ဒီမေတ္တာ ဘယ် တော့မှ မနောက်ကျိစေနဲ့ပေါ့။
မေတ္တာတရားဟာ ကြည်လင်သန့်ရှင်းပြီးတော့ အမေနဲ့သားနဲ့ အဖေနဲ့ သမီးနဲ့ ၊ လင်နဲ့မယား အိမ်ထောင်စုတစ်ခုမှာ မေတ္တာတရားတွေနဲ့ ထုံးမွှမ်းပြီးတော့ ကြည်လင်ဖြူစင်ပြီး တော့ နေကြရင် အဲ့ဒီအိမ်ထောင်ရေး သာယာတယ်။
ဒို့တူဘောင်ဖက် သာယာကြည်နူးစရာဖြစ်တယ်။ အေးမြနေကြတယ် ရင်ထဲမှာ မပူလောင်ဘူးပေါ့ ချမ်းမြေ့နေကြတယ်။
အေး ထို့အတူပဲ ပန်းတွေလည်း ခြောက်ဆိုတော့ ပန်းတွေခမ်းခြောက်ရင် ပန်းအိုးထဲကနေပြီးတော့ အမှိုက်ပုံထဲကို စွန့်ပစ်ကြတာပဲမ လား။ အပင်မှာရှိနေတော့ရော တင့်တယ်သလား။ မခူးမဆွတ်ပါဘူးတဲ့ အပင်ပေါ်မှာ ခြောက်နေတဲ့ပန်း ရနံ့လည်းမရှိ မလန်းဆန်းတော့ဘူးတဲ့။
အဲ့တော့ ပန်းရဲ့ဘ၀ တစ်ခဏတာလေးပေါ့ ကြာရှည်မရှိပါဘူး။ ပန်းတွေလည်းခြောက်ဆိုတာ ပန်းတိုင်း ပန်းတိုင်းဟာ ဖူးပြီးရင်
သူက အငုံလေးတွေ ဖြစ်လာတယ်။ အငုံ ကနေ အဖူးအပွင့်လေးတွေ၊
အဖူးအပွင့်ကနေ အပွင့်ကားကားကြီးတွေ လန်းလန်းဆန်းဆန်းကြီးတွေ
ရနံ့တွေလည်း သင်းထုံပြီးတော့ လာတယ်။
အဲ့ဒီလို ဖူးပွင့်ရာကနေ ဘာဖြစ်သွားသလဲဆိုတော့ ရင့်ရော် ပြီးတော့ ကြွေကျလာပြီးတော့ ခြောက်သွေ့သွားပြန်တယ်နော်။
ပန်းရဲ့အဖြစ်နဲ့ သူ သူ ကိုယ်ကိုယ် ဟော ဒီ ခန္ဓာနဲ့ တူပါတယ်။
ဘာနဲ့တူတာလဲ …ခန္ဓာနဲ့တူတာပါဘုရား။
အေး အသက်ကလေး ၁၄နှစ်၊၁၅နှစ် အဖူးအပွင့်လေးတွေပေါ့နော်။
အသက်၂၀အရွယ် လှလှပပ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းမလေးပဲ ဖြစ် ဖြစ် ပန်းတွေပွင့်ကြသလိုပေါ့နော် လှလှပပကြီးတွေပေါ့။ အေး အသက် ၃၀ အရွယ်လောက်ကြတော့ သိပ်မဟုတ်ချင်တော့ဘူး။ တစ်ဝက်ကျိုးသွားပြီနော်။ သက်တမ်းအားဖြင့် ၇၅ နှစ်တမ်းကို။ အခုဆို ၇၄ နှစ်တမ်းတွေ ဖြစ်သွားပြီနော်။
အသက် ၃၅နှစ်လောက်ဆိုရင် နေ့တစ်ဝက်ကျိုးသွားပြီး အာယုဆိုတဲ့ သက်တမ်းကျိုးသွားတဲ့အတွက်ကြောင့် ပန်းတစ်ပွင့်ရဲ့ ကြွေလင့်ဖို့အချိန်ဟာ သိပ်မကြာတော့ဘူး။ဟုတ်ရဲ့လား။
တစ်ချို့လည်း ၇၀တောင် နေကြရတာရှိလား..မရှိပါဘူး ဘုရား။
ခြောက်ဆယ်နဲ့ ပျောက် ကွယ်သွားကြတာရော မရှိဘူးလား..ရှိပါတယ်ဘုရား။
ဘုန်းကြီးတို့ အသိမိတ်ဆွေတွေ ဒီမှာ သာသနာပြု ဖော် ပြုဖက်တွေ တစ်ချို့ ခြောက်ဆယ်နဲ့ပဲ ပျောက်ကွယ်သွားကြတယ်နော်။
လေးဆယ်နဲ့ရော ပျောက် ကွယ်တဲ့ သူမရှိဘူးလား။
အဲ့တော့ လူ့ဘ၀လေးဆိုတာ ပန်းတစ်ပွင့် ပွင့်တဲ့အချိန် အခိုက်အတန့်လောက် လေးပဲ ရှိပါတယ်။ ဒါကြောင့် နောက်ဆုံးတော့ ဒီဘ၀ ဒီခန္ဓာတွေဟာ ခြောက်သွေ့သွားကြတာပါပဲ။ ပန်း တစ်ပွင့်လိုပါပဲနော်။ မြဲတဲ့ဘ၀ ဟုတ်ရဲ့လား…မဟုတ်ပါဘူးဘုရား။
အေး ပွင့်လန်းနေတဲ့အခါတော့ သာ ယာပြီးတော့ ကြည်နူးပြီးတော့
မိမိရရှိတဲ့ ရနံ့ အဆင်းလေးပေါ်မှာ ရောင့်ရဲတင်းတိမ်သာယာပြီးတော့
မေ့လျော့ပြီးတော့နေကြတာက များကြတယ်နော်။
ဒါကိုလည်း သတိပေးပါတယ်။ ပန်းတစ်ပွင့်ရဲ့အ သက် တစ်ခဏတာမျှပါပဲလို့ လူ့ဘ၀ဆိုတာ …ဟုတ်ရဲ့လား။ အားလုံးဟာ ပန်းတွေခြောက်သလို ပျောက်သွားကြတာပဲ၊ မြဲတာ ဟုတ်ရဲ့လား။
လမ်းတွေပျောက်တယ်ဆိုတာကတော့ မိမိဘာလုပ်လို့ ဘာ ကိုင်ရမှန်း ဘယ်သွားလို့ ဘယ်လာရမှန်း မသိတာကိုလမ်းပျောက်တယ်လို့ ပြောရမှာပေါ့။ လမ်းပျောက် တယ်ဆိုတာ ဘ၀လမ်းခရီး သံသရာလမ်းခရီးကို ပြောကြမှာပေါ့။
အခုလည်းပဲ မိမိလမ်း မိမိ ပုံဖော်ထား ရမှာ။ပုံမဖော်ထားခဲ့လို့ မိမိလမ်းကိုမိမိ မသိရင် လမ်းပျောက်နေတာနဲ့ မတူဘူးလား..တူပါတယ်ဘုရား။ လမ်းပျောက်နေတဲ့ပုဂ္ဂိုလ် ဘယ်ရောက်လို့ ဘယ်ပျောက်မှန်းမသိဘူး ဒုက္ခရောက်ရုံပဲရှိတယ်နော်။
ကောင်းပြီတဲ့ ကုသိုလ်ကို ပြုလုပ်ကြမယ်။
ကာမာဝစရ ကုသိုလ်ကိုပြုလုပ်ကြရင် သုဂတိဘုံဌာနဖြစ် သော လူ့ဘုံ လူ့ဘ၀ လူ့ခန္ဓာတွေ ၊ နတ်ဘုံ နတ်ဘ၀ နတ်ခန္ဓာတွေ ၊ ဗြဟ္မာ့ဘုံ ဗြဟ္မာ့ဘ၀ ဗြဟ္မာ့ ခန္ဓာ တွေကို မရောက်ဘူးလား…ရောက်ပါတယ်ဘုရား။ အဲ့ဒါလမ်းသိတာလို့ ခေါ်တယ်။ ကာမာဝစရ ကုသိုလ် ပြုမယ်ဆိုရင် ဘယ်ကိုရောက်မယ်။ ကာမဘုံကိုရောက်မယ်။
ကာမဘုံမှာလည်းပဲ သုဂတိ (၇) ဘုံကို ရောက်မယ်။ နတ်ပြည် ခြောက်ထပ်နဲ့ လူ့ဘုံ ကို သုဂတိ ခုနှစ်ဘုံလို့ခေါ်တယ်နော်။
အဲ့ဒီိကိုသွားမယ့် လမ်းကို ဘုရားက ဖန်တီးပေးတာလား ကိုယ်တိုင်ဖန်တီးရမှာလား။ ကိုယ်တိုင်ဖန်တီးရမှာပါဘုရား။
အဲ့ဒီလမ်းကို သူများရှာရမှာလား ကိုယ်ရှာရမှာလား..ကိုယ်ရှာရမှာပါဘုရား။
သမာဓိစခန်းနဲ့တည် ထောင်ပြီးတော့ အပနာဈာန်ထိအောင် ဥပစာသမာဓိတို့ ဒီလိုတွေ မိမိရဲ့ပရိယုဌာနကိလေသာကို ငြိမ်း သတ်ပြီးတော့ အာရုံတစ်ခုမှာ သမထ ဈာန်အားဖြင့်စိုက်စိုက်ပြီးတော့ ရှုမှတ်အားထုတ်ခဲ့မယ်ဆိုရင် လည်း ထိုပုဂ္ဂိုလ်တို့သည် မိမိရဲ့လမ်းကိုမိမိရွေးချယ်ထားပြီ ဖြစ်သောကြောင့် မိမိလမ်းမိမိပြုပြင်ထားပြီ ဖြစ်သောကြောင့်တည်ဆောက်ထားသည်
ဖြစ်သောကြောင့် မိမိလိုချင်တဲ့ ဘုံဘ၀ကို နေရာကို မရောက်နိုင်ဘူးလား…ရောက်နိုင်ပါတယ်ဘုရား။
ရောက်နိုင်ကြောင်းကိုလည်း မသိကြဘူးလား.. သိကြ ပါတယ်ဘုရား။
အေးသိကြတာ တစ်ခြားမဟုတ်ဘူးကွဲ့။ ပညာလို့ခေါ်တယ်။
အဲ့ဒါ အကြားအမြင်နဲ့သိ တာကို သုတမယဥာဏ်လို့ခေါ်တယ်နော်။
အဲ့ဒီအကြားအမြင် သုတမယဥာဏ် ဘယ်သူက ပြောသလဲ ဆိုရင်
ဘုရားပြောလို့ သိခွင့်ရတာ။ ဘယ်သူပြောလို့လည်း …ဘုရားပြောလို့ပါဘုရား။
{ဓမ္မဂုဏ်ရည်တောရရိပ်သာ (အောင်ဘုံတောရဆရာတော်)}
http://thonsethar.wordpress.com/
No comments:
Post a Comment