ကိုယ့်ဘ၀ရဲ့ တိုးတတ်မှု ဆုတ်ယုတ်မှု
*****************************
ယခုလို ရုပ်ဝတ္ထုတွေ တိုးတက်ပြောင်းလဲလာတဲ့
ခေတ်ကြီးထဲထိ ကျား မ လူကြီး လူငယ်
မရွေး ရေလိုက်လွဲနေကြတဲ့ အချက်က
ဘဝရည်မှန်းချက် အောင်မြင်ရေးအတွက် ဗေဒင်
ယတြာ ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တာန် အဆောင်လက်ဖွဲ့တွေကို စွဲလမ်းစွာ လိုက်စားမှုမှားနေခြင်းပါပဲ..
ကိုယ့်ဘဝရဲ့တိုးတက်မှု ဆုတ်ယုတ်မှုဟာ
ကိုယ့်ရဲ့အတိတ် ပစ္စုပ္ပန် ကံဉာဏ် ဝီရိယကြောင့်ဆိုတာကို သဘောမပေါက်နိုင်ပဲ
ဗေဒင် ယတြာ ဓာတ်ရိုက်ဓာတ်ဆင်ကသာ မိမိဘဝကို အဆုံးအဖြတ်ပေးနိုင်တယ်လို့ ယုံကြည်နေတာဟာ အယူလွဲမှားစွာ ရူးသွပ်နေခြင်းကလွဲလို့ တစ်ခြားဘာမှ မဖြစ်နိုင်ပါဘူး..
တစ်ချို့စောဒက တက်ပါလိမ့်မယ်..
မြတ်စွာဘုရားအလောင်းတော်ကိုတောင် ပုဏ္ဏားတွေ ဗေဒင်ဟောခဲ့သေးတာပဲလို့
ပြောလာခဲ့ရင် ဟောခဲ့တာတော့ ဟုတ်ပါတယ်..
ဒါပေမယ့် အဲဒီဗေဒင်ဆရာတွေက ဘာဖြစ်မယ်
ဘာမဖြစ်ဘူးဆိုတာကိုသာ ကြိုတင်ဟောကိန်း
ထုတ်နိုင်ခဲ့တာပါ..
ဖြစ်မယ့်ဟာကို မဖြစ်အောင် မဖြစ်မယ့်ဟာကို
ဖြစ်အောင် သူတို့ပညာနဲ့ ဘာမှ စွမ်းဆောင်ဖန်တီး
မပေးနိုင်ခဲ့ပါဘူး..စဉ်းစားကြည့်ကြဖို့ပါ..
အသိပညာနည်းသူတွေရဲ့လုပ်ရပ်ဖြစ်တဲ့ ဗေဒင်
ယတြာ ဓာတ်ရိုက်ဓာတ်ဆင် အဆောင်လက်ဖွဲ့တွေကို လုံးဝစိတ်မဝင်စားပဲ
ရတနာသုံးပါးနဲ့ ကိုယ့်ရဲ့ဒါန သီလ သမာဓိ ပညာ
အတွင်းစွမ်းအားတွေကိုပဲ ယုံကြည်အားကိုးစေချင်ပါတယ်..
အဆောင်ဓာတ်ထက် အအောင်ဓာတ်က ပိုပြီးစိတ်ချရ ပိုပြီးအားကိုးရပါတယ်..
အအောင်ဓာတ်ဆိုတာက ဒါန သီလ သမာဓိ ပညာ
ပါရမီကုသိုလ်အလုပ်တွေကို အောင်မြင်ပြည့်စုံအောင် အစမ်းသပ်ခံနိုင်တဲ့အဆင့်ထိပြီးစီးအောင်
လုပ်ယူစုဆောင်းထားတာကို ပြောတာပါ..
ဂါထာမန္တာန်နဲ့ပတ်သက်လို့ကတော့ ဘုရားဟော
ပရိတ်တော် ဂါထာတော်တွေကို ယုံယုံကြည်ကြည်နဲ့ ရွတ်ဆိုတာဟာ အပြစ်မရှိပေမယ့် အရွတ်ဘက်မှာချည်းပဲ
အားသန်လွန်းသွားရင်တော့လည်း မကောင်းပါဘူး
အရွတ်ဟာ အသားလောက် အရသာမရှိ အနှစ်မပြည့်တဲ့အတွက် အရွတ်မှာပဲ လမ်းဆုံးနေတာမျိုးလည်း မဖြစ်သင့်ပါဘူး..
ဘုရားဟောတရားတော်တွေကို ကြည်ညိုလွန်းလို့
အမြဲမပြတ်ရွတ်ဆိုနေတာ ကောင်းပါတယ်လေလို့
ပြောနိုင်ပေမယ့် ဘုရားဟောမဟုတ်တဲ့
ဥုံ ခံ သြောင်း ခံ သာသနာပ ဂါထာမန္တာန်တွေ
ပါဠိပျက်ဂါထာမန္တာန်တွေကိုတော့ လုံးဝ မရွတ်ဆိုသင့်ပါဘူး..
ဘုရားဟောဂါထာတွေရွတ်တာနဲ့ ဥုံသြောင်းဂါထာတွေရွတ်တာဟာ အကျိုးပေးချင်းလဲ လုံးဝ ကွာခြားလွန်းလှပါတယ်..
ရွတ်လို့မကုန်နိုင်တဲ့ ဘုရားဟောပါဠိတော် ဂါထာတော်တွေ အများကြီး ရှိပါလျက်နဲ့အမေကျော်ဒွေးတော်လွမ်းပြီး ဂါထာမန္တာန်အသစ်အဆန်းတွေနောက် တကောက်ကောက်လိုက်နေတာကို ရပ်တန့်သင့်ပြီလို့ထင်ပါတယ်..
ရွတ်တာဖတ်တာ ဝါသနာပါတယ်ဆိုရင် ဘုရားဟောစစ်စစ် သုတ်တော် ဂါထာတော်တွေကိုပဲ ရွတ်ပါ..
ဘာဂန္ဓာရီ ညာဂန္ဓာရီ ဘာဝိဇ္ဇာ ညာဝိဇ္ဇာဆိုပြီး
မဆုံးနိုင်တဲ့ ဂါထာမန္တာန်တွေ မဆုံးနိုင်တဲ့ အဓိဋ္ဌာန်
ကျင့်စဉ်တွေနောက် လိုက်မနေကြပဲ ဘာသာရေးကြောင့် လောကီရေးမှာ ကြီးပွားတိုးတက်ချင်တယ်ဆိုရင် မေတ္တာများများပွားပါ သစ္စာများများဆိုပါလို့ပဲတိုက်တွန်းချင်ပါတယ်..
ထိုင်ရင်းနဲ့ဖြစ်ဖြစ် သွားရင်း လာရင်း လုပ်ရင်း ကိုင်ရင်းနဲ့ပဲဖြစ်ဖြစ် စိတ်ထဲက"သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေ"လို့
မေတ္တာဘာဝနာပွားများသလို လက်တွေ့လဲ
ကိုယ်နဲ့ နှုတ်နဲ့မေတ္တာထားပါ..
သူတစ်ပါး စိတ်ချမ်းသာမယ့် ကောင်းကျိုးဖြစ်မယ့်
အပြောအဆို အပြုအမူကိုပဲ ပြောဆိုပြုမူပါ..
"ပွားမေတ္တာ"လို့ခေါ်တဲ့ မနောကံမေတ္တာနဲ့
"ထားမေတ္တာ"လို့ခေါ်တဲ့ ကာယကံမေတ္တာ ဝစီကံမေတ္တာတို့ကို လက်ကိုင်ထားမယ်ဆိုရင်ဘဝမှာ အဆင်ပြေသင့်သလောက်ပြေလာမှာပါ..
ပြီးတော့ အရေးကိစ္စကြုံတိုင်း ကိုယ်အားထုတ်ခဲ့တဲ့
ကုသိုလ်ကောင်းမှုတွေ အပြုသဘောဆောင်တဲ့
လုပ်ရပ်တွေကို သစ္စာဆိုပြီးဆုတောင်းပါ..
လိုအင်ဆန္ဒတွေ ပြည့်သင့်သလောက် ပြည့်လာပါလိမ့်မယ်..
ထေရဝါဒနဲ့ ဆန့်ကျင်တဲ့ မက်လုံးပေး ကျင့်စဉ်တွေကိုတော့ နားမယောင်မိပါစေနဲ့လို့ ပြောပါရစေ..
သံသရာနဲ့ချီပြီး တွေ့ကြုံဖို့ခဲယဉ်းလှတဲ့ ဗုဒ္ဓသာသနာတော်ကြီးနဲ့ တွေ့ကြုံနေတဲ့အခိုက်မှာ
ဒါနတွေပြုနေရုံ ဘုရားရှိခိုးနေရုံ ပရိတ်ပဋ္ဌာန်းတွေရွတ်နေရုံ ဂုဏ်တော်ပုတီးတွေစိပ်နေရုံနဲ့ပဲ ကျေနပ်မနေကြပါနဲ့ဦး..
အဲဒါတွေကို ဖြတ်ဖို့ ပြောတဲ့သဘောမဟုတ်ပါဘူး..
ဖြတ်စရာမလိုပါဘူး..ဒါကြောင့် လှူမြဲလှူပါ..
သီလတွေလည်း ဆောက်တည်မြဲ ဆောက်တည်ပါ ပရိတ်ပဋ္ဌာန်းတွေလည်း ရွတ်မြဲရွတ်ပါ..
ဂုဏ်တော်ပုတီးတွေလည်း စိပ်မြဲစိပ်ပါ..မဖြတ်ပါနဲ့..
ဒါပေမယ့် အဲဒီလောက်နဲ့တော့ ရပ်တန့်မနေပါနဲ့ဦး..
သာသနာတော်နဲ့တွေ့ခိုက်မှာ တစ်ဖက်က ဒါန သီလ သမထအလုပ်တွေကိုလုပ်ရင်းနဲ့
တစ်ဖက်ကလည်း ဝိပဿနာအလုပ်ကို တွဲဖက်ပြီး
လုပ်သွားပါမှ ဗုဒ္ဓသာသနာနဲ့ တွေ့ကြုံရကျိုးနပ်မှာပါ
ဝိပဿနာအလုပ်ကို တစ်ကယ်အားထုတ်မှ
အားထုတ်တဲ့အတိုင်းလည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာဖြစ်ပါတယ်..
စေတနာမေတ္တာဖြင့်
(အရှင်ဆန္ဒာဓိက၏ဆောင်းပါးကိုကိုးကားပြီး ရေးပါသည်)

No comments:
Post a Comment