*************
မည်သည့်အရာ၌မဆို အစစ်၏အဖိုးတန်ကြောင်း၊ အများက အလေးပြုကြောင်းကို သိကြလျှင် အတုလည်းပေါ်လာတက်၏။
ထို့ကြောင့် ရှေးရှေးအခါ၌လည်းကောင်း၊ ယခုအခါ၌လည်းကောင်း အဖိုးတန်၍ အများမြတ်နိုးအပ်သော စိန်၊ကျောက်၊ရွှေ၊ငွေ စသောပစ္စည်းတို့၌ စိန်တု ၊ကျောက်တု ၊ရွှေတု၊ငွေတု စသောအတုတွေ ဖြစ်ပေါ်နေသကဲ့သို့ အစစ်အမှန် အဖိုးတန်သော ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့၌လည်း ဘုရားတု၊ တရားတု၊ သံဃာအတုတွေ ရှိနေရသည်မှာ ဓမ္မတာဖြစ်၍ အသစ်အဆန်း မဟုတ်တော့ချေ။
ရွှေအတု ပေါ်လာသောအခါ ရွှေအစစ်သည် တဖြည်းဖြည်းကွယ်ရ၏။ မခွဲခြားတက်သော လူအများအတွက် အစစ်နှင့်အတုသည် မထူးခြားချေ။ ရွှေဆိုင်၌ ရွှေအစစ်ကို လုပ်ထားသော တန်ဆာနှင့် ရွှေအတုကိုလုပ်ထားသောတန်ဆာ
နှစ်မျိုးကိုယှဉ်၍ရောင်းလျှင် ရွှေအစစ်တန်ဆာသည် အဖိုးများ၍ ရွှေအတုတန်ဆာသည် အဖိုးနည်း၏။ အစစ်နှင့်အတုမှာ ခွဲမရအောင်တူ၍ တန်ဖိုးချင်း ကွာခြားနေသောကြောင့် အ၀ယ်လာသူသည် မိမိမှာလည်းငွေများများ မပါသည့်အတွက် ခဏလောက်တော့ ၀တ်နိုင်သည်ဟု ယူဆ၍ အဖိုးနည်းသော အတုကိုသာ ၀ယ်သွားတော့၏။ ဤနည်းအားဖြင့် အတုကိုသာ အသုံများလာသောအခါ အစစ်သည် သုံးစွဲသူမရှိသဖြင့် ရာင်း၍မစွန်တော့ကာ သိမ်းဆည်း၍ ထားလိုက်ရ၏။ ဤနည်းအားဖြင့် အတုကြောင့်အစစ် ကွယ်ပျောက်ရလေသည်။
ဘာသာရေးတွင်လည်း တရားတု၊ ကမ္မဌာန်းတု၊ ရဟန်းအတုတွေနှင့် ဒါန၊ သီလအပေါစားတွေ များလှချေ၏။ သဒ္ဓါအစစ် ဥစ္စာလည်း ရဟန်းရှင်လူ ခပ်သိမ်းသူတို့မှာ တစ်စတစ်စ နည်းပါး၍လာ၏။ ထို့ကြောင့် တရားတု ၊ ကမ္မဌာန်းတုနှင့် တရားစစ် ၊ကမ္မဌာန်းစစ်ကို ယှဉ်၍ဟောပြောသောအခါ အတုကအပြုလွယ်၍ အစစ်ကအပြုခက်သောကြောင့် သဒ္ဓါဥစ္စာနည်းပါးသူအများက အတုကိုသာလိုက်စားနိုင်ကြတော့၏။ ဒါနအမှုများ၌လည်း ပကာသနဒါနသည် ပြု၍လည်းလွယ် ၊ပျော်ဖွယ်လည်းကောင်း၏။ မိမိမှာရှိသော ယုံကြည်မှုသဒ္ဓါဥစ္စာကလည်း နည်းပါ၏။
ထို့ကြောင့် ပကာသနဒါနကိုသာ အပြုများတော့၏။
သီလစောင့်ရာ၌လည်း ရှေးဘိုးဘွားတို့ အမြဲစောင့်နိုင်သော ငါးပါးသီလကိုမျှ လုံခြုံအောင် မစောင့်ချင်ကြ။ ဥပုသ်သီလကိုလည်း ပျော်ပျော်ပါးပါး စားစားသောက်သောက်နှင့် စောင့်သုံးကြ၏။ အစစ်အမှန် ဥပုသ်ကို မစောင့်နိုင်ကြ။ ဤနည်းအားဖြင့် ဒါနစစ်၊ သီလစစ်၊ဘာဝနာကမ္မဌာန်းအစစ်များ ယုတ်လျော့နည်းပါး လာရ၏။ ရဟန်းတော်များ၏ စာချစာသင်မှုလည်း ရှေးဆရာသမားများ၏ ခေတ်နှင့်မတူကြ၊ လာဘ်ရမှု ၊ ဂုဏ်ရမှုကို ရှေးရှုခြင်းသာ တဖြည်းဖြည်း များလာလေ၏။
အမျိုးကောင်းဟူသည် ဆွေမျိုးအသိုင်းအ၀ိုင်း ကြီးမာ၍ ပစ္စည်းဥစ္စာလည်းပြည့်စုံ၊ အကျင့်စာရိတ္တလည်း ပြည့်စုံသော အမျိုးတည်း။ ထိုအမျိုး၌ လူဦးရေ နည်းသော်လည်း ပစ္စည်းနှင့် စာရိတ္တကောင်းနေလျှင် အမျိုးကောင်းမပျက်သေးချေ။ ပစ္စည်းဥစ္စာကို တည်တံ့အောင် မလုပ်နိုင်သောအခါ ၊ မျိုးရိုးစာရိတ္တကို မထိန်းသိမ်းနိုင်ဘဲ သောက်စားမူးယစ်မှု အပျော်အပါးလိုက်စားမှု ပြုသူတွေများလားသောအခါ ထိုအမျိုးကောင်းသည် ပျက်ပြား၍ အမျိုးညံ့ဖြစ်သွား၏။ ထိုသို့အမျိုးကောင်းကို ဖျက်သူသည် အပြင်ဘက်က လူတွေမဟုတ်၊ အမျိုးအတွင်းက လူတွေသာဖြစ်သကဲ့သို့ ဗုဒ္ဓမြတ်စွား၏ မွန်မြတ်လှစွာ သာသနာ ၊ ဘာသာကို အပြင်ဘာသာဝင်များက မဖျက်ဆီးနိုင်ပါ ။ အတွင်းကျသော ရဟန်းရှင်လူတို့ကသာ ဖျက်နိုင်ပါ၏။
သို့ပါ၍ မိမိတို့၏ ဆရာသမား ဘိုးဘွားမိဘ လက်ထက်က တွေ့ခဲ့ရသော သာသနာတော်၏ အရှိန်ကို မိမိတို့လက်ထက်၌ တိုး၍မမှိန်စေဘဲ(နောက်ထပ် မဆုတ်ယုတ်စေဘဲ) တည်တံ့အောင်၊ အတုနှင့်အစစ်ကို ခွဲခြား၍ အတုကိုခွါကာ အစစ်ကိုရှာနိုင်ကြပါစေ...။
မှီငြမ်း။ ။ ဘာသာရေးပြသနာများ
http://buddhismworld.ning.com/
No comments:
Post a Comment