
မကောင်းသောသူကို အနိုင်ယူနည်း
''အသာဓုံ သာဓုနာ ဇိနေ''တဲ့။ လောကလူတွေဟာ လူတိုင်း အကောင်းချည်းလုပ်တာမဟုတ်ဘူး။ မကောင်းတာလည်း လုပ်ကြတယ်။ ကိုယ့်အပေါ် မကောင်းဘူး၊ သူ့အပေါ်မကောင်းဘူး။
ဒီလူကတော့ သူ့အမေအပေါ် မကောင်းဘူး၊ အဖေအပေါ် မကောင်းဘူး။ ညီအကို မောင်နှမတွေအပေါ်မှာ မကောင်းဘူး။ မိတ်ဆွေသင်္ဂဟတွေပေါ်မှာ မကောင်းဘူး။ အဲဒီမကောင်းတဲ့အမှုအရာတွေနဲ့ ဆက်ဆံတယ်။ မကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်ကကောင်းတာလုပ်ပြီးတော့နေရမယ်။ သူမကောင်းတာလုပ်တာမျိုးကို လိုက်မတုရဘူး။
မကောင်းတာကို မကောင်းတာနဲ့ မတုံ့ပြန်ရဘူး။ မကောင်းတာကို ကိုယ်ကကောင်းတာနဲ့ တုံ့ပြန်ရတယ်။ အဲဒီတော့ မကောင်းတာကို ကိုယ်ကမကောင်းတာနဲ့တုံ့ပြန်မယ်ဆို ကိုယ်ပဲရှုံးတယ်။ အေး. . . မကောင်းတာကို ကောင်းတာနဲ့တုံ့ပြန်ရင်ကိုယ်ကအနိုင်ရတယ်။
မြတ်စွာဘုရားက ''မကောင်းသူကို မိမိကိုယ်တိုင်က သူ့အပေါ်မှာကောင်းခြင်းဖြင့် ကိုယ်ကအနိုင်ယူပါ'' တဲ့။
အေး. . . မကောင်းတဲ့ပုဂ္ဂိုလ်ကို ကိုယ်ကကောင်းလိုက်သဖြင့် အနိုင်ယူတယ်ဆိုတာကြည့်၊ မြတ်စွာဘုရားရှင်ဟာဒေဝဒတ်နဲ့ ဆက်ဆံတဲ့အခါမှာ အမြဲကောင်းတယ်။ ဒေဝဒတ်ကသာ ဘုရားအပေါ် အမြဲတမ်းမကောင်းတာ၊ သံသရာကတည်းက ဘုရားအပေါ်ကောင်းခဲ့တယ်လို့ မရှိဘူး။ အမြဲတမ်း ဒုက္ခပေးနေတာ။ ဘုရားဖြစ်တဲ့ဘဝမှာလည်း ဘုရားအပေါ်ကောင်းတာမရှိဘူး။ အဲဒီလို မြတ်စွာဘုရားအပေါ် အမြဲတမ်းမကောင်းပေမယ်လို့ မြတ်စွာဘုရားက ဒေဝဒတ်ပေါ်မှာ
အမြဲကောင်းခဲ့တယ်။ မကောင်းတာ ဘယ်တော့မှ မလုပ်ဘူး။
ကြည့်လေ၊ ဒေဝဒတ် သာသနာဘောင်ဝင်တယ်ဆိုရင် သင်္ကန်းဝတ်ပေးတဟ် တရားဓမ္မတွေ ဟောပေးတယ်၊ သမထကျင့်စဉ်တွေ ဟောပေးတယ်။ မြတ်စွာဘုရားထံမှ သင်ကြားပြီးတော့ ဒေဝဒတ်ဟာဈာန်အဘိညာဉ်တွေရသည်အထာ
အောင်မြင်သွားတယ်။ ဘုရားက ဒေဝဒတ်အပေါ်ကောင်းတယ်၊ ဆုံးမစရာရှိရင်ဆုံးမတယ်။ ဒေဝဒတ် မကောင်းတာကို မြတ်စွာဘုရားက ကောင်းတာနဲ့ပဲ ဆက်ဆံတယ်။
အဲဒိတော့ ကြည့်လိုက်မယ်ဆိုရင် ဒေဝဒတ်သာသနာဘောင်ဝင်လာကတည်းက
မြတ်စွာဘုရားကို ဒုက္ခပေးလာလိုက်တာ၊ ဘုရား သက်တော်၇၂ နှစ်မှာအကြီးအကျယ် ဒုက္ခပေးတာ။
ဘယ်လောက်ထိအောင် ဒုက္ခပေးသလဲဆိုရင် အဇာတသတ်နဲ့ပေါင်းပြီး လက်ဖြောင့်လေးသည်တော်လူသတ်သမားတွေကိုစေလွှတ်ပြီး ဘုရားကိုလုပ်ကြံဖို့ ကြိုးစားတယ်။ မအောင်မြင်ခဲ့ဘူး။ နောက်တစ်ခါ နာဠာဂီရိဆင်ကို အရက်တွေမူးနေအောင်တိုက်ပြီး ဘုရားကြွလာတဲ့ လမ်းမှာလွှတ်တယ် ဆင်ထိုးသတ်ခံရအောင်လုပ်တယ်။
ဒါလည်း မအောင်မြင်ခဲ့ဘူး။ နောက်ဆုံးအဲဒီလုပ်ရပ်တွေ မအောင်မြင်တဲ့အခါ သူကိုယ်တိုင် ဂိဇ္စုကုဋ်တောင်စောင်းကနေ ကျောက်မောင်းဆင်ပြီး မြတ်စွာဘုရား စင်္ကြန်လျှောက်နေတဲ့အချိန် ကျောက်တုန်း လိမ့်ချတာ၊ တစ်ခါတည်းလက်စသတ် သေအောင်ကြံတယ်။ အဲဒီအချိန်မှာ ကျောက်တုံးက အလွန်ကြီးမားတဲ့ကျောက်တုံးတစ်တုံးကို တိုက်ပြီး ကျောက်ဖတ်ကလေးတစ်ခုက မြတ်စွာဘုရားရဲ့
ခြေမကိုသွားမှန်တာပေါ့။
အဲဒီအချိန်မှာ မြတ်စွာဘုရားက ကာယိကဒုက္ခ နာကျင်တဲ့ဒုက္ခကို ခံစားရတယ်။လမ်းမလျှောက်နိုင်ဘူး သံဃာတော် အရှင်မြတ်တွေက ထမ်းစင်နဲ့ထမ်းပြီး ဇီဝကရဲ့ သရက်ဥယျာဉ်ကျောင်းကို ပင့်ခေါ်သွားရတယ်။ အဲဒီအခြေအနေမျိုးရောက်အောင်ဒေဝဒတ်က မြတ်စွာဘုရားပေါ် ဆိုးခဲ့တယ်။နောက်ဆုံးမှာ ဒေဝဒတ်ကြီးဟာ မကျန်းမမာဖြစ်လာတယ်။
ဘယ်အခါမှာ မကျန်းမမာဖြစ်လဲဆိုတော့ သံဃာသင်းခွဲပြီး ရဟန်း ၅၀၀ ခေါ်သွားတယ်၊ ခေါ်သွားတဲ့အခါ မြတ်စွာဘုရားက ''ဒီလို ဓမ္မနဲ့
မကျွမ်းကျင်တဲ့ ကိုယ်တော်လေးတွေ ဒုက္ခရောက်လိမ့်မယ်။ သာရိပုတ္တရာ နဲ့ မောဂ္ဂလာန်တို့ လိုက်သွားပြီး ဒီကိုယ်တော်လေးတွေ ဖြောင်းဖြနားချပြီး
ပြန်ခေါ်လာကြ'' လို့ လွှတ်လိုက်တယ်။ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့ ကြွလာတဲ့အခါမှာ ဒေဝဒတ်က ဝမ်းသာတယ်။
''ကြည့် ငါ့လမ်းစဉ်မှန်လို့ ဂေါတမဘုရားရဲ့ တပည့်ကြီးနှစ်ပါးတောင်
ငါ့နောက်လိုက်လာပြီ'' လို့၊ အဲ့လိုထင်ပြီး ရှင်သာရိပုတ္တရာကို
လက်ယာရံက ထားတယ်၊ ရှင်မောဂ္ဂလာန်ကို လက်ဝဲဘက်ကထားပြီးတော့ သံဃာတွေကိုတရားဟောတယ်။
ဒေဝဒတ်အနားယူ အိပ်စက်တဲ့အချိန် ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့က
တရားဟောကြတယ်။ ဟိုကိုယ်တော်လေးတွေ အမှန်တရားသိပြီး နောက်ဆုံးမှာ တရားထူးတရားမြတ်ရကြတယ်။ အဲဒိပုဂ္ဂိုလ်တွေ အားလုံးကို ပြန်ခေါ်လာခဲ့ကြတယ်။
ဒေဝဒတ် တစ်ဦးတည်းကျန်ရစ်တယ်။ အဲဒီအချိန်ကျမှ သူ့စိတ်နှလုံးပူလောင်သွားတယ်၊ သူ့မှာနောက်လိုက်နောက်ပါမရှိတော့ဘူး။
စိတ်နှလုံးပူလောင်သည့်အတွက် နှလုံးထဲကသွေးတွေကလျှံပြီး
သွေးအန်တဲ့အနေအထားရောက်သွားတယ်။
အဲဒီလို သွေးအန်ပြီးမနာမကျန်းဖြစ်တဲ့အခါ သူစဉ်းစားတယ်၊
''အော်. . မြတ်စွာဘုရားက ငါ့အပေါ်သိပ်ကောင်းတယ်၊ လုပ်ခဲ့သမျှ
ငါကအဆိုးတွေချည့် လုပ်ခဲ့တာ '' လို့နောင်တရတယ်။
မြတ်စွာဘုရားကို ဝန်ချချင်တယ်၊ နောက်ဆုံးတွေ့ချင်ပါတယ် ဆိုပြီးတော့ အတင်းအကြပ်ပို့ခိုင်းလို့ မြတ်စွာဘုရား သီတင်းသုံးတဲ့ ဇေတဝန်ကျောင်းကို ထမ်းစင်ကြီးနဲ့ထမ်းပြီး သူ့ကိုခေါ်လာရတယ်။ နောက်ဆုံးဇေတဝန်ကျောင်းနားက
ဇေတဝန်ရေကန်ကြီးကို အနီးအနားမှာ ထမ်းစင်ချပြီးခဏအပန်းဖြေဖို့ ခြေထောက်ချ မြေကြီးပေါ်နင်းလိုက်တဲ့ အချိန်မှာ မြေကြီးကျွံပြီးတော့ ဒေဝဒတ်ဟာ မြေမြိုသွားတာ။ ဘာဖြစ်လို့လဲဆိုရင်သူလုပ်ထားတဲ့လုပ်ရပ်တွေနဲ့ မြတ်စွာဘုရားကို
ပြန်တွေ့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
သို့သော် သူဟာ အဲဒီအချိန်မှာ မိုက်မှားတဲ့ နောင်တကိုသူရထားပြီ၊
သူဆိုးပေမယ့် ဘုရားက မဆိုးဘူးဆိုတာ သိတယ်။
ကဲဒီအဖြစ်အပျက်ကို ကြည့်၊ ပထမပိုင်းမှာ ဒေဝဒတ်က အနိုင်ရနေသလိုရှိတယ်၊ ဘုရားကို ဒုက္ခအမျိုးမျိုး ပေးနေတယ်။ မြတ်စွာဘုရားက ဒေဝဒတ်ကို
အကောင်းနဲ့သာတုံ့ပြန်တယ်၊အဆိုးနဲ့မတုံ့ပြန်ဘူး၊
လောကသဘောအရကြည့်မယ်ဆိုရင် မြတ်စွာဘုရားကရှုံးနေ
သလိုရှိတယ်။
နောက်ဆုံးမှာ အနိုင်ရသွားတာက မြတ်စွာဘုရား ရှုံးသွားတာက ဒေဝဒတ်။ နောက်ဆုံးမှာ ဒေဝဒတ်ဟာ သံသရာမှာ ဘယ်လောက်ထိအောင်ရှုံးသွားသလဲ ဆိုရင် လက်ရှိဘဝမှာ မြေမြိုခြင်းဖြင့်အဆုံးသတ်ရတယ်။ အဝီစိငရဲမှာ မြတ်စွာဘုရားကို စော်ကားခဲ့တဲ့ အပြစ်ဒဏ်တွေကို ခံနေရတာ။ တစ်ကမ္ဘာပတ်လုံး ဘဒ္ဒကမ္ဘာ ကုန်ဆုံးသည်ထိအောင် ငရဲမှာ ခံရမှာဖြစ်တယ်။ ဒါကြောင့်မို့ ဒေဝဒတ်ဟာ တကယ်ရှုံးသွားတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။
ဒါကြောင့်မို့ မြတ်စွာဘုရားက မကောင်းတဲ့ ပုဂ္ဂိုလ်ကို မကောင်းတာနဲ့ မတုံ့ပြန်ဘဲ ကောင်းတာနဲ့တုံ့ပြန်ပြီး အနိုင်ယူပါလို့ ဟောကြားခဲ့တယ်။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)
No comments:
Post a Comment