အတာကူးတဲ့ လတန်ခူး
******************
လူမျိုးအသီးသီးသည် မိမိတို့ ယဉ်ကျေးမှု၊ မိမိတို့ ဓလေ့ထုံးစံနှင့်အညီ
နှစ်သစ်ကူး ပွဲတော်များ ကျင်းပကြသည်၊ နှစ်သစ် နှစ်ဆန်းကို ဝမ်းမြောက်ပျော်ရွင်စွာ ကြိုဆိုကြသည်၊ မြန်မာတို့၏ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းချိန်တွင် နှစ်သစ်ကူးပွဲတော်သည် သင်္ကြန် ပွဲတော်ဖြစ်သည်။
သင်္ကြန်ဟူသည် `သင်္ကြာန္တ´ ဟူသော သက္ကတပုဒ်မှ ဆင်းသက်လာသည်ဟု ဆိုသည်၊ အချို့ပညာရှင်တို့က `သင်္ကန္တ ´ ဟူသော ပါဠိမှ ဆင်းသက်လာသည်ဟု ဆိုသည်၊ နှစ်ပုဒ်လုံးသည် ပြောင်းရွေ့ခြင်း၊ ကူးပြောင်းခြင်းဟု အဓိပ္ပါယ်ရသည်၊ သက္ကတသင်္ကြာန္တပုဒ်နှင့်တော့ ပို၍နီးစပ်သည်။
ပြောင်းရွေ့ခြင်း၊ ကူးပြောင်းခြင်း အဓိပ္ပါယ်ကို ပညာရှင်တို့ အမျိုးမျိုးဖွင့်ဆိုကြသည်၊ ဗေဒင်ပညာရှင်တို့က တနင်္ဂနွေဂြိုဟ်ခေါ် နေမင်းသည် မိန်ရာသီမှ မိဿရာသီသို့ ပြောင်းရွေ့ခြင်း၊ ကူးပြောင်းခြင်းဟု ဆိုကြသည်၊ ဟိန္ဒူကျမ်းများအဆိုအရမူ ဗြဟ္မာမင်းဦးခေါင်းကို နတ်သမီး တစ်ယောက်မှ အခြားနတ်သမီး တစ်ယောက်လက်သို့ ပြောင်းရွေ့ခြင်းဟု အဓိပ္ပါယ် ဖွင့်သည်၊ ထိုသို့ ဖွင့်ဆိုကြသော်လည်း နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်း အဓိပ္ပါယ် ကတော့ ပါဝင်နေသည်။
အချို့ပညာရှင်များက သင်္ကြန်သည် မြန်မာစကားသက်သက်သာ ဖြစ်သည်၊ ` ခေါင်းဆေး သင်္ကြန်၊ ကောင်းညွှန့်လှန် မကျန်စေ့စုံစွာ ´ ဟူသော ကဝိလက္ခဏာ သတ်ပုံ အလင်္ကာနှင့်အညီ ကောင်းခြင်းမင်္ဂလာ ကြန်အင်လက္ခဏာ တိုးပွားစေရန် သုတ်သင်ဆေးကြောခြင်း၊ တစ်နည်း ခေါင်းဆေး မင်္ဂလာ ပြုခြင်းကို သင်္ကြန်ဟု ခေါ်ကြောင်းဆိုကြသည်၊ ထို့အပြင် ` မဟာသင်္ကြန်၊ တာသင်္ကြန်၊ သင်္ကြန်ဆယ့်နှစ်ချက်၊ ဖုသျှသင်္ကြန် ခေါ်ဝေါ်ဟန်၊ သင်္ကြန်ခေါင်းဆေးထွက် ´ ဟူသော သတ်ပုံ အလင်္ကာအရ အတာသင်္ကြန်၊ မဟာသင်္ကြန်၊ ဖုသျှသင်္ကြန်၊ သင်္ကြန် ဆယ့်နှစ်ပါးစသည်ဖြင့် သင်္ကြန် အမျိုးမျိုးရှိလေသည်။
အဟောင်းကနေ အသစ်သို့ ကူးပြောင်းခြင်းသည် ကောင်းသော လက္ခဏာဖြစ်သောကြောင့် လူမျိုးတိုင်းက နှစ်သစ်ကူးခြင်းကို မင်္ဂလာဟု သတ်မှတ်ထားကြ၏၊ သို့သော် နှစ်သစ်ကူးခြင်းကို ကြိုဆိုပုံ၊ ကျင်းပပုံကတော့ လူမျိုး တစ်မျိုးနှင့်တစ်မျိုး မတူကြချေ၊ မြန်မာလူမျိုးတို့က နှစ်သစ်ကူးပွဲတော်ကို
ရေပက်ဖြန်းကစားခြင်းဖြင့် ကျင်းပကြသည်၊ ရေပက်ကစားသော ဓလေ့သည် တကောင်းခေတ် သာကီမျိုးတို့ အိန္ဒိယမှ ပါလာသောဓလေ့ဟု ပညာရှင်တို့ ယူဆကြသည်။
မြန်မာတို့ နှစ်သစ်ကူးချိန်သည် မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းချိန်ဖြစ်သည်၊ မိန်ရာသီ၏ ရာသီရုပ်မှာ ငါးကြင်းနှစ်ကောင် ဖြစ်သည်၊ နက္ခတ်က မြှုံးသဏ္ဍာန်ရှိ ရေဝတီနက္ခတ် ဖြစ်သည်၊ တာရာက ဦးဗျိုင်း ရေငှက်တာရာ ဖြစ်သည်၊ ခြုံကြည့်လိုက်တော့ နှစ်သစ်ကူးတွင် ရာသီကြိုက်၊ နက္ခတ်ကြိုက်၊ တာရာကြိုက် ရေကို ရှေးမြန်မာတို့ အသုံးပြုခဲ့ကြသလောဟု ဝေါဟာရလီနတ္ထဒီပနီကျမ်းဆရာက ဆိုသည်။
နှစ်သစ်မင်္ဂလာအခါတော်တွင် မြန်မာတို့ ပျော်ရွှင်ကြည်နူးစွာ
ရေပက်ကစားခြင်းသည် အေးမြကြည်လင်ခြင်း၊ အညစ်အကြေးကို ဆေးကြောခြင်း၊ ရေကိုသား၍ အကြားမထင်ခြင်းဟူသော ရေနိမိတ်သုံးမျိုးကို ယူကြခြင်းဖြစ်သည်၊ ပြည်သူအများ နှစ်သစ်ကူး ရေစင်ကဲ့သို့
အေးမြကြည်လင်စေသည့်သဘော၊ နှစ်ဟောင်းက အညစ်အကြေးကို ဆေးကြောသန့်စင်သည့်သဘော၊ တိုင်းရင်းသားပြည်သူအားလုံး ရေကိုသား၍ အကြားမထင်သကဲ့သို့ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ရှိခြင်းသဘောဟု မွန်မြတ်သော ရည်ရွယ်ချက်များပါဝင်ကြောင်း နှောင်းခေတ် ပညာရှင်တို့က သုံးသပ်ကြသည်။
အတာသင်္ကြန်ကနေ ခန္ဓာသင်္ကြန်ဘက်သို့ လှည့်ကြည့်စေချင်သည်၊ သင်္ကြန်ဆိုတာ ကူးပြောင်းခြင်းဆိုတော့ ရုပ်နာမ်ခန္ဓာ ကူးပြောင်းနေပုံကိုလည်း နှလုံးသွင်းသင့်သည်၊ ရုပ်ခန္ဓာက တစ်စက္ကန့်လောက်အတွင်း ကုဋေငါးထောင်ခန့် ဖြစ်ပျက်နေသဖြင့် တစ်စက္ကန့်လောက်အတွင်းမှာ ရုပ်ခန္ဓာက အကြိမ်ပေါင်း ကုဋေငါးထောင်ခန့် သင်္ကြန်ကျနေသည်၊ နာမ်ခန္ဓာက တစ်စက္ကန့်အတွင်းမှာ ကုဋေတစ်သိန်းခန့် ဖြစ်ပျက်နေသဖြင့် နာမ်ခန္ဓာက တစ်စက္ကန့်အတွင်းမှာ အကြိမ်ပေါင်း ကုဋေတစ်သိန်းခန့် သင်္ကြန်ကျနေသည်။
နာမ်ခန္ဓာက ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်ဟု လေးပါးရှိသည်၊ ထိုလေးပါးကလည်း တစ်ပါးကနေ တစ်ပါးသို့ ကူးပြောင်းနေကြသည်၊ စိတ်ကူးဆိုသည့်အတိုင်း စိတ်က ဟိုအာရုံကူး၊ သည်အာရုံကူး၊ ဟိုဟာတွေးလိုက်၊ သည်ဟာတွေးလိုက်နှင့် နည်းနည်းလေးမှ အငြိမ်မနေ၊ မျောက်တွေ သစ်တစ်ပင်က တစ်ပင်သို့ ခုန်ကူးနေသလို စိတ်ကလည်း အာရုံမျိုးစုံ ခုန်ကူးနေသည်၊ ဒါ ခန္ဓာသင်္ကြန်ပဲ ဖြစ်သည်။
အနမတဂ္ဂသံသရာ- အစမထင် သံသရာတစ်ခွင်မှာ ဘဝပေါင်းစုံစွာ ကူးပြောင်းခဲ့ကြရသည်၊ သုံးဆယ့်တစ်ဘုံမှာ သုဒ္ဓါဝါသဗြဟ္မာဘုံ ငါးဘုံကလွဲလို့ ကျန်သည့်နှစ်ဆယ့်ခြောက်ဘုံ အားလုံးရောက်ဖူးသည်၊ ငရဲ ကိုလည်း အကြိမ်ကြိမ်ကျခဲ့သည်၊ ခွေး ကြက် ဝက် တိရစ္ဆာန်မျိုးစုံအောင် ဖြစ်ဖူးသည်၊ သူတောင်းစား၊ စကြာမင်း အားလုံးဖြစ်ဖူးသည်၊ ဘဝတွေက ထိုမျှလောက် စုံလင်လှသည်၊ ကမ္ဘာမြေပြင်တစ်ခွင်တွင် မိမိရုပ်အလောင်း မမြှုပ်နှံဖူးသော နေရာအလွတ်ဟူ၍ မရှိ၊ မိမိသုသာန်မဖြစ်ခဲ့ဖူးသော နေရာအလွတ် မရှိ၊ သံသရာသည် ထိုမျှလောက် ရှည်လျားခဲ့သည်၊ ခန္ဓာသင်္ကြန်တွေ မရေမတွက်နိုင်အောင် ကျခဲ့သည်။
ယခုလက်ရှိဘဝ တစ်ခုတည်းမှာပင်လျှင် ကလေး၊ လူငယ်၊ လူရွယ်၊ လူကြီး၊ လူအို၊ လူနာ၊ လူသေ၊ နု၊ ပျို၊ အို၊ နာ၊ သေ၊ အသွင်သဏ္ဌာန် အမျိုးမျိုး ကူးပြောင်းနေရသည်၊ ခန္ဓာသင်္ကြန်ပင်ဖြစ်သည်၊ အတာသင်္ကြန်ကျတာက ပျော်ပွဲရွှင်ပွဲ ရယ်ပွဲဆင်ပြီး ကျကြရသည်၊ ခန္ဓာသင်္ကြန်ကျတာက မျက်ရည်တရွှဲရွှဲ ငိုပွဲဆင်ပြီး ကျကြရသည်၊ လူတစ်ယောက်အတွက် မိဘဆွေမျိုးတွေသေလို့ သံသရာတစ်လျှောက် ကျခဲ့သည့် မျက်ရည်တို့သည် သမုဒ္ဒရာ လေးစင်းထဲက ရေထက်တောင် ပို၍ များပါသေးသည်ဟု ဘုရားမိန့်သည်။
မိမိတို့ ဘာလုပ်ကြမည်နည်း၊ သံသရာပြတ် ခန္ဓာရပ်အောင် လုပ်ရမည်၊ ပုထုဇဉ်ဘဝဟူသည် အကုသိုလ်တောသာ ဖြစ်သည်၊ အကုသိုလ်တောမှာနေလျှင် အကုသိုလ်များလိမ့်မည်၊ ထို့ကြောင့် အကုသိုလ်နည်းနိုင်သမျှ နည်းနေအောင်၊ ကုသိုလ်တွေ များနိုင်သမျှ များအောင်လုပ်၊ အကောင်းဆုံးကတော့ တရားသာအားထုတ်၊ တရားအားထုတ်ခြင်းထက် ကောင်းသောအလုပ် မရှိတော့၊ အကုသိုလ်ရှောင်၊ ကုသိုလ်ဆောင် ဖြူအောင် စိတ်ကိုထားဟုဆိုရာ စိတ်ကို အထိရောက်ဆုံး ဖြူစေနိုင်တာက ဘာဝနာအလုပ်သာ ဖြစ်သည်၊
ဘာဝနာဟူသည် သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ မေတ္တာ၊ ကရုဏာစသောတရားတွေ မိမိစိတ်ထဲမှာ တိုးလာခြင်း၊ ပွားလာခြင်း၊ များလာခြင်းဖြစ်သည်၊ ထိုတရားတွေ တိုးပွားသလောက် စိတ်ဖြူစင်မည်၊ စိတ်ထဲမှ ကိလေသာအညစ်အကြေးတွေ လုံးဝကင်းစင်သွားပြီး စိတ်ထားလုံးဝဖြူစင်ခဲ့သော် သံသရာပြတ်၊ ခန္ဓာရပ်သဖြင့် ခန္ဓာသင်္ကြန်ဟူ၍ မရှိတော့ပြီ။ ။
အရှင်သံဝရာလင်္ကာရ
ဓမ္မပိယဆရာတော်
No comments:
Post a Comment