*** မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မဒဿနသြ၀ါဒများ (၁၃) ***
~ တရား ဟောတာရှည်လို့ “ရှည်လိုက်တာ” ဆိုပြီး စိတ်ထဲ မခံသာလို့ ရှိရင်လည်း အဲဒီမခံသာတဲ့ စိတ်ကို ဖြစ်ပျက်ရှုပါ။ (သဒေါသစိတ္တံ သဒေါသစိတ္တ န္တိ ပဇာနာတိ လုပ်ပါ)
~ နောက်ဇာတိကို လိုချင်လို့ရှိကြရင် လူမိုက်အလှူ ဒုက္ခပူမှာပဲ။
~ ဇာတိကြောက်ပြီး အဇာတိရောက်လိုတဲ့ ဆန္ဒနဲ့ လှူဒါန်းပါ၏လို့ ပြောလိုက်စမ်းပါ။
~ နောက်ဘ၀က သမထ ၀ိပဿနာ မခြံရံတဲ့ ဒါနနဲ့ လုပ်ခဲ့တဲ့အတွက် ယခု အိုခြင်းဆိုးနဲ့ဖြင့် ကိုယ်တိုင်တိုးပါပေါ့လား။
~ လမ်းပြကောင်းနဲ့ ကြုံပြန်တော့လည်း နောက်လိုက်ကောင်းလိုတယ်။
~ အိုဘေးထမ်းပြီး နာဘေးရှိရာပြေးရတော့ ဒီမီးပုံက သေးတာနဲ့ ဟိုမီးပုံကြီးထဲ ပြေးလိုက်ဦးမယ် ဆိုတဲ့ အဓိပ္ပါယ်ရောက်ပါတယ်။
~ ဇာတိပေါ်ကနေ ဇရာပေါ်ပြေးတယ်၊ ဇရာပေါ်ကနေ ဗျာဓိပြေးတယ်၊ ဗျာဓိပေါ်ကနေ မရဏ ပြေးတယ်၊ မရဏကျပြန်တော့ သောကပရိဒေ၀တွေနဲ့ ၀ိုင်းပြီးသကာလ မီးပူတွေလောင်ပြီး ဇာတိဘက် လှည့်ပြေးတယ်။ (သံသရာ အ၀ိုင်းပြေး)
~ အလှူပေးပုဂ္ဂိုလ်မှာ-
(၁) မလှူမီကလည်း ၀မ်းမြောက်တယ်၊

(၂) လှူဆဲလည်း ၀မ်းမြောက်တယ်၊
(၃) လှူပြီးပြန်လည်း ၀မ်းမြောက်တယ်၊
~ အလှူခံပုဂ္ဂိုလ်မှာ -
(၁) ရာဂကင်းအောင် ကျင့်မယ်၊
(၂) ဒေါသကင်းအောင် ကျင့်မယ်၊
(၃) မောဟကင်းအောင် ကျင့်မယ်၊
ဒီစိတ်ထားနဲ့ အလှူခံရမယ်။
~ အလှူခံပုဂ္ဂိုလ်ဘက်ကလည်း ဤသုံးချက်နဲ့ အလှူခံလို့ အလှူပေးတဲ့ ပုဂ္ဂိုလ်ကလည်း သုံးချက်ညီတဲ့ စေတနာနဲ့ လှူလိုက်မယ်ဆိုရင် မရေတွက်နိုင်တဲ့ အကျိုးပေး ဧကန်ရ-လို့ မှတ်လိုက်ပါ။
~ တဏှာနဲ့ ပုဂ္ဂိုလ်မညွတ်၊ ဒိဋ္ဌိနဲ့ ပုဂ္ဂိုလ်မခွဲဘဲ လှူဒါန်းရင် တဏှာဒိဋ္ဌိသတ်တဲ့ သံဃိကအလှူ ဖြစ်သွားတယ်။
~ သံဃာလှူတာ အဓိပ္ပါယ် အဘိဓမ္မာနည်းနဲ့ ဝေဖန်လိုက်တော့မှ တဏှာ ဒိဋ္ဌိသတ်ပြီးလှူလို့ ကျေးဇူးများတယ်လို့ ဆိုစမ်းပါ။
~ လူ့ဘ၀၊ နတ်ဘ၀၊ ဗြဟ္မာဘ၀ဆိုတာ မီးလောင်ခံဘ၀တွေပါ။
~ ဒါန စေတနာက လူချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ သုံးတန်တော့ ပေးတယ်၊ သူပေးတာကို မရွေးဘဲနဲ့ မျက်လုံးမှိတ် ကောက်လို့ရှိရင် လူနတ်ချမ်းသာ (ဒုက္ခသစ္စာ)ပဲရတယ်။
~ သာမညအသိနဲ့ မြတ်စွာဘုရား ဟောတော်မူတာလည်း အစုံမသိတော့ “ဒါန သံသရာ ရှည်သလိုလို” ပြောကြတယ်။ ဒါနက ရှည်တာ မဟုတ်ဘူး၊ အရွေးမတတ်လို့ ဒုက္ခ ရောက်ကြတာ။
~ ဒါနပေးတဲ့အထဲမှာ နိဗ္ဗာန်ချမ်းသာလည်း ဥပနိဿယပစ္စယောထဲပါတယ်။
~ ကိုယ်က ရွေးတာက ဒုက္ခသစ္စာ ရွေးမိတယ်၊ နိဗ္ဗာန်ချမ်းသာကိုတော့ ချန်ပစ်ခဲ့တယ်။
~ ကံကတော့ လူချမ်းသာရော၊ နတ်ချမ်းသာရော ပေးမှာပဲ။ ကိုယ်က သစ္စာမသိဘဲနဲ့ ယူလိုက်တော့ လူချမ်းသာကြီး ကောက်မိတယ်၊ နတ်ချမ်းသာကြီး ကောက်မိတော့ ကိုယ်ကျိုးနည်းတယ်။
~ ဒါနသံသရာရှည်တယ်တဲ့၊ ဒါနပေါ်ချည်း ဖိချတယ်၊ ကိုယ့်အပြစ်တော့ ကိုယ်မသိဘူး။
~ “ဒါန သံသရာ ရှည်တယ်” လို့ ဒါနကို စွပ်စွဲရင် ဘုရားဟောကို ဖျက်သလိုကျနေတယ်။
~ ပဌမ မဂ်မှာ နိဗ္ဗာန်ရဲ့ အန္တရာယ်ဆိုတာ ဒိဋ္ဌိလို့ မှတ်လိုက်စမ်းပါ။
~ ပဋိစ္စသမုပ္ပါဒ် အစဉ်ဖြစ်နေတာကို ပုဂ္ဂိုလ်သတ္တ၀ါ ငါသူတစ်ပါး ထင်ရင် ဒိဋ္ဌိပဲ။
~ လူဖြစ်တဲ့ဘ၀မှာ ဒီဘ၀ အထူးဆုံးလို့ မှတ်ပေတော့။
~ ကိုယ့်အလုပ်ဝတ္တရားကလေး ၀ိရိယမလျော့ဘဲ လုပ်လို့ရှိရင်ဖြင့် ဒီဘ၀ဟာ နောက်ဆုံးပိတ်ဘ၀။
~ ပဋိစ္စသမုပ္ပါဒ် အ၀ိုင်းနမူနာဟာ ခေါင်းရင်းချိတ်ပြီး ပူဇော်နေဖို့ မဟုတ်ပါဘူး။
…ကိုရင်ဒိုးကလေး စုစည်းပူဇော်သော မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မဒဿနသြ၀ါဒ ဟောစဉ်မှတ်စုများအား ဓမ္မဒါနပြုပါသည်။
No comments:
Post a Comment