
ဓမ္မစကြာတရား ဟောတော်မူပုံ
~~~~~~~~~~~~~~~~
အလယ်အလမ်းအကျင့် ၈-ပါး
--------------------------------
၁။ မှန်ကန်စွာသိမြင်ခြင်း။ ။
သမ္မာဒိဋ္ဌိ ခေါ် မှန်ကန်စွာ သိမြင်ခြင်း ဟူသည်မှာ-
(၁) ဒုက္ခသစ္စာ = ဆင်းရဲအမှန်ကို သိမြင်ခြင်း။
(၂) ဒုက္ခသမုဒယသစ္စာ = ဒုက္ခဖြစ်စေသည့် အမှန်ကို သိမြင်ခြင်း။
(၃) ဒုက္ခနိရောဓသစ္စာ = ဒုက္ခချုပ်ငြိမ်းရာ အမှန်တရားကို သိမြင်ခြင်း။
(၄) ဒုက္ခနိရောဓဂါမိနီပဋိပဒါသစ္စာ = ဒုက္ခချုပ်ငြိမ်းရာသို့ ရောက်စေသည့် အမှန်တရားကို သိမြင်ခြင်း။
ဟူ၍ မှန်ကန်စွာ သိမြင်ခြင်း ၄-မျိုးရှိပေသည်။
မြတ်ဗုဒ္ဓဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့်နေ့ ပစ္ဆိမယံ အချိန်ကပင် မဂ်ဥာဏ် ၄-ပါးကို သိမြင်တော်မူခဲ့ပေသည်။ ယင်းသို့ကိုယ်တော်တိုင် သိပြီးမှ "သမ္မာဒိဋ္ဌိမဂ္ဂင်တရားကို ပွားရမည်" ဟု ဟောတော်မူခြင်းဖြစ်သည်။
၂။ မှန်ကန်စွာ ကြံစည်ခြင်း။ ။
သမ္မာသင်္ကပ္ပ ခေါ် မှန်ကန်စွာ ကြံစည်ခြင်း ဟူသည်မှာ-
(၁) နေက္ခမသင်္ကပ္ပ = ဘဝသံသရာမှ ထွက်မြောက်ရန်အတွက် ကာမဂုဏ် အာရုံတို့မှ လွတ်မြောက်အောင်ကြံစည်ခြင်း။
(၂) အဗျာပါဒသင်္ကပ္ပ = သတ္တဝါများ၏ ချမ်းသာခြင်း စည်းစိမ်းဥစ္စာရှိခြင်း ဂုဏ်သတင်း ကျော်စောခြင်းတို့ မပျက်စီးစေလိုခြင်း ဟူသော မေတ္တာနှင့်ယှဉ်သောကြံစည်မှု။
(၃) အဝိဟိံသာသင်္ကပ္ပ = သတ္တဝါတို့အား မညှဉ်းဆဲ မသက်ဖြတ်လိုကြောင်း ဟူသော သနားကြင်နာ ကရုဏာနှင့် ယှဉ်သောကြံစည်မှု။
ဟူ၍ ၃-မျိုးရှိပေသည်။
မြတ်ဗုဒ္ဓဘုရားရှင်သည် ယင်းမှန်ကန်စွာ ကြံစည်ခြင်း ၃-မျိုးကို လွန်ခဲ့သော လေးအင်္ချေ ကမ္ဘာ တစ်သိန်း အခါ သုမေဓာ ဘဝမှ စ၍ နေက္ခမ္မပါရမီ မေတ္တာပါရမီ ကရုဏာအပ္ပမညာ အဖြစ်ဖြငိ့ြ့ဖည့်ကျင့် ဆည်းပူးတော် မူခဲ့ပါသည်။
ယခုနောက်ဆုံး ဘုရားရှင် ဖြစ်သည့်အခါ၌လည်း မဂ် ၄-ပါး ဖြစ်ပေါ်၍ အထွတ်အထိပ်ရောက် ပေါက်မြောက်အောင် လောကုတ္တရာ သမ္မာသင်္ကပ္ပမဂ္ဂင် တရား ကို ဖြစ်ပွားစေခဲ့ပြီးဖြစ်ပေသည်။
ယင်းသို့ ကိုယ်တော်တိုင် ကျင့်ကြံရရှိတော်မူပြီးမှ "သမ္မာသင်္ကပ္ပတရားကို ပွားများရမည်" ဟု ဟောတော်မူခြင်း ဖြစ်ပေသည်။
၃။ မှန်ကန်စွာ ပြောဆိုခြင်း။ ။
သမ္မာဝါစာ ခေါ် မှန်ကန်စွာ ပြောဆိုခြင်းဟူသည်မှာ-
(၁) မုသာဝါဒ-ဟူသော မဟုတ်မမှန် လိမ်ညာ၍ ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။
(၂) ပိသုဏဝါစာ- ဟူသောအချင်းချင်း မသင့်မြတ်အောင် ကုန်းတိုက်ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း။
(၃) ဖရုသဝါစာ- ဟူသော မကြားဝံ့မနာသာ ကြမ်းတမ်းစွာ ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း။
သမ္ဖပ္ပလာပ- ဟူသော အကျိုးမဲ့ သိမ်ဖျင်းသော စကားကို ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း။
ဟူ၍ ၄-မျိုးရှိပေသည်။
မြတ်ဗုဒ္ဓဘုရားရှင်သည် ယင်းမှန်ကန်စွာ ပြောဆိုခြင်းကိုလည်း လွန်ခဲ့သော လေးအသင်္ချေ ကမ္ဘာ တစ်သိန်း အခါ သုမေဓာ ဘဝမှစ၍ သီလပါရမီအဖြစ် ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့ပြီး နောက်ဆုံး ဘုရားဖြစ်သည့်အခါ မဂ်လေးပါးဖြစ်ပေါ်၍ အထွတ်အထိပ်ရောက်ပေါက်မြောက်အောင် လောကုတ္တရာ "သမ္မာဝါစာ မဂ္ဂင်တရား" ကို ဖြစ်ပွားစေခဲ့ပြီးဖြစ်ပေသည်။
၎။ မှန်ကန်စွာ ပြုလုပ်ခြင်း။ ။
သမ္မာကမန္တ ခေါ် မှန်ကန်စွာ ပြုလုပ်ခြင်း ဟူသည်မှုာ-
(၁)ပါဏာတိပါတ-ဟူသော သူတစ်ပါးအသက်ကို သတ်ဖြတ်မှုမှ ရှောင်ကြဉ်ခြင်း။
(၂) အဒိန္နာဒါန-ဟူသော သူတစ်ပါး၏ ပစ္စည်းကို ခိုးယူမှုမှ ရှောင်ကြဉ်ခြင်း။
(၃) ကာမေသုမိစ္ဆာစာရ- ဟုသော သူတစ်ပါး၏ သားမယားကို ပြစ်မှားကျူးလွန်မှုမှ ရှောင်ကြဉ်ခြင်း- ဟူ၍ ၃ မျိုးရှိပေသည်။
မြတ်ဗုဒ္ဓဘုရားရှင်သည် ယင်းမှန်ကန်စွာ ပြောဆိုခြင်းကိုလည်း လွန်ခဲ့သော လေးအသင်္ချေ ကမ္ဘာ တစ်သိန်း အခါ သုမေဓာ ဘဝမှစ၍ သီလပါရမီအဖြစ် ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့ပြီး နောက်ဆုံး ဘုရားဖြစ်သည့်အခါ မဂ်လေးပါးဖြစ်ပေါ်၍ အထွတ်အထိပ်ရောက်ပေါက်မြောက်အောင် လောကုတ္တရာ "သမ္မာကမ္မန္တ မဂ္ဂင်တရား" ကို ဖြစ်ပွားစေခဲ့ပြီးဖြစ်ပေသည်။
(ဆက်လက်ကူးယူဖေါ်ပြပါမည်
No comments:
Post a Comment