“ရဟန္တာဆိုတာ ဘာလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးလို့ မှတ်ထားရမှာလဲ”
**********************************************
ဒကာ။ ။ ယခုအခါ ရဟန္တာတွေက ဟိုကပေါ်သည်ကပေါ်နဲ့ ပြီးတော့လည်း ရဟန္တာတွေပါလို့
အသိအမှတ်ပြု ကြော်ငြာပြီးတော့မှ လူထွက်သွားတဲ့ ရဟန္တာတွေကလည်း
ရှိနေပြန်ပါတယ်။
နောက်ပြီး ရဟန္တာအမည်ခံပုဂ္ဂိုလ်ကြိးတစ်ပါးပါးကို
ပင့်ဆောင်ကာ မြို့ရွာ အနှံ့အလှူခံပြီး အဲဒီရဟန္တာကြီး ခန္ဓာဝန်ချသွားပြီးတဲ့
နောက်ပိုင်းကျရင် ယင်းပိုင် ကျန်ရစ်သော ပစ္စည်းတွေကို တပည့်ဒကာတွေက
အဝေမတဲ့လို့ တရားစွဲကြ၊ ကွဲကြ ပြဲကြနဲ့ ရှုပ်ပွေနေတာတွေ သတင်းစာမှာ တွေ့ရ ဖတ်ရပါတယ်။
ဒါကြောင့် ရဟန္တာဆိုတာ ဘာလဲ၊ ဘယ်လို ပုဂ္ဂိုလ်မျိုးကို ရဟန္တာဟု မှတ်သားကိုးကွယ်ရမှာလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ ဒကာကြီးတို့ မှတ်သားဖို့ တရားဓမ္မက္ခန် လာတဲ့အတိုင်း မည်သူ့ကိုမျှ
မကိုင်းမစောင်းဘဲ ကောင်းမွန်ဖြောင့်စင်းစွာ တင်းတင်းနဲ့ပဲ ဖြေကြားမယ်နော်။
ရဟန္တာဆိုတာ စိတ်ဓါတ်ကို ညစ်ညူးစေတတ်တဲ့ ကိလေသာအာရုံ
ကာမဂုဏ်ရမ္မက်အားလုံးကို ပယ်ပြီး ဖျက်ပြီး ရှင်းပြီး ကင်းပြီးသော
သူမြတ်တစ်မျိုးပဲ၊ ရဟန္တာဆိုတာ အဲဒါပဲလို့ မှတ်ရမယ်။
လောကမှာ
ဂရန်ပိုင်ဥက္ကဋ္ဌတို့၊ မဟာနာယကတို့၊ အဘိဓဇ မဟာရဋ္ဌဂုရု သာသနာပိုင်တို့ စတဲ့
ဘွဲ့ထူး ဂုဏ်ထူးတွေ၌လည်းကောင်း၊ ဘ၀၌လည်းကောင်း သာယာ ခင်မင် လိုချင်တပ်မက်
စွဲလမ်းဆာလောင်မှု သမုဒယတဏှာတွေ လုံးဝကင်းငြိမ်း အေးမြ နေသော
ပုဂ္ဂိုလ်မျိုးကို ရဟန္တာဟု မှတ်သားကိုး ကွယ်နိုင်တယ်။
တစ်နည်း လောကီနယ်
အရှုပ်အထွေးမှ ကင်းဝေးစွာ နေလေ့ရှိသော ပုဂ္ဂိုလ်၊ တစ်နည်း စိုးရိမ်သောက
ကိလေသာမြူ လုံးဝမရှိသောပုဂ္ဂိုလ်၊ တစ်နည်း လောကုတ္တရာနယ်တွင် အထူးခြား
အမြင့်မြတ်ဆုံး အထွတ်အထိပ် သို့ ရောက်သောပုဂ္ဂိုလ်၊ တစ်နည်း ကုသိုလ်အကုသိုလ်
ကောင်းမှု မကောင်းမှုကံတို့မှ လုံးဝပယ်စွန့် လွတ်မြောက် ကင်းငြိမ်းပြီးသော
ပုဂ္ဂိုလ်မျိုးကို ရဟန္တာဟု မှတ်သားကိုးကွယ်ရမည်။
တစ်နည်း
ထိုထိုမြို့ရွာတို့က ပစ္စည်းလေးပါး ရွှေငွေရတနာ လာဘ်လာဘတွေ အလွန်ပေါများစွာ
ရရှိမည် ကြွရောက်ပူဇော်ခံတော်မူပါဟူ၍လည်းကောင်း၊ ရှေးက အတူနေ ချစ်ခဲ့ဖူးသော
သားမယားဟောင်းက သူ၏သားသမီးများကိုပြကာ မြူဆွယ် ခေါ်ဆောင်၍ သော်လည်းကောင်း
ထိုထိုလာဘ်လာဘ သားမယားစတဲ့ ဆွဲဆောင်ပင့်ခေါ်ရာ သူတို့နောက်သို့
လိုချင်လောဘဖြင့် ကောက်ကောက်ပါ မလိုက်တော့ဘဲ မိမိနေမြဲကျောင်း နှင့် တော
တောင်ထဲ၌သာ မွေ့လျော်ပျော်ပိုက်ကျင့်
သုံးကာ နေတော်မူကြသော ပုဂ္ဂိုလ်မျိုးကို
ရဟန္တာဟု မှတ်သား ကိုးကွယ်ရမည်၊ အကျယ်သိချင်ရင် သင်္ဂါမဇိသုတ်ကို ဖတ်ပါ၊
တကယ်တော့ သိရခက်တယ် ဒကာကြီးတို့ရေ၊ ကဲ… ကျေနပ်ရဲ့လား၊ ဒါလောက်ဆို
ရိပ်မိရောပေါ့။
ဒကာ။ ။ မှန်ပါ့၊ သိရ မှတ်ရ ခက်ခက်နဲ့ပဲ
နှစ်သက်ကျေနပ်ရမှာပါ ဆရာတော်၊ သိပုံသိနည်းကလေးများကော စာပေမှာ မရှိဘူးလား
ဘုရား၊ မိန့်ကြားပါဦး။
ဆရာ။ ။ အင်း… “သံဝါသေန ဇာနိတဗ္ဗံ” တဲ့၊
ရဟန္တာဆိုသူနဲ့ အတူတူ ပေါင်းသင်း နေပြီး သူရဲ့ နေပုံထိုင်ပုံ စားပုံသောက်ပုံ
သွားပုံလာပုံ ပြောပုံဆိုပုံ အိပ်ပုံ စပြီးတော့ ပိဋကတ်တော်လာ စာပေနဲ့ညီ၊
မညီ အကဲခတ် စစ်ဆေးကြည့်ပါ၊ ရဟန္တာ အစစ်သည် ၀ိနည်းတော်သိက္ခာပုဒ်ကို
အမြဲစောင့်ထိန်းတယ်၊ လုံ၊ မလုံ စောင့်ကြည့်ပေါ့၊ ဒါပဲ၊ သိလျက်နဲ့
ဝိနည်းမလွန်ကျူးရင် ရဟန္တာအစစ်လို့ မှတ်ပုံတင် လိုက်ပေတော့။
ဒကာ။ ။ မှန်ပါ့၊ ရဟန္တာအစစ် မှတ်ပုံတင်ကို သိရလို့ ၀မ်းသာပါတယ် ဆရာတော်။
***သုတေသနသမ္မာမဂ္ဂင်္ဂပဥှာကျမ်း***
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:327933
No comments:
Post a Comment