မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Friday, May 9, 2014
“ကြီးမြတ်သူဟူသည် . . .”
“ကြီးမြတ်သူဟူသည် . . .”
••••••••••••••••••••••••
“လကုဏ္ဍကဘဒ္ဒိယမထေရ်”ဟာ ဘုရားရှင်အားဖူးမြော်ရန်
အဝေးကနေ လျှောက်လာနေ၏။ တကယ်တော့
လကုဏ္ဍကဟာ အရပ်လည်းပု၊ အဆင်းကလည်းမလှ။
သူ့ရဲ့ ကံဇာတာအားနည်းချက်ကြောင့်
လူတိုင်းရဲ့ ပြောဆိုခြင်း၊ ကျီစယ်ခြင်းကို ခံနေရတယ်။
ဘုရားရှင်ဟာ အဝေးမှလာနေတဲ့ လကုဏ္ဍကကို
မြင်တော်မူတဲ့အခါ ရဟန်းတွေကို ပြောပါတယ်။
“ရဟန်းတို့ ဟိုးမှာ အရပ်ပုပု၊ ရုပ်ဆိုးဆိုးနဲ့၊
လူတွေရဟန်းတွေရဲ့ အပြောအဆိုလှောင်ပြောင်
ကျီစယ်မူကိုခံနေရတဲ့ လကုဏ္ဍကမထေရ်လာနေတာကို
တွေ့လား? တွေ့ပါတယ်ဘုရား။
အေး အဲဒီရဟန်းဟာ တန်ခိုးအာနုဘော်ကြီးမားပေတယ်။
မ၀င်စားဖူးတဲ့ သမာပတ်ဆိုတာ မရှိဘူး။
အကျင့်မြတ်ကို ကျင့်သုံးလို့ နောက်ဆုံး အရဟတ္တဖိုလ်၏အကျိုးကို
ယခုဘ၀မှာပင် ထူးသောဥာဏ်နဲ့ မျက်မှောက်ပြုထားပြီးပြီ။”
“ရဟန်းတို့ ဟင်္သာ၊ ကြိုးကြာ၊ ဥဒေါင်း၊ ဆင်၊ ကျား၊
သမင်၊ ချေစသော အလုံးစုံသော သတ္တ၀ါတွေဟာ
ခန္ဓာကိုယ်ကွဲပြားသော်လည်း ခြင်္သေ့ကို ကြောက်ကြတယ်။
ထို့အတူပါပဲ လူတွေထဲမှာလည်း အသက်ငယ်ပင်ငယ်သော်လည်း
ပညာရှိသူသာလျှင် ကြီးမြတ်သူဖြစ်တယ်။
လူမိုက်ဟာ ခန္ဓာကိုယ် ဘယ်လောက်ပဲ ကြီးကြီး
ပညာမရှိဘူးဆိုရင် ကြီးမြတ်သူမဟုတ်ပါဘူး။” ဟု
မိန့်တော်မူလိုက်ပါတယ်။
အရမ်းမှန်ကန်တဲ့စကားတော်ပါပဲ။
ကြီးမြတ်သူဆိုတာ “သီလအခြေခံတဲ့ ပညာ” နဲ့ပဲ တိုင်းတာရတာပါ။
ပညာမရှိဘူးဆိုရင် ကိုယ်ခန္ဓာ ဘယ်လောက်ထွားထွား၊
အရပ်ဘယ်လောက်ရှည်ရှည်၊ ရုပ်ဘယ်လောက်လှလှ
အောက်ကျနေမှာပါပဲ။ အရပ်ပုလို့ စိတ်မညစ်ပါနဲ့။
ရုပ်မလှလို့ စိတ်ဓာတ်မကျပါနဲ့။
“ကိုယ်ကျင့်တရားနဲ့ အသိပညာ၊ အတက်ပညာ”
တိုးပွားအောင် ကြိုးစားပါ။ ဒါဆိုရင် လူတိုင်းလေးစားထိုက်တဲ့
ကြီးမြတ်သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။
အားလုံးပဲ “သီလ၊ ပညာ”အားဖြင့်
ကြီးမြတ်သူများ ဖြစ်နိုင်ကြပါစေ........။
-【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
Subscribe to:
Post Comments (Atom)
No comments:
Post a Comment