"တကိုယ်ကောင်းဆန်တာ အများအတွက်ပါ"
"ဘာသာတရား"
(https://www.facebook.com/photo.php?fbid=532200106896896&set=a.176383685811875.36362.100003207339735&type=1&relevant_count=1) post နှင့် ဆက်စပ်သော post
@ ........... ဘာသာကြီး(၄)မျိုးတွင်
ဗုဒ္ဓဘာသာတစ်ခုသည်သာ “မိမိမှတပါး အခြား ဖန်ဆင်းရှင် ထာဝရဘုရားမရှိ” ဟု အတိအလင်းငြင်းဆိုပြီး ကြွင်းဘာသာကြီး
(၃)မျိုးကား “အတ္တ၀ါဒ” များချည်းဖြစ်၍ “မိမိမှတပါး အခြားဖန်ဆင်းရှင် ထာဝရဘုရား သခင်ရှိ၏” ဟု လက်ခံကြပါတယ်။ ဒါလေးကို ထပ်ပြီးရှင်း ရှင်းလေးအနှစ် ချုပ်ပြီးပြောရမယ်ဆိုရင် "ယနေ့ကမ္ဘာပေါ်မှာ ဘာသာတွေ ၀ါဒတွေ ဘယ်လောက်ပဲ များနေများနေပါစေ ကိုယ့်ကိုယ်ကို အားကိုးတဲ့ဝါဒရယ်၊ သူတပါးကို အားကိုးတဲ့ဝါဒ ရယ်" ဆိုပြီး နှစ်ခုပဲဖြစ်သွားပါတယ်။
ဒီနေရာမှာ “မိမိသည်သာမိမိ၏ ဘုရားသခင်ဖန် ဆင်းရှင်” ဆိုတာလေး ကိုတော့ “အတ္တာဟိ အတ္တနော နာထော= မိမိကိုယ်သာ ကိုးကွယ်ရာ” ဆိုပြီးဟောထားတာရယ် မဟာသတိပဋ္ဌာနသုတ်တော်မှာ ဘုရားရှင်က “သတိပဋ္ဌာန်လေးပါးတရားကို ကိုယ်တိုင်ကျင့်ကြံသော ပုဂ္ဂိုလ်သာလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြောင်း” ဆိုပြီးအတိအလင်းဟောထားတာတွေ ကို ထောက်ရှုခြင်း အားဖြင့် သုံးနှုန်းထားခြင်းကို နားလည်လိမ့်မယ်လို့ ယူဆပါတယ်။
@ ဗုဒ္ဓဘာ သာမှာ ကောင်းတာလုပ်ရင် ကောင်းတာရမယ်၊ မကောင်းတာလုပ်ရင် မကောင်းတာရမယ်ဆိုတာတွေ အတိ အလင်းလာပါ တယ်။ နောက်ဆုံး ကိုယ့်ရဲ့ ကောင်းတဲ့အလုပ် မကောင်းတဲ့အလုပ်တွေကပဲ စီရင်ချက်ချမှာပါ။
တချို့ဘာသာတွေမှာတော့ ကြားဖူးထားပါတယ်။ ကိုယ်က ကောင်းတာပဲလုပ်လုပ်၊ ဆိုးတာပဲလုပ် လုပ် နောက်ဆုံးစီရင်ချက်ချပေးမယ့်သူဟာ ရှိနေပါတယ်။
@ မိမိသည်သာပဓာနဖြစ်ကြောင်းကို ဖြစ်စဉ်လေးတစ်ခုနဲ့တင်ပြချင်ပါတယ်။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးဆဲဆဲအချိန်မှာ ဘုရားရှင်အနီးအပါးကို အရပ်ရပ်က ရောက် လာကြတဲ့သာဝကတွေရှိကြပါတယ်။ တခြားသာဝကတွေက ဘုရားသခင် ကိုယ်တော်မြတ်ကြီး အနားထိုင်ပြီး မျက်ရည်လည်ရွဲ စိုရွှဲနေတဲ့ မျက်နှာနဲ့ မိမိတို့ရဲ့ ဆရာသခင် ကျေးဇူးရှင်ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်ပြုတော့မှာကို မျှော်မှန်းပြီး ၀မ်းနည်းကြေကွဲနေကြရှာ ပါတယ်။
ဒီအချိန်မှာ “အတ္တဒတ္တ”လို့ခေါ်တဲ့ ရဟန်းတစ်ပါး ကတော့ ပရိသတ်နဲ့လွတ်ရာ သူ့ရဲ့အိပ်ယာ တိုက်ခန်းဆီသွားပြီး ၀ိပဿနာကမ္မဋ္ဌာန်း တရားကို အားထုတ်နေပါတယ်။ ဒါကို တခြားရဟန်းတော်တွေက သိတဲ့အခါ ဒီရဟန်း ဟာ မြတ်ဗုဒ္ဓရဲ့ အကျိုးကို ဂရုမစိုက်ဘူးဆိုပြီး မကျေမနပ်ဖြစ်ကြပါတယ်။
ဒီကိစ္စကို ဘုရားရှင်ကို သွားပြီးလျှောက်ထားကြပါတယ်။ ဒီအခါ “အတ္တဒတ္တ”
ရဟန်းက ပြန်လည်လျှောက်ထားတဲ့ အခါမှာ “မြတ်စွာဘုရားသည် မကြာမီမှာပင် ပရိနိဗ္ဗာန်ပြုတော့မည်။ ငါသည် ဘုရားရှင် ပရိနိဗ္ဗာန်မပြုမီ သက်တော်ထင်ရှားရှိ စဉ်ကာလမှာပဲ အရဟတ္တမဂ်ဖိုလ်သို့ရောက်အောင် ကျင့်ကြံပွားများအားထုတ် ၍ နေခြင်း သည်သာ ဘုရားရှင်ကို ဂုဏ်ပြုရာရောက်သည်ဟု ထင်ကြောင်း” လျှောက် ထားပါတယ်။
ဒီစကားကို ကြားရ တဲ့အခါ မြတ်စွာဘုရားက ဒီရဟန်းရဲ့သဘောထားနဲ့ အပြုအမူကို လွန်စွာ နှစ်သက်တော်မူပါတယ်။ ပြီးတော့ ဘုရားရှင်က “သူတစ်ပါး အကျိုးအတွက် မိမိရဲ့အကျိုးဖြစ်တဲ့ အရဟတ္တမဂ်ဖိုလ်ရောက်အောင် အားထုတ်ခြင်း ကို မစွန့်လွှတ်သင့်ဘူး”လို့ မိန့်မှာတော်မူပါတယ်။
@ ဒီဝတ္ထုအဖြစ်အပျက်မှာ သရုပ်ဖော်တင်ပြထားတာဟာ ဗုဒ္ဓဘာသာရဲ့ အရေးပါလှ တဲ့ အချက်ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အစဉ်သဖြင့် ကိုယ့်ရဲ့ဘ၀ဆင်းရဲ လွတ်မြောက်ကြောင်းကိုသာ မမေ့မလျော့ လုပ်ဆောင်နေရမှာဖြစ်ပါတယ်။ ပြီးတော့ "သံသရာဝဋ်ဆင်းရဲ လွတ်မြောက်ကြောင်း ကိစ္စဟာလည်း သူများ ကို အားကိုးလုပ်လို့ မရပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင် ဆောင်ရွက်ရတဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ သူ့အနေနဲ့ အပြင်ပက ဘယ်တန်ခိုးတော်ရှင်ရဲ့ အမအစနဲ့ နိဗ္ဗာန်ရောက်ရေး ကိုလည်းမျှော်ကိုးလို့ မရဘူး"ဆို တာပဲဖြစ်ပါတယ်။
@ တချို့ ဗုဒ္ဓဘာသာရဲ့သဘောကို နားမလည်တဲ့ လူတွေကတော့ ဗုဒ္ဓဘာသာ ကို ဝေဖန်ပြီး ဗုဒ္ဓဘာသာဟာ တစ်ကိုယ်ကောင်းဝါဒ ဖြစ်တယ်။ ဒီဘာသာက မိမိရဲ့ ဆင်းရဲလွတ်မြောက်ရေး ကိစ္စကိုပဲ ရှေ့တန်းတင်ပြီး အရေးတယူ ပြောဆိုလေ့ရှိတယ် ဆိုပြီး ဝေဖန်တတ်တာတွေ တွေ့ဖူးကြားဖူးကြမှာပါ။
အဲဒီလို ဝေဖန်တာဟာလုံးဝမမှန်ပါ ဘူးလို့ပဲ ပြောပါရစေ။ ဘာဖြစ်လို့လဲ။ ဗုဒ္ဓဘုရားရှင်က ရှင်းရှင်းပဲ ဟောထားတာက
"လူဟာ လူသားတိုင်းရဲ့ စိတ်ပိုင်းနဲ့ရုပ်ပိုင်း သက်သာချောင်ချိရေးကို မရပ်မနား ဆောင်ရွက်ရမယ်လို့ ဟောထား ပါတယ်။
ဒီလိုဆောင်ရွက်ရင်းပဲ သတိပဋ္ဌာန်တရားကို ကျင့်ကြံပွားများပြီးသကာလ မိမိရဲ့ ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို မရောက်ရောက်အောင် အားထုတ်သွားကြရမယ်" ဆိုတာကို လည်း ဟောတော်မူ တာပါ။
@ ဗုဒ္ဓဘုရားရှင်ဟာ ကိုယ်ကျိုးမဖက်တဲ့ အများအကျိုးပြု လုပ်ငန်းတွေကို အထူးထောက်ခံ အားပေးတော်မူပါတယ်။
ပြီးတော့ ဗုဒ္ဓဘာသာကိုနားမလည် သူများ မေးနိုင်သေးတာ တစ်ခုက “ကံကောင်း အကြောင်းလှသူတွေ အတွက်တော့ နိဗ္ဗာန်ရောက်အောင် စိတ်ရော ကိုယ်ပါ အပြည့်အ၀ လုပ်နိုင်တာပေါ့။ ဒါပေမယ့် စိတ်ပိုင်းအရရော ရုပ်ပိုင်းအရရော ပစ္စည်းဥစ္စာအရရော ချို့တဲ့တဲ့လူတွေအ တွက်ကျတော့ ဘယ်လိုလုပ်မလဲ” တဲ့။ “ဒီလိုကိုယ်တိုင်မစွမ်းနိုင်သူတွေအတွက် အပြင်အပက ကူညီမစဖို့ မလိုဘူးလား”တဲ့။ “လူမစွမ်း နတ် မ မှဖြစ်တာမ ဟုတ်လား”တဲ့။ မေးကြတာတွေရှိပါတယ်။
ဒီမေးခွန်းကို အဖြေပေးရရင် ဗုဒ္ဓဘာသာ ၀င်တွေရဲ့ အသိစိတ်ထဲမှာ ဒုက္ခခပ်သိမ်း ငြိမ်းရာ နိဗ္ဗာန်ကို ဒီတစ်ဘထဲမှာပဲ ရရမယ်လို့ သဘောထားမျိုးမရှိကြပါဘူး။ ဒါက ဘ၀ဆက်ကာ ဆောင်ရွက်ရတဲ့လုပ်ငန်း မျိုး၊ ဖြစ်စဉ်မျိုးလည်းဖြစ်ပါတယ်။
အတိတ်ကံ နည်းသူ ခေသူတွေဟာ တစ်ဘ၀ထက် တစ်ဘ၀မိမိရဲ့ ကိုယ်စွမ်းဥာဏ်စွမ်းတိုးတက်ဖြစ်ထွန်း ထက်မြက်လာအောင် ကြိုးပမ်းသွားလို့ ရပါတယ်။ ဘယ်လောက်အထိ ဖွင့်ပေးထားသလဲဆိုရင် နောက်ဆုံး ဘုရားရှင်ဘ၀ကိုတောင် ရယူနိုင်တဲ့ အဆင့်အထိကို ရှိပါတယ်။ ဒါကြောင့် စိတ်ပိုင်း ချွတ်ယွင်းနေသူတွေတောင် သေးတာငယ်တာ ပဓာနမထားတော့ဘဲ မိမိရဲ့ ဆင်းရဲခပ် သိမ်းချုပ်ဖို့ ကိစ္စကို တဖြည်းဖြည်းစတင်ဆောင်ရွက်သွားရင် ဖြစ်ပါတယ်။ အရေးကြီးတာက စတင် လုပ်ဆောာင်မိဖို့ပဲဖြစ်ပါတယ်။
@ သံသရာစက်တွေ လည်တာနဲ့ လူပုဂ္ဂိုလ်တစ်ယောက်ဟာ ကိုယ့်ကိုယ်ကို အားကိုးပြီး ဘ၀လွတ်မြောက်မှုကို ရှာဖွေမယ်ဆိုတဲ့ စိတ်ကိုမွေးပြီး တဖြည်းဖြည်း တိုးတက်လာအောင်စတင်ဆောင်ရွက်နိုင်ပါတယ်။ သေးငယ်တဲ့
ညောင်စေ့ကလေးကလည်း တစ်နေ့ကျတော့ အင်မတန်ကြီးမား တဲ့ ညောင်ပင်ကြီး အဖြစ်ကြီး ထွားပေါ်ပေါက်လာနိုင်တာပါပဲ။ ဒါပေမယ့် ဒီလိုဖြစ်အောင် နေ့ချင်းညချင်းတော့ လုပ်လို့တော့ မဖြစ်နိုင်ပါဘူး။
ဒီလိုခက်ခက်ခဲခဲ ဆောင်ရွက်ရတဲ့အလုပ်မှာ သည်းခံတဲ့ စိတ် (ခန္တီ)တော့ ရှိထားဖို့လိုအပ်ပါတယ်။ ဥပမာဆိုကြပါစို့ဆိုရင် မိဘတွေဟာ ကိုယ့်သားသမီးတွေကို သူတို့မျှော်လင့်သလိုဖြစ် လာအောင် နှစ်ပေါင်းလပေါင်း များစွာ ပြုစုပျိုးထောင်ယူကြရတာ လူတိုင်းမှာ အတွေ့အကြုံရှိကြပါတယ်။ ဒါတောင်မှ ဒီကလေးတွေ ကြီးပြင်းလာတဲ့အခါကျတော့ သူတို့ဖြစ်ချင်သလိုဖြစ်သွားကြတာပဲဟာ။ မိဘတွေ ဖြစ်ချင်သလို ဖြစ်လာကြတာက ရှားပါးပါတယ်။
@ ဗုဒ္ဓဘာသာမှာ ကျနော်တို့ယုံကြည်ကြတာက တခြားလူတွေက လူ တစ်ယောက် အပေါ်မှာ သြဇာလွှမ်းမိုးနိုင် တယ်ဆိုပေမယ့် နောက်ဆုံးတော့ ဒီလူဟာ သူ့ကံကြမ္မာ သူဖန်တီးရတာပါ။ သူပြုတဲ့ ကံ ကံရဲ့အကျိုးအတွက် သူ့မှာပဲ တာဝန်ရှိတယ် ဆိုတာကို ယုံကြည်ထားကြပါတယ်။
"လူတစ်ယောက်ဟာ နောက်ဆုံးပိတ် ဘ၀ လွတ်မြောက်ရေး အမှန် နိဗ္ဗာန်ကို အားထုတ်ရာမှာ ဘယ်လူ တစ်ယောက်၊ ဘယ်နတ် တစ်ပါးကမှ စိုးမိုးထိန်း ချုပ်ပြီး လမ်းညွှန်နိုင်တာမျိုးလည်း မရှိပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကိုသာ အားကိုးရာ ရှိတယ်ဆိုတဲ့ သဘောရဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။" ဒါဟာ ဗုဒ္ဓဘာသာ က လူတစ်ယောက်ကို တစ်ကိုယ်ကောင်းဆန်ရမယ်လို့ သင်ကြား တဲ့ အဓိပ္ပာယ်မရပါဘူး။
@ "ဗုဒ္ဓဘာသာမှာ လူတစ်ယောက်ဟာ သူ့ကိုယ်သူ နိဗ္ဗာန် ရအောင် ရောက်အောင် အားထုတ်တဲ့အခါ သူ့အနေနဲ့ သူ့အသက်ကို သတ်ဖြတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ မုသားပြောဆိုခြင်း၊ သူတပါးအိမ်ရာကို ကျူးလွန်ခြင်း၊ ကိုယ့်စိတ်ကို အထိန်းအကွပ်မဲ့စေတဲ့ မူးယစ်သောက်စားခြင်းတွေ ကို ဝေးစွာရှောင်ကြဉ်ဖို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ ချထားရပါတယ်။
သူ့ကိုယ်သူ ထိန်းသိမ်းစောင့်ရှောက်ခြင်း အားဖြင့် သူဟာ တခြားသူများရဲ့ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ရေးကို အကျိုးပြုရာရောက်ပါတယ်။"
ဒါဆိုရင် သူတို့ပြောပြောနေတဲ့ “တစ်ကိုယ်ကောင်း လုပ်ခြင်း” ဟာ တခြားလူတွေရဲ့ဘ၀သာယာချမ်းမြေ့ရေး အတွက် ကောင်းတဲ့ အလုပ်ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ပြောလို့ရပါတယ်ပေါ့။
@ ဒီလောက်ဆိုရင် ဘယ်သူတွေက ဘယ်ဝါဒကို ကိုးကွယ်ပြီး ဘယ်သူတွေက ဘယ်ဝါဒကို ကိုးကွယ်တယ်ဆိုတာကို ခွဲခြားနိုင်လောက်မယ် ထင်ပါတယ်။
နောက်ပြီး ဘယ်သူက ကိုယ့်ဘ၀ရဲ့ ဖန်တီးရှင် ဥယျာဉ်မှုးဆိုတာကိုလည်းသဘောပေါက်လောက် ပါပြီ။ ထို့ကြောင့် ဗုဒ္ဓဘာသာသာဟာ တကိုယ်ကောင်း ဆန်သော ၀ါဒ မဟုတ်ကြောင်း တင်ပြရင်း… ကိုယ့်အားကို ကိုးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
(ဓမ္မလွင်ပြင်ဆိုဒ် မှ ဆရာတော်)
credit to ...... ဓမ္မလွင်ပြင်

No comments:
Post a Comment