/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Wednesday, January 22, 2014

"လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး "




 ဘ၀အမှီကောင်း
 လောကမှာ အမှီအခိုဆိုတာ ရှိရတယ်။ တပည့်ဟာ ဆရာကို မှီခိုနေရတယ်။ သားသမီးများဟာ မိဘများကို မှီခိုနေရတယ်။
ဒီအတိုင်းပဲ သံသရာသွားတဲ့အခါ တရားအမှီအခိုရှိမှ ကောင်းတယ်။ ဘ၀အမှီကောင်း ရှာရတယ်။

သူတော်ကောင်းတွေကို မမှီခိုရလို့

မိမိကိုယ်ကိုယ် ကောင်းကောင်းထားဖို့ရန် သူတော်ကောင်းကို မှီခိုဖို့ သိပ်လိုတယ်။ သူတော်ကောင်းဆိုတဲ့ မိကောင်း ဘကောင်း သားသမီးဖြစ်ဖို့ရန် နည်းနည်းလိုတာ မဟုတ်ဘူး။ များစွာကို လိုတယ်။

ခုကောင်းလိုက်ကြပါစို့ကွယ်

ရှေးက ကောင်းလို့ ခုကောင်းပါတယ်၊
အခုကောင်း နောင် ကောင်းပါလိမ့်မယ်
ရှေးက ဆိုးလို့ ခုဆိုးပါတယ်။
အခုဆိုး နောင် ဆိုးပါလိမ့်မယ်
နောင်ကို ကောင်းဖို့ ခု ကောင်းလိုက်ကြပါစို့ကွယ်။

ပါးစပ်က ဘုရား ဘုရား လက်က ကားရား ကားရား

ဆုတောင်းလို့ရတာ ရှိတယ်၊ မရတာ ရှိတယ်။ ဆုတောင်းလို့ ရတယ်ဆိုတာ ဥပမာ "မိမိက သမ္မာသမ္ဗောဓိ ဆုတောင်းထားရင် အဲဒီဆုနဲ့ လျော်ကန်တဲ့အလုပ်တွေကို လုပ်ရလိမ့်မယ်။ ဒီလိုလုပ်မှလည်း တောင်းတဲ့ဆုအတိုင်း ရမယ်။

ဆုတော့ တောင်းပါရဲ့၊ ဆုတောင်းပြီး အပါယ်ရောက်ကြောင်းဖြစ်တဲ့ အကုသိုလ်ဒုစရိုက်တွေ လျှောက်လုပ်နေရင် မရနိုင်ဘူး။ "ပါးစပ်က ဘုရား ဘုရား၊ လက်က ကားရား ကားရား" ဆိုတာမျိုးလို မဖြစ်ကြစေနဲ့။
နိဗ္ဗာန်ရောက်ရာ ရောက်ကြောင်းဖြစ်တဲ့ ကုသိုလ်ပါရမီတွေကို ဖြည့်ကျင့်ကြ၊ ဆည်းပူးကြ၊ အားထုတ်ကြ။


ချစ်တတ်ကြရမယ်

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် ချစ်တတ်ကြရမယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တယ်ဆိုတာ လူဆိုလည်း မိမိတို့သီလကို လုံခြုံအောင် စောင့်ထိန်းကြရတယ်။
ဘုန်းကြီးရဟန်း သာမဏေတွေဆိုလည်း မိမိသီလကို လုံခြုံအောင် စောင့်ထိန်းကြရတယ်။ 

ဘ၀နာတရားကိုလည်း လက်မလွှတ်ရဘူး။
ကိုယ့်ကိုယ်ကိုယ် ချစ်ရင် ချစ်တတ်အောင် နေတတ်ကြရတယ်။ ကိုယ့်ကိုယ်ကိုယ် မချစ်တတ်ရင် သံသရာ နစ်ကြရဦးမှာ သေချာနေတာပဲ။

ပြိုင်ဆိုင်နေတာကတော့ မကောင်းဘူး

လူတွေက ရိပ်သာသွား တရားအားထုတ်ကြ၊ ဘုန်းကြီးက မသွားရဘူးလို့ မဆိုပါဘူး။ သွားရပါတယ်။ သွားပြီးတော့ စကားများနေတာကတော့ မကောင်းဘူး။ တကယ်တရားကို မိမိရရ အားထုတ်မှ ကောင်းတယ်။

ခုတော့ တချို့နေရာတွေမှာ ကြားနေရာတာက တယ်မကောင်းလှဘူး။ ဘုန်းကြီးက အပြစ်ပြောတာ မဟုတ်ပါဘူး။
တရားအားထုတ်တယ်ဆိုတာ လောဘ ဒေါသ နည်းအောင်လို့ အားထုတ်တာ၊ နည်းမှလည်း ကောင်းတယ်။ တစ်ဦးနဲ့တစ်ဦး ပြိုင်ဆိုင်နေတာကတော့ မကောင်းဘူး။

ရှောင်တိမ်းမနေချင်နဲ့

"ငါ သေရဦးမယ်၊ တစ်နေ့ သေရမယ်" ဆိုတာ အမြဲ သတိရှိကြ။ "မသေပါဘူး" လို့များ တွေးမထားနဲ့။ မလွတ်နိုင်တဲ့လမ်းကို ရှောင်တိမ်းမနေချင်နဲ့၊ ရှောင်တိမ်းနေလို့လည်း မလွတ်နိုင်ပါဘူး။

အဆောက်အအုံကောင်းဖို့ထက်

သာသနာပြုပုဂ္ဂိုလ်ဆိုတာကို ပိုက်ဆံနဲ့ ၀ယ်ယူလို့ ရတာမဟုတ်ဘူး။ ကျောင်းကိုမီးလောင်သွားရင် ပြန်ဆောက်လို့ရတယ်။
သာသနာ့ဝန်ဆောင် ပုဂ္ဂိုလ်တစ်ပါး လျော့သွားလျှင် အစားထိုးဖို့ မလွယ်ဘူး။ အဲဒီလို အဆောက်အအုံကောင်းဖို့ထက် ပုဂ္ဂိုလ်ကောင်းဖို့ ပိုပြီးလိုအပ်တယ်။

လူတွေကို အကျိုးပြုပေးနိုင်မှ

သာသနာတော်ကို သူဌေးသူကြွယ်များက ကြည်ညိုရုံနဲ့ အရာမထင်နိုင်သေးဘူး။ တိုင်းသူပြည်သားက ကြည်ညိုမှ ထွန်းထွန်းပေါက်ပေါက် အရာထင်နိုင်ပါတယ်။ "အရာထင်တယ်" ဆိုတာကလည်း ဘုန်းကြီးတွေ အရာရောက်မှသာ အရာထင်နိုင်တာပဲ။ 

"အရာရောက်အောင်" ဆိုတာကလည်း လူတွေကို အကျိုးပြုပေးနိုင်မှ ရောက်မှာပဲ။
"အကျိုးပြုပေးမယ်" ဆိုတာ ၀ိနည်းတော်နဲ့ မထိခိုက်စေဘဲ ပညာသင်ပေးတာတို့၊ ယဉ်ကျေးမှုအတွက် ရှေ့ဆောင်လုပ်ပေးတာတို့၊ အသိဉာဏ်ဖွင့်ပေးတာတို့ကို ဆိုလိုတာပါ။ 


မျက်နှာလို မျက်နှာရ အောက်ကျနောက်ကျ လုပ်ရမယ်လို့ မဆိုလိုပါဘူး။နိုင်ငံအုပ်ချုပ်တဲ့ သူများကလည်း တိုင်းရေးပြည်ရေးကို မျက်ခြည်မပြတ်ရသလို သာသနာရေးကိုလည်း လွှတ်မထားရဘူး။ နှစ်ဖက်စလုံး ညီမျှမှ တိုးတက်နိုင်ပါတယ်။

လူတိုင်း ချစ်ခင်ကြတာပေါ့

ပန်းကလေးတစ်ပွင့်မှာ အဆင်းလ
ည်း လှမယ်၊ အနံ့ကလေးကလည်း သင်းမယ်ဆိုရင် လူတိုင်း နှစ်သက်ကြသလိုပေါ့။ လူတစ်ယောက်မှာလည်း ရုပ်လည်းချောမယ်၊ သဘောလည်း ကောင်းမယ်ဆိုရင် လူတိုင်း ချစ်ခင်ကြတာပေါ့။ သဘောထားပုပ်ပြီဆိုရင်တော့ အနံ့မသင်းတဲ့ပန်းလို လူတကာ အော့ကြောလန်ပြီ။

ရိုးသားတဲ့ စိတ်ဓာတ်

ဣနြေ္ဒရတာ၊ သိက္ခာရှိတာဟာ အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် အတွင်းက ရိုးသားတဲ့စိတ်ဓာတ်ကတော့လည်း ရှိရမယ်နော်။

ကိုယ့်ဟာကိုယ်တော့ မလှည့်စားနဲ့

လောကမှာ မကောင်းမှု ပြုသူအတွက် ဆိတ်ကွယ်ရာအရပ် မရှိဘူးတဲ့။ ငါ မကောင်းတာ လုပ်နေတာ ဘယ်သူမျှ မသိဘူးလို့ မထင်လိုက်ပါနဲ့။ သူလို ကိုယ်လိုလူက မသိပေမယ့် နတ်တွေက သိတယ်၊ မြင်တယ်၊ နောက်ဆုံး ဘယ်သူမျှ မသိဘူးဆိုတာတောင်မှ ကိုယ့်ဟာကိုယ်တော့ မလှည့်စားနဲ့၊ လောကကြီးကိုလည်း မလှည့်စားကြနဲ့။
 

၁။ လူကြည်ညိုနိုင်အောင် နေတတ် ထိုင်တတ် ပြောတတ် ဆိုတတ်ကြပါစေ။
 

၂။ နတ် ကြည်ညိုနိုင်အောင် နေတတ် ထိုင်တတ် ပြောတတ်ကြပါစေ။
 

၃။ ကိုယ့်ကိုယ်ကိုယ်လည်း ကြည်ညိုနိုင်အောင် နေတတ် ထိုင်တတ် ပြောတတ်ကြပါစေ။

နာမ်ပိုင်းဆိုင်ရာ တိုးတက်မှုမပါရင်

ယခု ကမ္ဘာကြီးမှာ တိုးတက်နေတယ်ဆိုတော့ အများက သဘောကျသလိုလိုပါပဲ။ တိုးတက်တယ်ဆိုပေမယ့် အ၀တ်အစား အနေအထိုင် အသုံးအဆောင်တွေဘက်မှာသာ တိုးတက်နေတာပါ။ သူတော်ကောင်းတရားဘက်ကျတော့ မတိုးတက်ပါဘူး။
ဒီတိုးတက်မှုတွေက ကြာရှည်လည်း မခံပါဘူး။ 

 ယခုလို ရုပ်ဝတ္ထုတစ်ဖက်တည်း တိုးတက်နေပြီးတော့ အကျင့်စာရိတ္တဆိတဲု့ နာမ်ပိုင်းဆိုင်ရာ တိုးတက်မှုမပါရင် ဘယ်လောက် ချမ်းသာချမ်းသာ စိတ်ရဲ့ ငြိမ်းချမ်းမှု ဆိုတာကတော့ မရနိုင်ပါဘူး။

ဒလဟော ဆင်းလာနိုင်

ရှေးကံဆိုတာ ဘယ်လိုမှန်း မသိနိုင်ဘူး။ ရှေးကံပါလျက်သားနဲ့ ယခုပစ္စုပ္ပန်ကံတွေနဲ့ ပင့်မပေးနိုင်ဘူးဆိုရင်လည်း အလကားပဲ။ အကျိုးဖြစ်ထွန်း မလာနိုင်ဘူး။

ရှေးကံကိုချည်း အားကိုးနေလို့ မရဘူး။ ယခုဘ၀ ပစ္စုပ္ပန်ကံတွေနဲ့ ရေလာမြောင်းပေး လုပ်ထားမှ ရှေးကံတွေ အကျိုးပေးဖို့ ဒလဟော ဆင်းလာနိုင်တာပဲ။

ပျာယာခတ်နေကြတာ

ရှေးခေတ်က ဘိုးတွေ ဘွားတွေ ဒီလောက် ပစ္စည်းဥစ္စာ မချမ်းသာကြပေမယ့် စိတ်ကျတော့ ချမ်းသာကြတယ်။ ဘာလို့လဲဆိုတော့ အ၀တ်အစား အနေအထိုင်တွေ မှန်မှန်လောက်ပဲ၊ သာမန်လောက်နဲ့ ကျေနပ်နိုင်ကြတယ်။ 

ဒီတော့ မေတ္တာတရားတွေ ထားနိုင်ကြတယ်။ စာရိတ္တတွေလည်း ပြည့်စုံနိုင်ကြတယ်။
အဲဒီအတွက် စိတ်ချမ်းသာနိုင်ကြတာ။ယခုလူတွေမှာ အဲဒီအခြေအနေမျိုး မရှိကြတော့ဘူး။ အပြင်ပုံပန်းက ပျာယာခတ်နေကြတာပဲ။ ရှေးခေတ်က ကိုယ့်သားသမီး ဘယ်သွားသွား စိတ်ချရတယ်။

နောင်တဆိုတာ နောက်မှရတတ်တယ်


လူ့ဘ၀ဟာ ခဏတာလေးပါ။ ဒီအတွင်းမှာ လူတွေဟာ အပင်ပန်းခံပြီး ပညာတွေ သင်ကြရ၊ ပစ္စည်းဥစ္စာတွေ ရှာကြရ၊ ၀တ်ကြ စားကြ၊ ကြွားကြ မော်ကြနဲ့၊ တစ်ဘ၀ ပြီးသွားပြန်ရော။ 
တဏှာအလိုကို လိုက်ပြီးတော့ တဏှာခိုင်းတိုင်း လိုက်လုပ်နေကြရတာ။ ၀တယ်လို့လည်း မရှိ၊ ကျေနပ်အားရပြီလို့လည်း မရှိ။ဒီလိုနဲ့ တစ်ဘ၀ဇာတ်သိမ်း သေသွားကြပြန်ရော။
ငယ်ငယ်ကစပြီး ကောင်းကောင်းနေကြပါ။ 


"ကြီးခါမှ ကောင်းကောင်းနေမယ်" လို့ မလုပ်ကြပါနဲ့။ နောင်တဆိုတာ နောက်မှ ရတတ်တယ်။
ငယ်ငယ်တုန်းက မဟုတ်တာတွေ လုပ်ထားမိရင် ကြီးခါကျတော့ နောင်တတွေ ရကုန်ရော။ "၀ိပ္ပဋိသာရ" လို့ ခေါ်တဲ့ နှလုံးမသာယာမှုတွေ ဖြစ်ကုန်ရော။ ဒါကြောင့် ကောင်းကောင်းနေကြ။

လမ်းလေးခွအဆုံမှာရှိတဲ့ ဇရပ်အို
မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်၊ ကိုယ်နီးစပ်ရာနဲ့ မကင်းရာမကင်းကြောင်းတွေ စုနေရအောင် လုပ်တာလည်း ကံပဲ။ ကွဲကွာသွားအောင် လုပ်တာလည်း ကံပဲ။ ဇရာ၊ ဗျာဓိ၊ မရဏ လက်ချက်ကြောင့် ခွဲခွာကြရပြီဆိုတော့ မသေခင်က ကိုယ်စုဆောင်းထားခဲ့တဲ့ ကုသိုလ်ထုပ်၊ အကုသိုလ်ထုပ်ကလေးတွေကို ဆွဲဆင်းကြရတော့တာပဲ။

ဒီအသိုက်အ၀န်းတွေကို စုပေးလိုက်တာလည်း ကံပဲ။ ခွဲပေးလိုက်တာလည်း ကံပဲ။ ဒီကံတွေ အဖော်လုပ်ပြီးတော့ သံသရာလမ်းကို လျှောက်သွားနေကြရတာ။ ယခု တွေ့နေကြတာလည်း လမ်းလေးခွအဆုံမှာရှိတဲ့ ဇရပ်အို ဇရပ်ပျက်ကြီးပေါ်မှာ လာပြီး ခရီးသွားတွေ ဆုံကြသလို ကြုံကြသလိုဟာပဲ။

ရေလယ်ကြောမှာ လှေငယ်နဲ့မျော

ကိုယ့်ဘ၀မှာ မျှော်လင့်ချက်ဆိုတာ ထားရတယ်။ မျှော်လင့်ချက် မရှိဘဲနဲ့ သွားနေတဲ့သူကတော့ လူအ လူနပဲ။ ရည်ရွယ်ချက်မရှိဘဲနဲ့ ရေလယ်ကြောမှာ လှေငယ်နဲ့ မျောနေတဲ့သူနဲ့ တူတယ်။

သူ့ဘ၀မှာ ဘာမျှလည်း ထူးထူးခြားခြား ဖြစ်လာမှ မဟုတ်ဘူး။ ဘာအောင်မြင်မှုမှလည်း ပေါ်လာမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မျှော်လင့်ချက်မှ မရှိဘဲကိုး။ ဦးတည်ချက်မှ မထားဘဲကိုး။

တစ်ဆင့်တစ်ဆင့် မြင့်အောင်ကျင့်

လူတော်လူကောင်းတွေ ဖြစ်လာအောင် အဆင့်အတန်းတွေ မြင့်လာအောင် လေ့ကျင့်ယူကြရပါတယ်။ တစ်ခါတည်း ကောင်းပြီးသား လာတာကတော့ နည်းပါလိမ့်မယ်။ ပါရမီရှင်များမှ ဖြစ်နိုင်မှာပါ။

ဒါကြောင့် အဆင့်မြင့်အောင် ကျင့်ယူကြပါလို့ ဘုန်းကြီးက ပြောချင်တယ်။ ဒါကို ၀န်မလေးကြပါနဲ့။ ဘုရားလောင်းတို့လည်း ဒီလိုပဲ တစ်ဆင့်တစ်ဆင့် မြင့်အောင် ကျင့်ယူကြရတာပဲ။

ထုံးစံမရှိဘူး

လူတစ်ယောက်မှာ အဘက်ဘက်က ပြည့်စုံပြီးသား ပါဖို့ဆိုတာ မလွယ်ဘူး။ ဒီတော့ ပြုပြင်ပေးကြ၊ ဖြည့်စွက်ပေးကြ၊ ဒီလို သိတတ်တဲ့ဘ၀က ပြုပြင်ဖြည့်စွက်ပေးမှလည်း တဖြည်းဖြည်း တက်လာမှာပေါ့။
မပြုပြင်ဘဲ နေလို့ရှိရင် ပြန်ကျသွားမှာပေါ့။ အလိုလို တက်လာရိုးထုံးစံ မရှိဘူး။

လဲလှယ်သွင်းရမယ်

"ပြုပြင်တယ်" ဆိုတာ အစစအရာရာ ပြုပြင်ကြရမှာ၊ အများအားဖြင့် ရုပ်ကိုသာ ပြုပြင်တတ်ကြတယ်။ စိတ်ကိုလည်း ပြုပြင်ပေးကြရမှာပဲ။ နိမ့်ကျနေတဲ့စိတ်၊ သိမ်ငယ်နေတဲ့စိတ်တွေကို မြင့်လာအောင်၊ ခံ့ညားလာအောင် ပြုပြင်ပေးကြရမယ်။

မနာလို ၀န်တိုဆိုတဲ့ ဣသာမိစ္ဆရိယစိတ်တွေ၊ လောဘ ဒေါသ မာန်မာနဆိုတဲ့စိတ်တွေဟာ အောက်တန်းကျတဲ့စိတ်တွေပဲ။ 
 အောက်တန်းစားတွေရဲ့ သန္တာန်မှာ ဖြစ်တတ်ကြတာပဲ။ ဒါတွေကို ဖယ်ရှားပစ်၊ ကောင်းတဲ့စိတ်တွေ လဲလှယ်သွင်းရမယ်။

မခွဲခြားနိုင်တော့


တချို့လူတွေမှာ တော်ကြပါတယ်။ ဉာဏ်ရည်ဉာဏ်စ အင်မတန် ထက်မြက်ကြပါတယ်။ ဒါပေမယ့် သူတို့သန္တာန်မှာ ဘုရားရဲ့ တရားတော်က မကိန်းကြတော့ ဒါကိုလုပ်ရင် ကုသိုလ်ပွားမယ်၊ ဒါကိုလုပ်ရင် အကုသိုလ်များမယ်ဆိုတာကို မခွဲခြားနိုင်တော့ အပြစ်တွေ များကုန်တော့တာပေါ့။

ဘုရားရဲ့ ကျေးဇူးတွေ

တချို့နိုင်ငံတွေမှာ သတ်ဖို့ ဖြတ်ဖို့၊ တိုက်ဖို့ ခိုက်ဖို့ လက်နက်တွေ လုပ်ကြ၊ ပြင်ဆင်ကြ၊ တီထွင်ကြ၊ ဣသာမစ္ဆရိယတွေ များကြနဲ့။ အကုသိုလ်တွေ ပွားလှပါတယ်။ ဒါဟာ ဘုရားအဆုံးအမတွေ မရောက်တဲ့ နိုင်ငံ၊ ဘုရားမပွင့်တဲ့ နိုင်ငံတွေပေါ့။

ဘုန်းကြီးတို့တစ်တွေကတော့ တော်ပါသေးရဲ့၊ ဘုရား တရားတော်တွေနဲ့ တွေ့ကြရလို့ ဘုရားပွင့်တဲ့ နိုင်ငံမှာ နေကြရလို့ မျှတတဲ့စိတ်ဓာတ်တွေ ကိန်းရတယ်။သူတော်ကောင်းတွေ ဖြစ်ကြရတယ်။ ပါရမီတွေ ဖြည့်စွမ်းနိုင်ခွင့် ရကြတယ်။
ဒါ ဘုရားရဲ့ ကျေးဇူးတွေပေါ့။


ကံ ဉာဏ် အသံ

လူချင်းတူပေမယ့် အတွင်းစိတ်ဓာတ်ချင်း မတူတာတွေရှိတယ်။ ဒါကြောင့် အကျိုးပေးပြီဆိုတော့လည်း အတွင်းစိတ်ဓာတ်အရ ကွာခြားသွားကြတော့တာပဲ။ ဒါကို ပြောတာ၊ (ကံ ဉာဏ် အသံ) ကို ပြိုင်လို့ မရဘူးဆိုတာ။

အဲဒါတွေကြောင့် ငါးပါးသီလ၊ ဒုစရိုက် ၁၀ ပါး၊ အာဇီဝ ပါရိသုဒ္ဓိ သီလတို့ကို ထိန်းပေးရပါမယ်။ အိမ်ထောင်မရှိတဲ့ဆိုရင် (ကာမေသုမစ္ဆာစာရ) သိက္ခာပုဒ်အစား (အဗြဟ္မစရိယ) သိက္ခာပုဒ်ကို ထိန်းထားနိုင်ပါတယ်။

ရေထုတ်မြောင်းက ထုတ်ပစ်ခြင်း

ဘုရားကိုယ်တော်မြတ်ကြီးကတော့ လောကရော သံသရာပါ နှစ်ဖြာစလုံး ကြီးပွားဖို့ ဟောကြားထားတာ။ ဒါကို လက်ခံမယူနိုင်ကြဘူးဆိုတော့ နာတာပေါ့။

 ရေကန်ကြီးတစ်ခုမှာ ရေ၀င်ပေါက်တွေများပြီး ရေထွက်ပေါက် နည်းနေရင် ဒီကန်ကြီး ကြာကြာမခံနိုင်ဘူး။ မကြာခင် ပျက်စီးမယ်။
တစ်ဖန် ရေ၀င်ပေါက်က နည်းနေပြီး ရေထွက်ပေါက်က များနေပြန်ရင်လည်း ရေတွေ အကုန်ထွက်ကုန်လို့ ဒီကန်ကြီး ခြောက်ကပ်ကပ် နေပြန်ဦးမယ်။ ဒီအတိုင်းပဲတဲ့၊ လူ့လောကမှာ စီးပွားရေးတွေ အ၀င်များပြီး မသုံးမစွဲဘဲ လှောင်သိမ်းထားလို့ရှိရင် ရန်သူမျိုးငါးပါး ဖျက်ဆီးခံကြရမယ်။

အထွက်များပြီး အ၀င်မရှိပြန်ရင်လည်း မွဲနိုင်တယ်။ ဒါကြောင့် ရှာဖွေထားတဲ့ စီးပွားရေးဆိုတာ ထိုက်သင့်သလောက်လည်း သုံးစွဲစားသောက်ရမယ်။ လှူသင့်သလောက်လည်း လှူရမယ်။ ဒါဟာ ရေထုတ်မြောင်းက ထုတ်ပစ်ခြင်းပဲ။

ဖို့နှစ်ဖို့

စီးပွားရှာတဲ့အခါ အကုသိုလ်တွေ မများဘဲ ရှာနိုင်ရင် အကောင်းဆုံးပဲ။ တစ်ဖက်သားကို မတန်တဆ နှိမ်ပြီး ရောင်းတယ်၊ ၀ယ်တယ် မလုပ်ကြပါနဲ့။ စေတနာနဲ့ မေတ္တာ ရှေ့ထားပြီးတော့ ရောင်းကြ၊ ၀ယ်ကြရပါမယ်။
သူဖို့ ကိုယ့်ဖို့ဆိုတဲ့ ဖို့နှစ်ဖို့ ထားကြရပါတယ်။ ကိုယ်ကြမ်း နှုတ်ကြမ်းနဲ့ အမူအရာတွေလည်း မကြမ်းစေကြရပါဘူး။

လိုက်လို့ မမီနိုင်အောင်

ပတိရူပဒေသ၀ါသ = ကိုယ်နဲ့ သင့်ရာဒေသမှာ နေရမယ်။

ပုဗ္ဗေ စ ကတပုညတာ = ရှေးကောင်းမှုကံလည်း ပါရမယ်။


အတ္တသမ္မာပဏိဓိ = ကိုယ် စိတ် နှလုံး ရိုးသားဖြောင့်မတ်ရမယ်။


သဒ္ဓမ္မဿဝန = သူတော်ကောင်းတရားလည်း နာကြားရမယ်။


အဲဒီ စက်လေးပါးနဲ့ ပြည့်စုံရင် ဘယ်သူမျှ လိုက်လို့မမီနိုင်အောင် ပြည့်စုံတိုးတက်နိုင်တယ်။


လုံ့လ ၀ီရိယတွေနဲ့ ပံ့ပိုးကူညီ


ဆရာသမား အကြီးအကဲလုပ်တဲ့သူတွေဆိုတာ ပညာရေး၊ ကျန်းမာရေး၊ နေစရာ ထိုင်စရာ၊ စားစရာ ပြည့်စုံအောင် လုပ်ပြီးတဲ့အပြင် ၀ီရိယဆိုတာလည်း အမြဲရှိနေရပါတယ်။ အကျိုးပေးကြမယ့် ရှေးကံဟောင်းတွေ ပါလာကြပေမယ့် ဒီဘ၀မှာ လုံ့လ၀ီရိယတွေနဲ့ ပံ့ပိုးကူညီကြရပါသေးတယ်။

အဲဒီလို ဒီဘ၀မှာ လုံ့လ၀ီရိယတွေနဲ့ ဆက်ပြီး မပံ့ပိုး မကြိုးစားဘူးဆိုရင်တော့ အရှိန်တွေဟာ တဖြည်းဖြည်းနဲ့ ကျမှန်းမသိ ကျဆင်း ကျဆင်းလာကြတော့တာပဲ။
ဒါကြောင့် ၀ီရိယကတော့ အမြဲတမ်း ရှိနေကြရမှာပဲ။ ဘယ်တော့မျှ မလျှော့နဲ့၊ ၀ီရိယကို မလျှော့နဲ့၊ စိတ်ဓာတ်ကိုလည်း မလျှော့နဲ့။

ရေမသောက်ရတဲ့ မျက်နှာ


မေတ္တာစိတ် ကင်းမဲ့တဲ့ သူတွေကျတော့ ရေမသောက်ရတဲ့ မျက်နှာတွေလို စိုစိုဖတ်ဖတ် မရှိကြဘူး။ ခြောက်ကပ်ကပ်တွေပဲ အမြဲတမ်း သားရေး သမီးရေး၊ စီးပွားရေး၊ လောကရေးတွေနဲ့ ရှုပ်ထွေးပြီး ပူလောင်နေရတတ်ကြတယ်။

အာပေါက်အောင် တောင်း မရဘူး


တို့မြန်မာလူမျိုးတွေက ဆုတောင်းတယ်ပြီးလေ့တယ်။ ဖြစ်ချင်တာကို ထိုင်ပြီး ဆုတောင်းနေတော့တာပဲ။ အကြောင်းဖြစ်တဲ့ အလုပ်ကိုတော့ မလုပ်ဘဲနဲ့ အကျိုးရချင်ပြီးတော့ ဆုတောင်းနေလို့ ဖြစ်မလား၊ အာပေါက်အောင် တောင်း မရဘူး။

ဥပမာ မန္တလေးကနေ ရန်ကုန်ကို သွားချင်တယ်ဆိုပါတော့။ "ရန်ကုန်ကို ရောက်ရပါလို၏" ဟု တစ်သက်လုံး ထိုင်ပြီး ဆုတောင်း၊ အာပေါက်အောင် တောင်း၊ မရဘူး။ ငွေမရှိရင် မရောက်နိုင်ဘူး။
ဒီတော့ ရောက်နိုင်တဲ့အကြောင်းရင်း ငွေကို ရအောင် အားထုတ်ကြရလိမ့်မယ်။ အကျိုးကို လိုချင်ရင် အဲဒီ အကျိုးကို ရနိုင်တဲ့ အကြောင်းရင်းကို အားထုတ်ရမှာပေါ့။ အကြောင်းရင်းကို မလုပ်ဘဲနဲ့ ထိုင်ပြီး ဆုတောင်းနေလို့ကတော့ ဘယ်တော့မျှ အကျိုးမရနိုင်ဘူး မှတ်ပါ။

ကိုယ်က ကောင်းနေရင်


လူတွေဆိုတာ သူများကိုမပြောနဲ့၊ ကိုယ့်ကိုယ်ကိုယ်တောင် လှည့်စားချင်ကြတယ်။ သတိထားဖို့က ပတ်ဝန်းကျင်ဆိုတာ ကိုယ်က ကောင်းနေရင် အကောင်းဘက်ကို လိုက်လာတတ်တယ်။
ကိုယ်က မကောင်းဘူးဆိုရင်တော့ သူကလည်း မကောင်းတဲ့အထဲ ဆွဲချတော့တာပဲ။


ကြွားလိုတဲ့စိတ်နဲ့တော့ မပြောရဘူးပေါ့

လောကကြီးထဲမှာ ကိုယ့်ဂုဏ်ကို ထုတ်ဖော်ပြီးတော့ မပြောရဘူးလို့ ဆိုကြတယ်။ တစ်သမတ်တည်း ပုံသေကားကျ မှတ်ရမယ်လို့တော့ မဟုတ်ပါဘူး။
ဒီစကားဟာ မပြောမဖြစ် ပြောလိုက်မှ အကျိုးစီးပွားဖြစ်မယ့် ကိစ္စဆိုရင် ပြောရပါတယ်။ ကြွားလိုတဲ့စိတ်နဲ့တော့ မပြောရဘူးပေါ့။

ဟဲ့ ဟိုကောင်မကြီး တော်တော်ကဲ

တကတဲ အမေ အဖေ လုပ်တဲ့သူတွေက အသက် ၅၀ ကျော် ၆၀ ကျော် ရှိကုန်ကြပြီ။ သူတို့ကလည်း အလှပြင်ကြတုန်းရှိသေး၊ မလျှော့ကြသေးဘူး။

 ဒီတော့ ငယ်တဲ့ သားသမီးတွေကို ဘယ်လိုလုပ်ပြီး ဆုံးမလို့ရမလဲ။
"ဟဲ့ ဟိုကောင်မလေး တော်တော်ကဲ" လို့ဆိုတော့ သူတို့က မကြားတကြား ပြန်ပြီးပြောသတဲ့။ "ဟဲ့ ဟိုကောင်မကြီး တော်တော်ကဲ" တဲ့။ ကဲ ကောင်းနိုင်ကြသေးရဲ့လား။

ကိုယ့်စိတ်ကိုယ် စစ်ဆေးပါ

လူဆိုတာ ကြီးပွားချင်ပေမယ့် လမ်းစဉ်က မတည့်ရင် အလွဲချည်း ဖြစ်နေရတတ်ပါတယ်။ လမ်းစဉ် တည့်သည့်တိုင်အောင် ရှေးကံကလည်း ပါဦးမှ၊ ကိုယ့်စိတ်ကိုယ် စစ်ဆေးပါ။ ကုသိုလ်စိတ်လား အကုသိုလ်စိတ်လားဆိုတာ။

သီလတော့ ဇာတ်လိုက်ပဲ

လူတစ်ယောက်ဟာ ဒါနမရှိပေမယ့် သီလရှိနေရင်ပဲ အပါယ်မရောက်နိုင်ပါဘူး။ ဒါန မရှိတာက အကျိုးမရတာပဲရှိမယ်၊ သီလမပါခဲ့ရင်တော့ အပါယ်လေးပါးကို စိတ်မချရဘူး။
တစ်ခါ ဒါနပြုတဲ့အခါမှာလည်း သီလမပါဘဲနဲ့ ပြုရင် အကျိုးပေး မသန်နိုင်ဘူး။ သီလခြံရံပြီး ပြုတဲ့ဒါနမှ ပိုပြီး အကျိုးပေးသန်နိုင်ပါတယ်။ ဒါကြောင့် သီလကတော့ အခြေခံပဲ။ သီလကတော့ ဇာတ်လိုက်ပဲ။ သီလကို လက်လွတ်လို့ မဖြစ်ဘူး။

နိုင်ငံခြားငွေ ယိုပေါက်တွေပဲ

အကျင့်စာရိတ္တတွေက အတော်ကို ယိုယွင်းလာကုန်ကြပြီ။ ဘုန်းကြီးတွေဘက်ကရော လူတွေဘက်ရော နှစ်ဖက်စလုံးပဲ။ တတ်နိုင် တတ်နိုင်သလို ငွေကို စာရိတ္တ ယိုယွင်းတဲ့ဘက်မှာ အသုံးချကြသတဲ့။
အမျိုးသမီးတွေဘက်ကို ကြည့်လိုက်ကြပါဦး၊ အအိုရော အပျိုရော ခွဲခြားမရအောင် ၀တ်လိုက်ကြတာ၊ အလှပြင်လိုက်ကြတာ၊ သူတို့တွေ လှချင်ကြသလောက် နိုင်ငံခြားငွေ ယိုပေါက်တွေပဲ။

ထိုင်ပြီး ဆုတောင်းလို့ရမလား

လူတွေက ကျင့်တော့ မကျင့်ချင်ဘဲနဲ့ နိဗ္ဗာန်ကျတော့ "ရလိုရပါ၏" လို့ ဆုတောင်းနေကြတယ်။ ကျင့်စဉ်လမ်းမှ မရှိဘဲနဲ့ မှန်းပြီး ဆုတောင်းနေလို့ အချောင်လိုချင်ရာ ရောက်သွားမှာပေါ့။
မဂ္ဂင်ရှစ်ပါး ဉာဏ်စဉ်ဆယ်ပါး လမ်းစဉ်အတိုင်း သွားကြရမှာ။


နေကြထိုင်ကြတဲ့အခါမှာတော့ ပေါ့ပေါ့နေ၊ ပေါ့ပေါ့သွား၊
 ပေါ့ပေါ့စားပြီးတော့ လိုချင်တဲ့အခါကျမှ ထိုင်ပြီး ဆုတောင်းလို့ ရမလား။သူဌေးဖြစ်ချင်တဲ့သူဟာ ထိုင်ပြီး ဆုတောင်းနေရုံနဲ့ မရ၊ ကိုယ်တိုင်လက်တွေ့ အလုပ်လုပ်မှ ဖြစ်ချင်ရာ ဖြစ်ရသလိုပေါ့။

ကဲ့ရဲ့လွတ်သူဆိုတာ မရှိပါဘူး
လောကမှာ ကဲ့ရဲ့သူဆိုတာ စကားမပြောတဲ့သူကိုလည်း ကဲ့ရဲ့တာပဲ။ နှိုင်းနှိုင်းချိန်ချိန် တိုင်းတိုင်းဆဆ ပြောတဲ့သူကိုလည်း ကဲ့ရဲ့တာပဲ။ စကားတွေ သိပ်ပြောတဲ့သူကိုလည်း ကဲ့ရဲ့တာပဲ။ တကယ်တော့ ကဲ့ရဲ့လွတ်သူဆိုတာ မရှိပါဘူး။
ဒီတော့ ကဲ့ရဲ့မှာကို တွေးကြောက်မနေနဲ့။ 

ကိုယ်ကသာ အလုပ်မှန်ကန်နေပေ့စေ။ ကြောက်စရာမလို၊ စိတ်အား သေးနုပ်တဲ့သူတွေဆိုတာ ကဲ့ရဲ့တတ်စမြဲပဲ။ အဲဒါမျိုးကိုပြောတာ။"လူမိုက်တစ်သောင်း ကဲ့ရဲ့ရှောင်းလည်း၊ လူကောင်းတစ်ယောက် ချီးမွမ်းပျောက်၏"။ လူကောင်းတစ်ယောက် ချီးမွမ်းမှုကိုသာ အရေးစိုက်ပါ။

နိုင်ငံခြားကိုမှ အထင်ကြီးချင်ကြတယ်

ဘုန်းကြီးတို့မှာလည်း စည်းကမ်းတွေက အပြည့်အစုံ ရှိပါတယ်။ စာထဲမှာ၊ ဘုရားဟော ကျမ်းစာတွေထဲမှာ အများကြီးပဲရှိတယ်။ ဒါပေမယ့် မလိုက်နာကြဘူး။
ကိုယ့်ရှိတဲ့ ယဉ်ကျေးမှုကို အထင်မကြီးကြဘူး၊ နိုင်ငံခြားကိုမှ အထင်ကြီးချင်ကြတယ်။ အဲဒါကစပြီး မှားနေတာပဲ။ ဒါတွေကို အကုန်လုံး ပြင်ကြရမှာ။


ဒီလို ပြင်နိုင်ဖို့အတွက် တို့ဘုန်းကြီးတွေက ခေါင်းဆောင်နိုင်ကြမလားလို့ မျှော်လင့်နေတာ၊ မဟုတ်ကြဘူး။ သူတို့တွေက စိတ်ထားသေးသိမ်ကြတယ်။
ဒါတွေကြောင့် ဘုန်းကြီးက ပြောပြောနေတာ၊ "စိတ်ထားကို ကြီးကြီးထားကြစမ်းပါဟဲ့၊ ကျယ်ကျယ်ပြန့်ပြန့် ထားကြစမ်းပါဟဲ့၊ စည်းစနစ် ရှိကြစမ်းပါဟဲ့၊ လုံ့လ၀ီရိယ ရှိကြစမ်းပါဟဲ့" လို့။


သတိဆိုတဲ့ကြိုး

နွားဆိုးနွားမိုက်ကလေးနဲ့ တူတဲ့စိတ်ကို သတိဆိုတဲ့ ကြိုးနဲ့ချည်ပြီးတော့ ကမ္မဋ္ဌာန်းတိုင်မှာ တုပ်ထားကြပါ။ ပေါ့ပေါ့ချည် လျော့လျော့ချည်တယ်ဆိုရင်တော့ လွတ်လွတ်သွားနိုင်တယ်၊ မမေ့နဲ့ မလျော့နဲ့။

သူတို့က လိုက်နာကြတာကိုး

တို့မြန်မာတွေရဲ့အကျင့်က အချိန်ကို သိပ်ပြီး မလေးစားချင်ကြဘူး၊ ဒါကြောင့်လည်း ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ကြရတာပဲ။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး အားလုံးအရေးတွေဟာ အကုန်နောက်ကျကျန်ရစ်တယ်။
ဒါလည်း အေးအေးဆေးဆေး နေကြတုန်းပဲ။  အများက ပြောကြတယ်၊ "အင်္ဂလိပ်တွေက သိပ်ပြီး စည်းကမ်းကြီးကြတာပဲ" တဲ့။ ဒါ ဆန်းတော့ မဆန်းပါဘူး။ စည်းကမ်းသတ်မှတ်တဲ့အတိုင်း သူတို့က လိုက်နာကြတာကိုး။

ကျင့်တရားကျတော့ နည်းပါးသွားပြီ


ဘုန်းကြီးတို့ မြန်မာပြည်မှာ ဟောလိုက်တဲ့တရားတွေ၊ နာလိုက်ကြတဲ့ တရားတွေ အနှံ့အပြားပဲ။ ဟောတရား၊ နာတရားတွေ ပေါကြပါတယ်။ ကျင့်တရားကျတော့ နည်းပါးသွားပြီ။
တကယ်တော့ ကျင့်ဖို့အတွက် ဟောတာ၊ ကျင့်ဖို့အတွက်ပဲ နာရတာ၊ ကိုယ်ကျင့်အဖြစ် မရောက်သမျှ တရားတွေက ဘယ်လောက်ကောင်းကောင်း လိုရင်းရောက်ပြီ၊ ပြည့်စုံပြီလို့ မဆိုနိုင်သေးပါဘူး။


တွေဝေနေကြတယ်

အခုလို အသိဉာဏ်ရှိတဲ့ ဘ၀ကို ရတဲ့အခိုက် အခွင့်ကောင်းတွေကို လက်လွတ်မကုန်ပါစေနဲ့၊ ဘုရားသာသနာတော်ကြီးနဲ့ တွေ့တဲ့အခိုက် လိုချင်တာ ရနိုင်တုန်း ရအောင်ယူလိုက်ကြစမ်းပါ။

သမာဓိ

မြန်မာလူမျိုးတွေက သမာဓိကို အသုံးမချတတ်တော့ အလုပ်ကို စိတ်ရှည်ရှည်နဲ့ မလုပ်ချင်ကြဘူး။

စိတ်ကို အလိုလိုက်လို့ပဲ

စိတ်ကို ထိန်းမထားလို့ရှိရင် ရေထဲမှာ လှုပ်ရှားနေတဲ့ လှိုင်းကြက်ခွပ်များလို လှုပ်ရှားနေတယ်။
လှုပ်ရှားနေရုံတင် မကဘူး၊ နောက်တော့ ဒုက္ခပေးတတ်တယ်။
အဲဒါ စိတ်ကို အလိုလိုက်လို့ပဲ။ ဘုန်းကြီးဖြစ်ဖြစ် လူဖြစ်ဖြစ် စိတ်ကို ဆုံးမခြင်းမရှိလျှင် ဒုက္ခနဲ့ ရင်ဆိုင်ကြရမယ်။


လေ့ကျင့်ကြည့်ကြစမ်းပါ

စိတ်ကို မြင့်မြတ်ကြီးထွားလာစေချင်ရင် ဘုရားကို များများအာရုံပြု၊ မေတ္တာများများပို့လို့ရှိရင် ရုပ်လည်း ကြည်လင်တယ်၊ စိတ်လည်း ကြည်လင်တယ်။ ဉာဏ်ပညာတွေပါ ကြည်လင်ပြီး ထက်မြက်လာလိမ့်မယ်။
လေ့ကျင့်ကြည့်ကြစမ်းပါ။ မရဏဿတိဆိုတဲ့ တရားကိုတော့ မလွတ်ရုံလောက်ပဲ လုပ်ကြပါ။


သူတော်ကောင်းတို့ရဲ့ နိုင်ခြင်း

သူတော်ကောင်းတို့ရဲ့ နိုင်ခြင်းဆိုတာ နှလုံးအေးအေးနဲ့ ပြုံးပြုံးကလေး မေတ္တာနဲ့ နိုင်ခြင်း၊ သည်းခံလိုက်လို့ နိုင်ခြင်းကိုသာ ခေါ်ပါတယ်။

လက်လှမ်းမီရာ

ကုသိုလ်ဆိုတာ လိုလည်း လိုချင်ရပါတယ်။ ၀ါသနာလည်း ရှိရပါတယ်။ ကိုယ်နဲ့လက်လှမ်းမီရာ ကုသိုလ်တွေ နေ့စဉ် အားထုတ်ကြပါ။

လူတွေဟာ အတွက်လွဲနေကြတယ်

သီလဆိုတာ ဒါနထက် ပိုပြီး အားကိုးရပါတယ်။ အားကိုးရမှာကို အားမကိုးကြဘဲနဲ့ ဟိုးလေးတကျော်ကျော် လူသိနတ်ကြား ဒါနကို ပြုလုပ်ပြီးတော့ အားကိုးနေကြတယ်။
လူတွေဟာ အတွက်လွဲနေကြတယ်နော၊ ဒါနဘက်မှာ ၀ါသနာကြီးသလောက် သီလဘက်မှာကျတော့ ချွတ်ယွင်းနေကြပါတယ်။ သီလမပါရင် စိတ်ချမ်းသာမှု မရနိုင်ပါဘူး။ သေခါနီးလေ သီလက အားကိုးရလေပဲ။

စံနမူနာပြ

 
သူများကို ဆုံးမဖို့ဆိုတာ ကိုယ်တိုင်ကလည်း စည်းကမ်းရှိရတယ်။ ဆရာသမား မိဘများက တပည့် သားသမီးများကို ဆုံးမလို့ မရဘူးဆိုတာ ကိုယ်တိုင် ဆုံးမတဲ့အတိုင်း မနေလို့ပဲ။

ကိုယ့်ဘက်က ဘာမျှချို့ယွင်းချက် မရှိစေရဘူး။ စံနမူနာပြ လိုက်နာကျင့်သုံးပြရမှာ။ သူများကိုတော့ ပြောပြီး ကိုယ်က မလိုက်နာဘူးဆိုလျှင် ဘယ်ဟုတ်လိမ့်မလဲ။ ဒါတွေ အရေးကြီးတယ်။

ရင့်မှ မှည့်တဲ့အသီး

အလုပ်တစ်ခုကို အောင်မြင်ဖို့အတွက် ဖြည်းဖြည်းနဲ့ ဇွဲရှိရပါတယ်။ ဒါမှလည်း ကြာရှည်ခံပါတယ်။ ရင့်မှ မှည့်တဲ့အသီးဟာ ချိုသလိုပေါ့။

အောင်မြင်လာကြရစမြဲပါပဲ

ကိုယ့်ရဲ့အစွမ်းအစကို စနစ်တကျ ဖော်ထုတ်အသုံးပြု၊ ဇွဲနဲ့ကြိုးစားလျှင် သတိ၊ ၀ီရိယ၊ ဉာဏ်ပညာတို့နဲ့ တွဲဖက်ပြီး အသုံးပြုလျှင် တစ်ချိန်မှာ အောင်မြင်လာကြရစမြဲပါပဲ။

အကျိုးရှိရှိ နေသွားကြစမ်းပါ


အခုလူတွေက ဒီအလှ အချော ပညာတတ် အမျိုးမြတ်ဆိုတဲ့ လေးမျိုးလုံး ရှိရှိ မရှိရှိ အကြွားအမော်နဲ့ မာနတွေကို မချကြဘူး။ ဒီတော့ "ခွေးရူးကောင်းစား တစ်မွန်းတည့်" ဆိုတာလို ဖြစ်သွားကုန်တာပေါ့။
ကောင်းတဲ့ဘ၀မှန်း မသိကြဘူး။ 


ဘ၀ရိက္ခာ မစုဆောင်းတတ်ကြဘူး။
လောကကြီးထဲမှာ နေတဲ့အခိုက် အကျိုးရှိရှိ နေသွားကြစမ်းပါ။
ဘ၀မြင့်တက်လာအောင် ပြုပြင်ကြပါ။ စွမ်းအားရှိသမျှ ဒါနကို ဆည်းပူး၊ သီလကို ဆောက်တည်၊ ဘာဝနာရိက္ခာကို များများစုသွားကြစမ်းပါ။ အလောင်းတော်ကြီးများကို ကြည့်ပြီး အတုယူကြစမ်းပါ။


ယခုအထိ မရပ်ကြသေးဘူး

"ပြဒါး သေ တစ်ဆွေ ၀၊ သံ သေ တစ်ပြည် ၀" ဆိုပြီး ရှင်မထီးနဲ့ ရှင်အဇ္ဇဂေါဏတို့က လုပ်ပြလိုက်ပြန်တော့ ဘာမျှ ယူစရာမရှိအောင် ဖြစ်ကြရတော့တာပေါ့။

"ရွှေတောင် ဖြစ်နေကြမှတော့" ဆိုပြီး လူတွေဟာ မော်ကြွားဝတ်စား ဘုရားတည် ဒါနပြုလာခဲ့ကြတာ၊ အဲဒီခေတ်ကစပြီး ဒါန ဦးကျိုးလာခဲ့တာ ယခုအထိ မရပ်ကြသေးဘူး။

သွားပြီ အ၀ီဝိဘုန်းကြီးရော လူရောပါပဲ၊ မလှူလို့ ငရဲ မရောက်ဘူး၊ သီလ မလုံလျှင်တော့ သွားပြီ အ၀ီစိ။

ဆွမ်းတော်တင်ကို စားသောက်ကောင်းပါတယ်


"ဘုရားဆွမ်းတော်တင်စာ မစားကောင်းဘူး" တဲ့။ ဘုရားကျောင်းဒကာ အနာထပိဏ်၊ ကျောင်းအမ ၀ိသာခါတို့ဆိုတာ ခဏခဏ အိမ်ပင့်၊ ဘုရားအမှူးရှိတဲ့ သံဃာတွေ အိမ်ပင့်ဆွမ်းကပ်ပြီးတော့ ဘုရားက ကျန်တဲ့ဆွမ်းကြွင်းဆွမ်းကျန်တွေ စားကြတာပဲ။ 

ဘာလို့ မစားကောင်းရမှာလဲ။
ဒါကြောင့် ဘုရားကိုဆွမ်းတော်တင်လျှင် တစ်ပါးစာ ၀လောက်အောင် ကျကျနန ပြင်ပါ၊ တင်ပါ။ ပြီးလောက်တဲ့အချိန်မှာ ဆွမ်းတော်တင်ကို ချပြီး စားသောက်ကောင်းပါတယ်။

နတ်တင်နှင့် ဘုရားတင်


တို့မြန်မာတွေမှာ ဆွမ်းတော်မတင်ခင်က နတ်ကိုးကွယ်မှုနဲ့ လာခဲ့ကြတာဆိုတော့ ရောနေတယ်၊ ဘုရားနဲ့ စပ်လာလျှင် နတ်ပွဲထက် သန့်ရှင်းဖို့ လိုအပ်တာပေါ့။ 

ဒီကနေ့တင်တဲ့ဆွမ်း မနက်ဖြန်ရောက်အောင် ထားတာလည်း မကောင်းဘူး၊ ကြွက်နှိုက်တတ်တယ်၊ အများအားဖြင့် ပုဂံခေတ်က အစွဲတွေ မပျောက်နိုင်လို့ နတ်တင်နှင့် ဘုရားတင် ရောထွေးရှုပ်ပွေနေကြတာ။


ဒါကို အတုယူကြစမ်းပါ

လူ လူ ဘုန်းကြီး ဘုန်းကြီး၊ အရှည်ကို မျှော်ရပါတယ်။ ဘ၀ပဒေသာ ပန်းခြံကြီးနဲ့တူတဲ့ လူ့ဘ၀ကို ပစ်မထားကြပါနဲ့။ ကိုယ်စိုက်ထားတဲ့ ပန်းခြံကြီးထဲက ကိုယ်လိုချင်တဲ့ ပန်းကို ခူးပြီး မလိုချင်တာ မကောင်းတာကို ထားခဲ့သလိုပေါ့။

လောကီအာရုံ ကာမဂုဏ်တွေကို ဖယ်ထားခဲ့ပြီး ပါရမီပန်းတွေကို နေ့စဉ် လှလှပန်ဆင်သွားကြဖို့ပါပဲ။ ဘုရားအလောင်းနဲ့ ဆွေမျိုးတော်တွေက ဘ၀ပါရမီပန်းတွေကို ဆင်မြန်းပြီး လာခဲ့ကြတယ်၊ ဒါကို အတုယူကြစမ်းပါ။

ပူဇော်ကိုးကွယ်ရကျိုးနပ်မှာ

ဘုရားရဲ့အကြောင်း၊ ဘုရားရဲ့ဂုဏ်ပုဒ်တွေ၊ ဘုရားရဲ့ သဗ္ဗညုတဉာဏ်တော်ကြီး၊ ဘုရားရဲ့ မြင့်မြတ်ပုံတွေကို စုံအောင် လေ့လာကြဖို့ လိုတယ်။ 

အဲဒီလို လေ့လာသိရှိပြီးတော့ ရုပ်တုတော် ပုံတော်တွေအတွင်း ဂုဏ်တော်တွေသွင်းပြီး ကြည်ညိုတတ်ကြရမှာ။
အဲဒီတော့မှလည်း ဆင်းတု ရုပ်တုတော်တို့ကို ပူဇော် ကိုးကွယ်ရကျိုး နပ်မှာ။ အဲဒီလို သိတော့မှလည်း သာသနာတော်ရဲ့ အကျိုးကြီးမားပုံကို ပိုပြီး သိနိုင်မှာပဲ။

ငှက်ဖြစ်သော်လည်း တစ်ကိုင်းတည်း

ဒါနပြုတဲ့နေရာမှာ သံသရာ မရှည်အောင်တော့ ပြုရမှာနော။ ဒါနက သံသရာရှည်စေတာတော့ မဟုတ်ပါဘူး။ ကိုယ့်ဆုတောင်းက ရှည်အောင် ဆုတောင်းလို့ ရှည်သွားတာပါ။

အခု အများအားဖြင့် ဆုတောင်းနေကြတာက "ဒီသမီး၊ ဒီသား၊ ဒီမယား၊ ဒီဆွေမျိုးနဲ့ ဘ၀ဆက်တိုင်း မကွဲမကွာ ငှက်ဖြစ်သော်လည်း တစ်ကိုင်းတည်း၊ ဆင်ဖြစ်သော်လည်း တစ်ကျွန်းတည်း" စသည်ဖြင့် ဆုတောင်းနေကြလို့ ရှည်ကြတာပါ။ ဆုတောင်းတာက သံသရာရှည်ကြောင်း ဆုတောင်းတာကိုး။

"နိဗ္ဗာနပစ္စယော ဟောတု" က လိုရင်းပါ

လာကတည်း ကိုယ့်အတွက်ရချင်လို့ ဆိုတာက ပါနေတယ်။ အမှန်က အဲသည်လို စိတ်မထားပါနဲ့။ စိတ်ထားရမှာက ဆင်းရဲသူတွေကို ဝေငှပေးကမ်းတယ်ဆိုလျှင် သူတို့ရဲ့ ပြည့်စုံမှုကိုသာ ဦးစားပေးပါ။ 

အကျိုးပေးက သူ့ဘာသာသူ လာမှာပါ။ တားလို့ မရပါဘူး။

ဆုတောင်းပြန်လို့ရှိလျှင်လည်း "နိဗ္ဗာနပစ္စယော ဟောတု" က လိုရင်းပါ။ လိုရင်းကိုပဲ ဆုတောင်းပေါ့။ 

ဒါက ဦးတည်ချက်ပန်းတိုင် ပျောက်မသွားရုံပါပဲ။ တကယ်တော့ ဆုတောင်းနေရုံနဲ့ ပြီးတာ မဟုတ်ပါဘူး။ ရနိုင်လောက်အောင်လုပ်မှ ရတာပါ။

ဘုရားက ကြိုက်မတဲ့လား

လူတွေက ခက်တယ်၊ ဘုရားပန်း ညှိုးတာထက် နတ်ပန်းညှိုးမှာ ကြောက်ကြတယ်။ နတ်က ယခုလက်ငင်း မဟုတ်လုပ်မှာကိုး။ ဒီလိုပဲ သူတို့ ယုံကြည်နေကြတယ်။ ဗုဒ္ဓဘာသာတွေလို့ အမည်ခံကြပေမယ့် မိရိုးဖလာစွဲလာခဲ့တဲ့ နတ်အစွဲက မကျွတ်ကြဘူး။

 အခုခေတ် ရှင်လောင်းဆင်တာ တွေကလည်း ဘယ်လိုတွေမှန်း မသိဘူး၊ လူစင်စစ်က နတ်လိုလို သိကြားလိုလို ဖြစ်အောင် ဆင်နေကြတယ်။ သူတို့ အထင်ကြီးကြတာကိုး။

ပြီးတော့ ကိုးကွယ်တဲ့ ဘုရားဆင်းတုကိုလည်း နတ်ရုပ်လိုပဲ အချွန်တွေ အတက်တွေနဲ့ လုပ်ထားကြတယ်။ ဘုရားက ကြိုက်မတဲ့လားလို့ စဉ်းစားကြည့်ကြပါ။ယခု လူတွေက ဘုရားဆင်းတုကို အရုပ်လောက်သာ မြင်နေကြတော့ ခက်တာပေါ့။

တညံညံ တကျက်ကျက်


ဘုရားရှင်ကိုယ်တော်မြတ်က တိတ်ဆိတ်ငြိမ်သက်မှုကို ကြိုက်ပါတယ်ဆိုမှ အခုခေတ် ကျောင်းဝင်းထဲ ပွဲအမျိုးမျိုး ခံ၊ တညံညံ တကျက်ကျက် လုပ်နေကြတယ်။ ဒါဟာ တို့နိုင်ငံထဲ သာသနာတော်မရောက်ခင်က လုပ်ကြတဲ့ နတ်ပူဇော်တဲ့ ပွဲမျိုးပဲ။

ဘယ် ဒါနစစ်လိမ့်မလဲ


"ပေးတယ်" ဆိုပေမယ့်လည်း သမီးရည်းစားပေးတဲ့ အပေးမျိုးတော့ မဟုတ်စေရဘူး။ သမီးရည်းစားပေးတာက ဒါနဆိုပေမယ့် ဒါနအစစ် မဟုတ်ဘူး။ သူ့အတွက်တော့ မချစ်တဲ့သူ ချစ်ခင်လာစေနိုင်တာပေါ့။ အဲဒီအကျိုးတော့ ရမှာပဲ။ ဒါပေမယ့် ကုသိုလ်တော့ ရချင်မှ ရမယ်။ သူ့စိတ်ကမှ မရိုးဘဲကိုး။ 

 ပေးကမ်းတိုင်း အလှူမထင်လိုက်လေနဲ့။
တွန့်ဆုတ်တွန့်ဆုတ် ဒါနမျိုးကျတော့ အကျိုးပေးတဲ့အခါ မထက်သန်ဘူး။ ပေးကမ်းတုန်းကလို ထက်ထက်သန်သန်နဲ့ ပေးကမ်းခဲ့မှ အကျိုးပေးတော့လည်း ထက်သန်တယ်။ တချို့ ကြောက်လို့ ပေးရတာမျိုးလည်း ရှိသေးတယ်။ ဒါတွေကျတော့ ဘယ် ဒါနစစ်လိမ့်မလဲ။

လူကြီးလူကောင်း


လူကြီးလူကောင်းတွေနဲ့ စကားပြောတဲ့အခါ ကိုယ်ခန္ဓာနဲ့ ခေါင်း၊ ခြေကို ငြိမ်ငြိမ်ထားရတယ်။ လက်ကားရား ခြေကားရား မလုပ်ရဘူး။ ခြေထောက်ကြီးတွေ ရှေ့ကိုလည်း ထုတ်မထားနဲ့၊ နောက်ကိုလည်း ပြန်သွင်းမထားနဲ့၊ ဘာပြုလို့လဲဆိုတော့ ခြေထောက်ကြီးတွေ ရှေ့ထုတ်ထားလျှင် မယဉ်ကျေးရာ ရောက်သွားမှာပေါ့။

 တစ်ခါ နောက်ကို သွင်းထားပြန်တော့လည်း ကြောက်ရွံ့နေရာ ရောက်ပြန်ရော။
ဒါကြောင့် အနေတော်ဖြစ်အောင် ပုံမှန်ကျအောင် သတိရှိစေရတယ်။ မျက်နှာကလည်း မချိုမချဉ် မလုပ်ရဘူး။ ကိုယ့်အချိုးအစားအတိုင်း မှန်မှန်ထားရမယ်။ စကားပြောတော့လည်း တိုတိုနဲ့ လိုရင်းပဲ ပြောရတယ်။ မပြီးနိုင်မစီးနိုင် လေမရှည်စေရဘူး။ ကိုယ့်အမူအရာအားလုံးဟာ လူကြီးလူကောင်း ပီသနေစေရမယ်။

ဘယ်မှာ မွဲနိုင်လိမ့်မလဲ


မြတ်စွာဘုရား မိန့်ကြားတော်မူတာက "စားဦးစားဖျား အနည်းငယ်မျှ ခွဲလှူလို့ မွဲသွားတဲ့သူ ၉၁ ကမ္ဘာအတွင်းမှာ တစ်ယောက်မျှ မရှိဘူး" တဲ့။
ဟုတ်ပါတယ်၊ ဘုရားကိုယ်တော်မြတ်ကြီး မိန့်တော်မူတာ မှန်တာပေါ့။ 

ကိုယ့်အိမ်သူအိမ်သား မိသားစုအတွက် ချက်ထားတဲ့အထဲက အနည်းငယ်မျှ အနည်းငယ်မျှ ခွဲလှူရုံနဲ့ ဘယ်မှာ မွဲနိုင်လိမ့်မလဲ။ အခုခေတ် မတန်တဆ ကြွေးယူပြီး ရှင်ပြုအလှူတွေ လုပ်တာမျိုးသာ မွဲချင်မွဲသွားနိုင်ပါတယ်။

သိပ်ပြီး သိုမှီးမထားကြပါနဲ့

"ပေးကမ်းလှူဒါန်းခြင်း" ဆိုတာ (ဒါနံ သဗ္ဗတ္ထသာဓကံ) ဆိုတဲ့အတိုင်း အရာခပ်သိမ်းကို ပြီးစေနိုင်တယ်။ မယဉ်ကျေးသူကို ယဉ်ကျေးစေနိုင်တယ်။ လူအများက လေးစားချစ်ခင်စေနိုင်တယ်။ ကိစ္စအ၀၀ကို အောင်မြင်စေနိုင်တယ်။ မပေးမကမ်း မလှူဒါန်းလျှင်တော့ ပြောင်းပြန်အကျိုးရမှာပေါ့။ အဲဒါကြောင့် ကိုယ့်ရှိတဲ့ပစ္စည်း သိပ်ပြီး သိုမှီးမထားကြနဲ့။

ရောယောင်နေကြတာပဲ

လူတွေမှာ ပိုက်ဆံပေါပြီးတော့ သာသနာပြုဖို့ အလုပ်ကျတော့ နားမလည်ကြဘူး။ တွေ့ရာကြုံရာတွေနဲ့ ရောယောင်နေကြတာပဲ။ ဒီတော့ အောက်တန်းကျကြတာပေါ့။ တချို့က ရဟန်းခံ ရှင်ပြပေးပြီးတော့ ပစ်ထားလိုက်ကြတာပဲ။

 ရဟန်းဒကာ ရဟန်းအမတွေဆိုတာကလည်း သူတို့က ပစ္စည်းရှိလျှင် နှိမ်ချင်ကြတယ်။
ဘုန်းကြီးက သာသနာ့ဝန်ထမ်းတွေနဲ့ စပ်လာလျှင် အောက်တန်းက နေရတာကို မကြိုက်ချင်ဘူး။ မခံလည်း မခံချင်ဘူး၊ အဲဒီလို လူတွေနဲ့ဆိုလျှင် ဘယ်တော့မှ မဆက်ဆံကြပါနဲ့။

အထင်သေးနေကြပြီ


ယခုခေတ်က လူကြီးမိဘ ဆရာသမားကို မလေးစားတဲ့ခေတ်၊ ဒီခေတ်ကို တို့က မျက်စိမှိတ်လိုက်နေလို့ မတော်ဘူး။ သူတို့ကမှ ခေတ်မီတယ်လို့ ယူဆနေကြတယ်။ အလားတူပဲ ဆရာသမားတွေကိုလည်း တပည့်တွေက ခေတ်မမီကြဘူးလို့ အထင်သေးနေကြပါပြီ။ ဒါ ဘယ်လောက်မှန်သလဲ။

မဆန်းပါဘူး

ပညာကို တတ်အောင် သင်ကြပါ။ ပညာတတ်တော့ ကိုယ်လုပ်ချင်ရာ လုပ်လို့ဖြစ်ပါတယ်။ "လှိုင်းကြီး လှေအောက်၊ တောင်ကြီး ဖ၀ါးအောက်" ဆိုတာလို အလိုလိုပဲ ကိုယ့်အောက် ခ,လာကြရတာပဲ။ ဒါ သဘာဝပဲ၊ မဆန်းပါဘူး။

လူကဲ့ရဲ့ နတ်ကဲ့ရဲ့ ခံကြရမယ်

ဒီသာသနာတော်ကြီးကို ကျဆင်းမသွားအောင် ပျောက်ကွယ်မသွားအောင် ၀ိုင်းဝန်းထိန်းနေကြရတာ၊ ဘုန်းကြီး ရဟန်းတွေက အတွင်းဝန်ဆောင်၊ ဒကာ ဒကာမတွေက အပြင်ဝန်ဆောင်တွေအဖြစ်နဲ့ ထိန်းကြရတယ်။
ကိုယ်စွမ်းနိုင်ရာဘက်က တာဝန်ယူကြရတာပေါ့။ 


ဒီလို တာဝန်ယူ ထိန်းကြရတဲ့နေရာမှာ ကိုယ့်လက်ထက်ရောက်မှ ကျဆင့်နိမ့်လျှောကုန်မယ်ဆိုလျှင် လူကဲ့ရဲ့ နတ်ကဲ့ရဲ့ ခံကြရမယ်။ ဥပမာ ဘာနဲ့တူသလဲဆိုလျှင် မိဘတို့လက်ထက်က ကျန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေ သားသမီးများလက်ထက်မှာ ယိုယွင်းကျဆင်းကုန်လျှင် အကဲ့ရဲ့ ခံကြရသလိုနေမှာပေါ့။

ရိုးရိုးကလေး နေရမယ်


သာသနာပြုတဲ့နေရာမှာ အနုတွေ အလှတွေ အကြွတွေ အရွတွေ ဇိမ်ခံပစ္စည်းတွေ မလိုဘူး။ အများတကာ ဘယ်လိုနေနေ၊ ဒီမှာတော့ ဒါတွေ လက်မခံနိုင်ဘူး။ နေထိုင်ကျင့်သုံးရေးစနစ်ဟာ ရှေးမူကို ပြန်ရမှာပါပဲ။ ရိုးရိုးကလေး နေရမယ်။ ရှေးမူစနစ်က လိုက်လို့မမီအောင် ကောင်းလွန်းလို့ပါ။

လူတော်


ကိုယ့်သီလကို မစင်ကြယ်မှန်း သိနေလျှင် ဒီသီလကပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး စွပ်စွဲတတ်တယ်။ သူများ အထင်ကြီးအောင်ဟန်ဆောင်နေနိုင်ပေမယ့် ကိုယ့်ကိုယ်ကိုယ်ကျတော့ ဟန်ဆောင်လို့ မရပါဘူး။

ဆရာသမားရဲ့ မျက်မှောက်မှာရော မျက်ကွယ်မှာရော ကိုယ့်သီလကို စောင့်ရှောက်တဲ့သူမှ "လူတော်" လို့ ခေါ်နိုင်ပါတယ်။ ကွယ်ရာမှာ လုပ်ချင်ရာတွေ လုပ်ပြီးတော့ လူရှေ့သူရှေ့ကျမှ သူတော်ကောင်း ဟန်ဆောင်တာမျိုးက မကောင်းဘူး။

အသိဆုံး

ပတ်ဝန်းကျင် ကြည်ညိုဖို့၊ အများကြည်ညိုဖို့၊ နတ်တွေ ကြည်ညိုဖို့ထက် ကိုယ့်ဟာကိုယ် ကြည်ညိုဖို့က ပိုအရေးကြီးတယ်။ ကိုယ့်အကြောင်းကိုယ် အသိဆုံး၊ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုနိုင်အောင် ကြိုးစားပါ။ ဘာချို့ယွင်းချက်ရှိသလဲ၊ ချို့ယွင်းတာ ပြုပြင်ပေးပါ။
ရဟန်း ရှင် လူ မည်သူမဆို နေ့စဉ်နေ့တိုင်း အောက်မေ့နေရမှာက "ကံသာလျှင် အမိ၊ ကံသာလျှင် အဖ၊ ကံသာလျှင် ကိုယ့်အမွေ၊ ကံသာလျှင် ဆွေမျိုး၊ ကံသာ အားကိုးစရာ၊ ကံသာလျှင် စီမံပိုင်ခွင့်ရှိတယ်" ဆိုတာကိုပါပဲ။

စုံလင်ပါမှ

လူတစ်ယောက် လှတော့လှပါရဲ့၊ ကျန်းမာရေး မကောင်းဘူးဆိုလျှင် အကျိုးပေးဖို့ မလွယ်ဘူး။ အခွင့်ကာလ မပြည့်စုံလို့ပဲ။ လှလည်းလှတယ်၊ ကျန်းမာရေးနဲ့လည်း ပြည်စုံတယ်ဆိုလျှင်တော့ အကျိုးပေးဖို့ အခွင့်သာပြီ။ 

တစ်ခါ လှပကျန်းမာသော်လည်း ပညာမတတ်၊ အသိဉာဏ် နည်းတယ်ဆိုလျှင် အကျိုးပေးသင့်သလောက် အပြည့်အစုံ မလာတတ်ပြန်ဘူး။
အလိမ္မာ ဉာဏ်ပညာ၊ ကိုယ်မှု နှုတ်မှု ပယောဂ၊ ဇွဲ လုံ့လ စုံလင်ပါမှ အကျိုးပေးစုံနိုင်တာပဲ။ ဆိုလိုတာကတော့ ကာလ၊ ဂတိ၊ ဥပဓိ၊ ပယောဂဆိုတဲ့ အင်္ဂါလေးပါးတွင် တစ်ပါးပါး လျော့နေပါက အကျိုးပေး မစုံနိုင်ဘူးလို့ မှတ်ပါ။

မသိတော့ ခက်တာပေါ့


လောကကြီးက သူ့ဘာသာသူ သွားတတ်ခဲပါတယ်။ (ဂတာနုဂတိကော လောကော) တဲ့။ ရှေ့ကသွားတဲ့အတိုင်း နောက်က လိုက်သွားနေတတ်ကြတာ။ အခု လှူကြတန်းကြတဲ့နေရာမှာ အများတုပြီးတော့ မရှိလည်း ကျွေး၊ ရှိလည်း ကျွေး၊ အလှူဆို ဒီလိုလုပ်ရတယ်မှတ်ပြီး လုပ်ကြတော့ မွဲကုန်တာပေါ့။ လှူပုံလှူနည်းရဲ့ အရင်းအမြစ်ကို မသိတော့ ခက်တာပေါ့။

မြန်မာနိုင်ငံရဲ့ အသွားက

ဂုဏ်ပကာသနကို မငဲ့ဘဲ ပါရမီဖြစ်မှုကိုသာ ငဲ့တဲ့ ဝေဿန္တရာမင်းကြီးတို့ရဲ့ အလှူမျိုးကိုသာ အတုယူရမှာ။ ခုတော့ မဟုတ်ကြဘူး။ ဂုဏ်ပကာသန အသိုက်အ၀န်းက တယ်များကြတယ်။ ဘယ်လောက်မျှ မကြီးကျယ်တဲ့ မြန်မာနိုင်ငံရဲ့ အသွားက အဲဒီလိုဖြစ်နေတာ။

အရာရာမှာ စည်းကမ်း

မိကောင်းဖခင် သားသမီးများဆိုတာ နေရာတိုင်းမှာ ထိန်းသိမ်းရပါတယ်။ အိမ်မှာ အဖေနဲ့အမေနဲ့၊ ကျောင်းမှာ ဆရာ ဆရာမများနဲ့ အုပ်ထိန်းမှုမကွာမှ၊ ဆိုဆုံးမစကားကို လိုက်နာကျင့်သုံးမှ တိုးတက်လမ်း ရှိပါတယ်။ ဒါကြောင့် အရာရာမှာ စည်းကမ်းရှိရပါမယ်။

အဲဒီသုံးခုလောက် ကြည့်ရုံနဲ့

ကျောင်းတိုက်တစ်ခုမှာ စည်းကမ်းရှိမရှိ သိချင်လျှင်
 

(က) ကုဋီအိမ်သာ၊
 

(ခ) သောက်ရေအိုးစင်၊
 

(ဂ) ဆွမ်းစားကျောင်း 
အဲဒီသုံးခုလောက် ကြည့်ရုံနဲ့ သိနိုင်တယ်တဲ့ လူတွေမှာလည်း ဒီအတိုင်းပါပဲ။

(က) မီးဖိုချောင်၊
 

(ခ) သောက်ရေအိုးစင်၊
 

(ဂ) အိမ်တွင်းနှင့် အိမ်ဝင်းလောက်
ကို ကြည့်လိုက်လျှင်ပဲ သိနိုင်ပါတယ်တဲ့ ရှေးဆရာတော်ကြီးတွေက မိန့်ကြတယ်။

သူတော်ကောင်းတို့ရဲ့ သတ္တိ

လူတစ်ယောက် သတ္တိရှိတယ်ဆိုတာ တစ်ဖက်သားကို လက်သီးနဲ့ ထိုးမှ၊ တုတ်နဲ့ချမှ မဟုတ်ဘူး။ ဒါက လူမိုက်တို့ရဲ့ အမူအရာပဲ။ အမှန်က အခုလို သည်းခံခြင်းတရားနဲ့ ပြည့်စုံပြလိုက်မှသာ သတ္တိအစစ်၊ သူတော်ကောင်းတို့ရဲ့ သတ္တိ၊ မှတ်ထားကြစမ်းပါ။ ဒေါသရှေ့ထားပြီး မခံချင်တရားနဲ့ တုံ့ပြန်လိုက်လျှင် အဲဒါ ကိုယ့်ဘက်က အပြတ်အသတ် ရှုံးတော့တာပဲ။

ဘုရားဟောလည်း ရှိပေသားပဲ။ "ရန်ကို ရန်ချင်း မတုံ့လျဉ်းနဲ့" တဲ့။ "ဆဲရေးလာသူကို ကိုယ်က ပြန်၍မဆဲခြင်းဖြင့် အောင်နိုင်ရာ၏" တဲ့။ ဒါတွေကို အသုံးပြုကြစမ်းပါ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ကျင့်သုံးစေချင်လို့ ဟောထားတာ။ ဒါကြောင့် လူတစ်ဦးရဲ့ သတ္တိဟာ "သည်းခံခြင်းတရား" လို့ ပီပီသသကြီး မှတ်သားထားလိုက်ကြစမ်းပါ။

အစားသွင်း

တရားနဲ့ နေတဲ့သူဆိုတာ ပူလောင်မှုတွေ ခွါရပါမယ်။ လောဘ ဒေါသ မာန်မာန ဣဿာ မစ္ဆရိယ စတဲ့ အကုသိုလ်တွေဟာ ပူလောင်တဲ့ မီးခဲတွေပဲ။ ဒါတွေကို နည်းနိုင်သမျှ နည်းအောင် ပါးနိုင်သမျှ ပါးအောင် ခွါထား။ အဲဒီ နေရာတွေမှာ အေးချမ်းတဲ့ ကုသိုလ်စိတ်တွေ အစားသွင်း၊ ဒီနည်းနဲ့ အေးချမ်းမှုရအောင် လေ့ကျင့်ယူရမှာပဲ။

တစ်ပြားသားမျှ မလျှော့ဘဲ


ဒီသာသနာကို လူရော ရှင်ရော အားလုံးက ၀ိုင်းပြီး ထိန်းထားကြမှသာ ကြာရှည်ခံနိုင်မှာပါ။ မလျှော့လိုက်ကြပါနဲ့၊ တစ်ပြားသားမျှ မလျှော့ဘဲ ဇွဲနဲ့ ထိန်းလိုက်ကြစမ်းပါ။

ဘာမျှမရှိဘူး

လောကကြီးက ဟန်သမားမှ ကြည်ညိုကြတာ၊ ဟန်သမားမှ အထင်ကြီးကြတာ။ ဟန်သမားတွေ လုပ်တာကို ၀ိုင်းပြီး အဟုတ်မှတ်၊ ပြီးတော့ ဘာမျှလည်း မဟုတ်ဘူး။ ဟန်ပဲ ကျန်ရစ်တယ်။

ရှေးသရောအခါ ဗာရာဏသီပြည်မှာ ဘာစေ့ကြီးကို စိုက်တော့ ဘာပင်ကြီးပေါက်လာ၊ ဘာသီးကြီးတွေ သီး၊ ဘယ်က လူမှန်းမသိဘူး ရောက်လာပြီး ဘာသီးကြီးတွေကို ခွဲကြည့်တော့ အတွင်းမှာ ဘာမျှမရှိဘူးတဲ့ ဆိုတာလိုပဲ။
အခုလည်း ဘယ်လိုဟန်သမားတွေက ဘယ် ဘာတွေ လုပ်ပြနေကြမှန်း မသိဘူး။ ဘာလုပ်လုပ် အဟုတ်ထင်ကြတယ်။ ပြီးတော့လည်း ဘာမျှ မဟုတ်ကြဘူး။ ဘာမျှ မကျန်ရစ်ဘူး။

သီလကို မမေ့ကြနဲ့

ကိယ့်နည်းနဲ့ကိုယ် ကုသိုလ်ရအောင် ကြိုးစားကြပါ။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ကုသိုလ်ရဖို့ လိုရင်း။ မလှူနိုင်လို့ရှိရင် သီလကိုသာ အားပြုပြီး ထိန်းပေးကြပါ။ အဖိုးအခ တစ်ပြားသားမျှ မကုန်ဘဲနဲ့ တန်ဖိုးအကြီးဆုံးရတဲ့ ကုသိုလ်ဆိုတာ ဒီသီလပဲ။

အခုခေတ်မှာ ဒါနတော့ ပြုကြပါရဲ့၊ သီလကို မေ့နေကြတယ်။ 
သီလကို မမေ့ကြနဲ့။ သီလကို အခြေခံပြီး ဘာဝနာတစ်ခုခုနဲ့ စိတ်ကိုကြီးမားအောင် ပြုပြင်ပေးကြ။

ခင်ခင်မင်မင် ကြင်ကြင်နာနာ

ဘုရားကိုယ်တော်မြတ်က အိမ်ရာတည်ထောင် လူ့ဘောင်မှာ မနေရဘူးလို့ မမိန့်ပါဘူး။ လူဖြစ်လျှင် လူ့သီလ လုံခြုံဖို့တော့ မိန့်တယ်။ ဇနီးမောင်နှံဖြစ်ကြလျှင် တစ်ဦးအပေါ်တစ်ဦး ခင်ခင်မင်မင် ကြင်ကြင်နာနာ ရှိကြဖို့၊ မေတ္တာနဲ့ ကရုဏာနဲ့ နေကြဖို့၊ တရားမျှတဖို့ အမိန့်ရှိတယ်။

သီလက ဒါနထက် ပိုပြီးအားကိုးရတယ်

လူတွေ လောကမှာလည်း ဒီအတိုင်းပါပဲ။ အင်မတန်ကောင်းတဲ့ ကိုယ်ကျင့်သိက္ခာ ငါးပါးသီလကိုတော့ အပြည့်အ၀ မထိန်းချင်ကြဘူး။

 အလှူအတန်းကြီးတွေတော့ မဏ္ဍပ်ကြီးတွေထိုးပြီး အကြီးအကျယ်ပေးတယ်။ အဆောင်အယောင်တွေ ပကာသနတွေနဲ့။
သီလထိန်းတာက လူမမြင်ရတော့ အရသာက တယ်မရှိဘဲကိုး။
မဏ္ဍပ်ကြီးနဲ့ အလှူကြီးပေးတာကတော့ လူမြင်သူမြင်မို့ ဟိုကချီးမွမ်း၊ ဒီကချီးမွမ်း အရသာရှိတယ်။ 


သာယာဖွယ်ဖြစ်တယ်။ အင်း သံသရာနဲ့ ကြည့်လိုက်တော့ လူချီးမွမ်းမခံရတဲ့ သီလကမှ စိတ်ချရတာကပဲ။ ဘ၀ကူးကောင်းဖို့နဲ့ ပတ်သက်လာလျှင် သီလက ဒါနထက်ပိုပြီး အားကိုးရတယ်။

တချို့များ သီလဖျက်ပြီးတော့ စီးပွားရှာလိုက်ကြတာ သားသမီးတွေလည်း မိဘလုပ်တဲ့အတိုင်း လိုက်လုပ်ကြတာပဲ။ သံသရာထဲမှာ ရင်လေးစရာပေါ့။ သံသရာခရီး တစ်လျှောက်လုံးအတွက်ပါ ကြည့်ရမှာ။

အထက်တက်ဖို့သာ ခက်တာ


ဘ၀သံသရာမှာ ခံစားဖို့ မမျှော်မှန်းကြပါနဲ့။ ပါရမီဖြစ်အောင်သာ ဆည်းပူးကြိုးစားကြမယ်လို့ အောက်မေ့ထားကြ၊ စိတ်ထားဖြူစင်ကြပါစေ။ အောက်ဆင်းဖို့ဆိုတာ မခဲယဉ်းဘူး။ အထက်တက်ဖို့သာ ခက်တာ၊ ဘ၀မြင့်လာဖို့သာ ခက်တာ။ ကုသိုလ်ဖြစ်တဲ့ စိတ်ကို အမြဲမွေးထားကြ။
အဲဒီလို မွေးမြူထားလျှင် ရောဂါလည်း ကင်းတယ်၊ အသက်လည်း ရှည်တယ်၊ ပါရမီလည်း တိုးလာမယ်။ တိုတောင်းလှတဲ့ ဘ၀ကလေးကို ဒီနည်းနဲ့ အသုံးပြုပါ။ အချိန်မဖြုန်းကြပါနဲ့။

ခုတ်ရာတခြား ရှရာတခြား

“သာသနာကို အားပေးနေတယ်” ဆိုတဲ့သူတွေကလည်း စဉ်းစားကြဖို့ ကောင်းပြီ။ ကိုယ့်အလုပ်တွေဟာ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်မဖြစ်၊ အကျိုးသက်ရောက်မှု ရှိမရှိ စိစစ်ဖို့ လိုကြပါတယ်။

ဒါတွေ ဒါတွေကြောင့် သာသနာတော်ကြီး တိုးတက်လာတယ်ဆိုလျှင် တော်သေး၊ ခုတော့ မဟုတ်ဘူး။ လမ်းမှားလိုက်မိနေကြတော့ အဆင့်အတန်း မြင့်ကြရမည့်ဟာ မမြင့်ဘဲ တဖြည်းဖြည်း နိမ့်ကျလာနေတယ်။ ဘုန်းကြီးကတော့ (မူ)ပြောင်းရမယ်လို့ မြင်နေလို့ မလျှော့တမ်း ကြိုးစားနေတာပဲ။

မလုံတဲ့အိုး

ဘုန်းကြီးရဲ့ဝါဒက သူများတွေ ဘယ်လောက်ပဲပြောပြော ပြောကြပါစေ၊ ကိုယ်အနေမှန်ဖို့ပဲ လိုတယ်။ အလုပ်နဲ့ သက်သေပြမယ်။ အဲဒီလို ခံယူထားပြီး ပြုံးပြုံးပဲ။ သူတို့က မသိလို့ ပြောနေကြတာ။ စိတ်ထားသေးသိမ်းတဲ့သူ၊ အလုပ်သေးသိမ်တဲ့သူဆိုတာ အရာရာ သေးသိမ်သွားတတ်တယ်။

စိတ်နေစိတ်ထား နုံ့လျှင် အဲဒီစိတ်ဓာတ်က ကိုယ့်ဘ၀ကို ပြန်နှစ်တာပဲ။ နိမ့်သွားစေနိုင်တယ်။ တခြားက လာနှစ်တာ မဟုတ်ဘူး။ ပခုက္ကူဆရာတော်ကြီးက ဘုန်းကြီးတစ်ပါးကို ပြောတယ်။ “အိုးကွဲထဲ ရေးထည့်ထားလို့ မလုံဘူးနော” တဲ့။ ဟုတ်သားပဲ၊ မလုံတဲ့အိုးဆိုတာ လုံကိုမလုံဘူး။ လုံတဲ့အိုးမှ ရေထည့်ထားလို့နေတာ။

အရုပ်လို မမြင်ကြစမ်းပါနဲ့


ဒီတော့ ပြောချင်တာက "ဘုရားကို ဘုရားလို မြင်ကြစမ်းပါ၊ ရုပ်တုတော်ပေမယ့် အသက်ရှိနေသလို မြင်ကြစမ်းပါ" လို့ ဆိုချင်ပါတယ်။ စိတ်က သက်တော်ထင်ရှား ဘုရားကိုယ်တော်မြတ်တိုင်အောင် အာရုံယူကြစမ်းပါလို့ ပြောချင်ပါတယ်။

အဲဒီလို မြင်လာနိုင်မှ ဆွမ်းကပ်တဲ့အခါ အသက်ရှိတဲ့ ဘုရားကို ကပ်လှူနေရသလို ပူဇော်နေရသလို မြင်လာနိုင်ပါမတဲ့။
ဒီအခါမှာ ပန်းကန်ပြားသေးသေးနဲ့ ဆွမ်းကလေး နည်းနည်းပေါ်မှာ ဟင်းဖတ်ကလေးတွေပုံပြီး နတ်တင်သလို ပြုတဲ့အလေ့ကို ဘယ်လိုဆိုတာ မြင်လာပါလိမ့်မယ်။

ဆွမ်းတော်တင်လျှင် နည်းနည်းကလေး မလုပ်ပါနဲ့။ တစ်ပါးစာ ၀လောက်အောင် ပန်းကန်ပြားထဲ မောက်မောက်ဖြိုးဖြိုး ထည့်ပါ။ ဟင်းကိုလည်း မစုံချင်နေပါစေ။ ၂ ခွက်၊ ၃ ခွက်လောက်နဲ့ ၀လောက်အောင် အနေအထားမျိုး လှလှပပ ပြင်ပါ။


ရေကိုလည်း ဖန်ခွက်အကြီးစားနဲ့ အပြည့်အလျှံ ထည့်၍ လှူပါ။ လက်တစ်ဆစ်လောက် ခွက်ကလေးနဲ့ မလုပ်ပါနဲ့။

လှူဒါန်းထားတဲ့ ဆွမ်းပွဲက များလွန်းလို့ မစွန့်ပစ်နိုင်လျှင် ဝေယျာဝစ္စပြုသူဟာ သုံးစွဲကောင်းတာပဲ။ အချိန်ကုန်တဲ့အခါ စွန့်ပြီး စားကြပေါ့။ စားနိုင်ပါတယ်။ စားကောင်းပါတယ်။

 အဲဒီလို ဘုရားကို အသက်ရှိတဲ့ အနေမျိုးနဲ့ မြင်ကြစမ်းပါ။ဘုရားကို ကိုးကွယ်တဲ့နေရာမှာ ရှေးရိုးကျတဲ့လူပဲဖြစ်စေ၊ ခေတ်အမြင်
 မြင်တဲ့လူပဲဖြစ်စေ အသက်ရှိသလို မြင်ပါစေ။ 

သဘာဝကျကျ မြင်ပါစေ၊ သက်တော်ထင်ရှား ဘုရားကိုတိုင်အောင် စိတ်ကရောက်မှ သဘာဝကျမယ်။
ဒီတော့မှလည်း လှူဒါန်းပူဇော်နေရတဲ့ ကုသိုလ်စေတနာတွေဟာ တကယ့်သက်တော်ထင်ရှား ဘုရားအစစ်ကို လှူနေရသလို ဖြစ်မယ်။

သက်တော်ထင်ရှား ဘုရားသာဆိုလျှင်

ရေတို့ ပန်းတို့ လှူတဲ့နေရာမှာလည်း သဘာဝကျဖို့ အလွန်လိုပါတယ်။ 
တချို့က ဘုရားကို ကြည်ညိုလှပါတယ်ဆိုပြီး ပန်းတွေကတော့ အများကြီးပါပဲ။ ဘုရားရှေ့မှာ ပန်းအိုးတွေ ပြည့်လို့ ညပ်လို့ စီလို့။
ဘုရားက သေးသေးဆိုလျှင် ပန်းအိုးတွေနဲ့တောင် ကွယ်နေတတ်သေးတယ်။ သက်တော်ထင်ရှား ဘုရားသာဆိုလျှင် အမိန့်ရှိမှာ "မင်းတို့ဟာတွေကလည်းကွာ ရှုပ်နေတာပဲ။

ငါ သွားလို့လာလို့တောင် မရတော့ဘူး" လို့။ သည်တော့ "ပန်းလှူတယ်" 
 ဆိုတာ ဘုရားရှေ့ တည့်တည့်မှာ သွားချလို့ ဘယ်တော်မှာလဲ၊ ဘုရားနဲ့ ခပ်စောင်းစောင်း မနီးမဝေး လွတ်လွတ်နေရာမှာ ထားဖို့ကောင်းတာပေါ့။

 ရေလည်း ဒီအတိုင်းပဲပေါ့။
မီးပူဇော်တဲ့သူတွေကိုလည်း ပြောစရာ အများကြီးပဲ။ "မီးပူဇော်တယ်" ဆိုတာ မှောင်တဲ့အခါမျိုးမှာ အလင်းရောင်ရအောင်လို့ ပူဇော်ရတာ၊ အခုတော့ မဟုတ်ကြဘူး။

 နေအလင်းရောင် ရနေတဲ့အချိန်ကြီးမှာလည်း ဆီးမီးတိုင်တွေ ထွန်းတော့တာပဲ။ ကဲ စဉ်းစားကြည့်ကြစမ်းပါ။ နွေကာလကြီးမှာ အလိုလိုမှ ပူရအိုက်ရတဲ့အထဲ နေအလင်းရောင်လည်း ရနေတဲ့ အချိန်ကြီးမှာ မီးပူဇော်ကြသတဲ့။

"ပူပါတယ်" ဆိုတဲ့ အခါမျိုးမှာ ကိုယ့်အနားလာပြီး မီးစကြီးချလျှင် ကြိုက်နိုင်ပါ့မလား။ ဗေဒင်ဆရာက ဟောတိုင်း လျှောက်လုပ်နေကြတာ၊
 ဗေဒင်ဆရာက ဘုရားကို ဆီမီးသက်စေ့ ပန်းသက်စေ့လှူပြီး ယတြာချေရမတဲ့ဆိုလို့ ကြောက်ကြောက်နဲ့ အချိန်အခါ ဟုတ်သည်၊ မဟုတ်သည်ကို မရွေးနိုင်ဘဲ လျှောက်လုပ်မိကြတာ၊ တန်ခိုးကြီး ဘုရားစေတီတွေမှာ ပိုပြီး များများတွေ့နိုင်ပါတယ်။

မလိုက်ချင် လိုက်ချင်နဲ့

လူတွေမှာ ပစ္စည်းကို ရအောင်ရှာ၊ ရှာလို့လည်း မတင်းတိမ်၊ ခံစားလို့လည်း မတင်းတိမ်။ ဒီကြားထဲ သေမင်းက ဆွဲသွားတော့ မလိုက်ချင် လိုက်ချင်နဲ့ လိုက်သွားရတယ်။ ဒါကြောင့် လောကီအာရုံ ကာမဂုဏ်တွေကို အမြဲတမ်း ကြံစည်နေလျှင် စိတ်ဓာတ်အား နည်းလာတတ်တယ်။
စိတ်အားနည်းလာလျှင် ကိုယ်အားလည်း နွမ်းလာတာပဲ။ ဘုရားက "လောကီအာရုံ ကာမဂုဏ်တွေမှ ကင်းဆိတ်ရမယ်" ဆိုတာ လူရော ဘုန်းကြီးရော သဘောမပေါက်ကြဘူး။

ခက်ခဲတဲ့ဘဝ

လူ့ဘ၀ရဖို့တောင် မလွယ်လှဘူး။ စာထဲမှာ ဥပမာနဲ့ ပြောထားတယ်။ ပင်လယ်ပြင်ကျယ်ကြီးထဲမှာ ထမ်းပိုးတုံးကြီးတစ်ခု လေတိုက်ရာ မျောချင်သလို မျောနေသတဲ့။ အပေါက်ကလည်း တစ်ပေါက်တည်းတဲ့။ ရေပြင်အောက်ခြေမှာရှိတဲ့ လိပ်ကန်းကြီးကလည်း အနှစ် ၁၀၀ ကြာမှ တစ်ခါသာ ပေါ်တယ်။ အဲဒီ လိပ်ကန်းကြီးရဲ့ ခေါင်းနဲ့ ထမ်းပိုးပေါက် စွပ်မိဖို့ဟာ ဘယ်လွယ်မလဲ။
ဒါပေမယ့် အဲဒါကမှ ကြုံကြုံကြိုက်ကြိုက် စွပ်မိချင် စွပ်မိဦးမယ်တဲ့။
လူ့ဘ၀ကြုံဖို့က အဲဒီထက် ခက်တယ်တဲ့။ အခု အဲဒီ ခက်တဲ့ဘ၀ကို ရနေကြပြီ၊ ရတုန်းရခိုက်မှာ ပါရမီတွေ ဖြည့်လိုက်ကြစမ်းပါ။ စိတ်ကောင်းနှလုံးကောင်း မွေးလိုက်ကြစမ်းပါ။


ကြိုးစားပြီးရင်း ကြိုးစား


ရှေးက ပါရမီတွေ များခဲ့မှလည်း ပစ္စုပ္ပန်ဘ၀မှာလာပြီး တော်တတ်ပါတယ်။ ကိုယ့်ဘာသာကိုယ် ချိန်ကြည့်ပါ။ ငါ့ ပါရမီ ရှေးက ဘယ်လောက်များခဲ့သလဲ၊ မများခဲ့ဘူးလဲ ဆိုတာ။
လာမယ့် အနာဂတ်ဘ၀တွေမှာ ပါရမီ မနည်းအောင် ယခုကစပြီး ဖြည့်ထားကြပါ။ ကြိုးစားပြီးရင်း ကြိုးစား၊ မနားမနေ ဘ၀ပါရမီကို ထူထောင်ကြပါ။

အထက်တန်းရောက်နေလျှင်


အလုပ်တစ်ခုလုပ်လျှင် ကောင်းမကောင်း စိစစ်ပြီး ပြုပြင်လိုက်ကြစမ်းပါ။ သူများကို မနာလိုဝန်တိုဖို့လည်း မလိုဘူး။ အဲဒီစိတ်တွေဖြစ်လျှင် ကိုယ်သာဆင်းရဲရတယ်။ အပြောခံရသူမှာတော့ ဘာမှမဖြစ်ပါဘူး။
ကိုယ်က အထက်တန်းရောက်နေလျှင် စိတ်ကောင်းလည်း ရှိရတယ်။ အပြောလည်း ခံရမယ်၊ သို့မဟုတ်လျှင် ပြန်ကျသွားနိုင်တယ်။


ကိုယ်တော့ စိတ်အေးသွားရတာ အမှန်ပဲ

သူတော်ကောင်းဆိုတာ မတော်တာကို မတော်ဘူးလို့ ပြောပါ။ စိတ်ဆိုတာ ကောင်းတဲ့အာရုံ အမြဲထုံပေးနိုင်မှ တော်ကာကျတယ်။ 

သူများချမ်းသာတာကို "ချမ်းသာပါစေ" လို့ ၀မ်းမြောက်လိုက်လျှင် တစ်ဖက်သားမှာ ချမ်းသာတယ် မချမ်းသာဘူးတော့ မသိဘူး၊ ကိုယ်တော့ စိတ်အေးသွားရတာ အမှန်ပဲ။
ဆင်းရဲတဲ့သူနဲ့ တွေ့တော့လည်း ကရုဏာဖြစ်ရမယ်။ အရာရာမှာ မေတ္တာစိတ်ထားပြီး စိတ်ကောင်းထား သည်းခံဖြစ်နိုင်လျှင် အကောင်းဆုံးပဲ။

လျှော့ချမပစ်ကြပါနဲ့

မြင့်မြတ်တဲံလမ်းစဉ်အတိုင်း သွားနေပါလျက်နဲ့ နိမ့်ရာကိုတော့ မဆင်းချင်ကြပါနဲ့။ အကုသိုလ်ဖြစ်မယ့်နေရာကို ရှောင်ကြဉ်ပြီး ကုသိုလ်ဖြစ်မယ့်နေရာကို ရွေးတတ်ပါစေ။
ဒီဘ၀ရဲ့ အခြေအနေကို မပျက်စေဘဲ နောင်ဘ၀တွေအတွက် ဒါထက်ကောင်းတဲ့သူဖြစ်အောင် ကြိုးစားကြစမ်းပါ။ ကိုယ့်ရဲ့ ကံ ဉာဏ် ၀ီရိယ ကို လျှော့ချမပစ်ကြပါနဲ့။


ရေပြင်ကြီးလိုပေါ့

မေတ္တာပို့တယ်ဆိုတာ သားတစ်ယောက်သာရှိတဲ့ မိခင်က ဒီသားလေးအပေါ်မှာ မေတ္တာစိတ်ရှိတဲ့ မျက်လုံးနဲ့ အမြဲမပြတ် မျက်စိအောက်က အပျောက်မခံ စောင့်ရှောက်နေသလိုတဲ့။
သတ္တ၀ါအားလုံးရဲ့အပေါ်မှာ မိမိချမ်းသာသလို တစ်တန်းတည်းထားပြီး ချမ်းသာစေလိုတဲ့စိတ်ထား အမြဲရှိစေရမယ်။


"တစ်တန်းတည်းထား" ဆိုတာ ဥပမာပြောရလျှင် ရေပြင်ကြီးလိုပေါ့။ ရေပြင်ကြီးတစ်ခုဟာ လူကောင်းတစ်ယောက် လာချိုးလည်း အချိုးခံတယ်။ အနူကြီးတစ်ယောက် လာပြီး ဆင်းချိုးလည်း အချိုးခံတာပဲ။
ဆင်းရဲသား လာချိုးလည်း ဒီအတိုင်းပဲ။ ဘယ်သူ့ကိုမျှ ပိုပြီး အေးမပေးပါဘူး။ တစ်တန်းတည်းထားပြီး အေးပေးလိုက်တာပဲ၊ အဲဒီအတိုင်းပဲပေါ့။


အောင်မြင်လာကြရစမြဲပါပဲ


ကိုယ့်ရဲ့အစွမ်းအစကို စနစ်တကျ ဖော်ထုတ်အသုံးပြု၊ ဇွဲနဲ့ကြိုးစားလျှင် သတိ၊ ၀ီရိယ၊ ဉာဏ်ပညာတို့နဲ့ တွဲဖက်ပြီး အသုံးပြုလျှင် တစ်ချိန်မှာ အောင်မြင်လာကြရစမြဲပါပဲ။

"သာမဏေကျော်" ရေးသားပူဇော်သည့် "မဟာဂန္ဓာရုံဆရာတော်၏ လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ"
စာအုပ်မှ ကူးယူဖော်ပြ ဓမ္မဒါနပြု ခြင်းဖြစ်ပါသည်။


ချမ်းသာပါကြစေ..၊အေးငြိမ်းပါကြစေ..၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။


ဘ၀တုသဗ္ဗမင်္ဂလံ


(May all beings Living in all the ten directions be happy. May they all share the merits I acquire.
May all be happy! May all be happy! May all be happy!)


ဗုဒ္ဓကမ္ဘာဆိုဒ်မှ ကူးယူမျှဝေသည်။

No comments:

Post a Comment