"ဦးဉာဏ် …..ရော့ ပါ ခင်ဗျာ..၊"
"ဘာတွေများလဲ မောင်ဇော် ရဲ့။"" ပဲခူး က အမျိုးတွေဆီကို အလည်သွားပြီး ပြန်လာတာ ၊ ဒါက ပဲခူး က နာမည်ကြီး ငါးချဉ် လက်ဆောင် ပေးတာလေ။"
"အမယ်… ဆရာမှန်း ,သမားမှန်း သိတတ်လာပြီပဲ ဟဲဟဲ…၊ ကျေးဇူးတင်ပါတယ် မောင်ရာ..။"
"အရမ်းစွပ် ကျေးဇူးတင်မနေနဲ့ဦး၊ မသိလို့ မေးချင်တာလေးလဲ ဖြေပေးဦး။"
"အလို ဘာများမေးစရာရှိတာတုန်းကွယ့်..၊ အင်း..ငါးချဉ် ပေးတယ် ဆိုတော့ အကျိုးလို လို့ ညောင်ရေ လောင်းနေတဲ့သဘောပေါ့လေ မောင်ဇော်..။"
"အဟဲ …ဒီလိုလဲမဟုတ်ပါဘူးဗျ၊ တကယ် ကိုသိချင်လို့ပါ။"
" အကျိုးများမယ် ဆိုရင်တော့ ဖြေပေးရတာပေါ့လေ၊ ငါးချဉ် မျက်နှာက ရှိသေးသကိုး။"
"ဒီလိုလေ ဦးဉာဏ်၊ ပဲခူး က "ရွှေသာလျောင်း" ဘုရားကြီး ကို "လက်ယာ" ဘက် လျောင်းတော်မူ ထုလုပ်ထားတာတွေ့တယ်။ "လက်ဝဲ" ဘက် လျောင်းတော်မူ ပြီး ထုလုပ်ထားတာမျိုးရော ရှိသလား သိချင်လို့။ "
"အော်..ဒါကို မေးချင်တာလား..၊
ဒါဆိုရင်တော့..ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောတော်မူခဲ့တဲ့ "သေယျသုတ်" ဆိုတာရှိတယ်။
အဲဒါက စ ရှင်းရမယ်..။"
"ဟုတ်ကဲ့ ၊အဓိပ္ပါယ်လေး က ?"
"အင်း..၊ "သေယျသုတ်"ရဲ့ အဓိပ္ပါယ် က လောက မှာ အိပ်ခြင်း(၄)မျိုး ရှိပါတဲ့။
(၁) ပြိတ္တာ တို့ရဲ့ အိပ်ခြင်း၊
(၂)ကာမဂုဏ် ခံစားသူတို့ရဲ့အိပ်ခြင်း၊
(၃)ခြင်္သေ့တို့ရဲ့အိပ်ခြင်း၊
(၄)ဘုရားရှင်တို့ရဲ့ အိပ်ခြင်း ပေါ့။
"(၁) ပြိတ္တာ တို့ရဲ့ အိပ်ခြင်း" ဆိုတာ က ပြိတ္တာများ ဟာ "ပက်လက်အိပ်"တတ်သတဲ့၊ ဘာကြောင့်လဲဆိုတော့ ပြိတ္တာမှာ အသွေးအသားနည်းပါးတတ်တယ်၊အရိုးစုကောင်ကြီးဖြစ်တတ်နေတယ်။
ဥပမာကွယ်-အဖျားရောဂါ တာရှည်တဲ့ လူနာ တစ်ယောက်ဟာ အသွေးအသားနည်းပြီး အရိုးအကြောအပြိုင်းပြိုင်း ထ လာတဲ့အခါ "လက်ဝဲ,လက်ယာ" မလွန့်နိုင်ဘဲ ပက်လက်အိပ်ရသလိုပေါ့။
ပြိတ္တာများ ဟာလည်း အရိုးအပြိုင်းပြိုင်းထ နေလို့ များသောအားဖြင့် ပက်လက်အိပ်ကြရရှာသတဲ့။"
"အော်..၊ဟုတ်ကဲ့..။"
"နောက်တစ်ခုနံပါတ်(၂)..။
(၂) ကာမဂုဏ် ခံစားသူတို့ရဲ့ အိပ်ခြင်း ကတော့ "လက်ဝဲ"ဘက် စောင်းအိပ်ပါသတဲ့။"
"ဘာဖြစ်လို့ လက်ဝဲဘက်စောင်းအိပ်တာလဲ ဦးဉာဏ်"
"သူ့ဇနီး က လက်ဝဲဘက်မှာ ရှိတာကိုး ၊ဒါကြောင့် လက်ဝဲဘက်စောင်းအိပ်တာပေါ့။"
" အော် ..ဂလိုလား..။ ခြင်္သေ့တို့ရဲ့အိပ်ခြင်း ဆိုတာကရော?"
"(၃)ခြသေ့င်္တို့ရဲ့အိပ်ခြင်း ဆိုတာကတော့ "လက်ယာ" နံတောင်းဖြင့် အိပ်သတဲ့၊ ခြင်္သေ့တွေ လက်ယာနံတောင်းအိပ်စက်ပုံကို "အဋ္ဌကထာ" က ဟောသလို ပြောပါတယ်ကွယ့်..၊"
"ပြောပေးပါဦး ဦးဉာဏ်။"
"ခြင်္သေ့ ဟာ "ရှေ့ခြေ"နှစ်ချောင်း ကို တစ်ဋ္ဌာန၊"နောက်ခြေ"နှစ်ချောင်းကို တစ်ဋ္ဌာန၊"အမြီး" ကို ပေါင်ကြားထဲ သွင်းထားတယ်။ ပြီးတော့ ရှေ့ခြေ၊နောက်ခြေ၊အမြီး တို့ရဲ့ တည်ရာ အရပ်ကို ကောင်းစွာမှတ်သားပြီး ရှေ့ခြေ အထက်မှာ ဦးခေါင်းကိုတင်ပြီးအပ်တယ်။
နိုးတဲ့အခါ ဦးခေါင်းထောင်ပြီး မူလ က မှတ်ထားတဲ့ "လက်,ခြေ,အမြီး ရွေ့၊မရွေ့" ကိုကြည့်ပါသတဲ့။ အကယ်၍ ရွေ့ခဲ့ရင် "ရဲရင့်တဲ့ ငါတို့ခြင်္သေ့ အား မလျောက်ပတ်ဘူး" လို့ စိတ်မချမ်းမသာတဲ့အတွက် အစာရှာမထွက်တော့ဘဲ အဲဒီနေရာမှာ ထပ်အိပ်သတဲ့။
မူလ မှတ်သားထားတဲ့အတိုင်း မရွေ့ဘဲ တည်နေမှ နှစ်သက်ရွှင်လန်းတဲ့စိတ် ဖြစ်ပေါ်လာပြီး အိပ်ရာ က ထ , လည်ဆန်မွှေး ကို ခါ၊ သုံးကြိမ် တိုင်တိုင် ဟောက် ပြီးမှ စားကျက်ကို ထွက်သွားတယ် လို့ ဖွင့်ပြထားတယ်။"
"ဟုတ်ကဲ့ ဦးဉာဏ်၊ ဆက်ပါဦး။ "
"နောက်ဆုံးတစ်ခု..၊
(၄) ဘုရား ရှင်တို့ရဲ့ အိပ်ခြင်း ဆိုတာကတော့ "လက်ယာ"ဘက် ကိုစောင်းပြီး "စတုတ္ထဈာန်" ကို ၀င်စားရင်း အိပ်စက်တော်မူပါတယ်။ "ဘုရားရှင် အိပ်စက်တော်မူပုံ" အသေးစိတ် ကို (သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ၊၃၃၁) မှာ ဒီလို ဖွင့်ဆိုထားပါတယ်၊"
"လင်းပါဦး..။ ဦးဉာဏ်..။"
"စတုတ္ထဈာန် ဖြင့် ကျိန်းတော်မူခြင်း ကို "ဘုရားရှင် ရဲ့ ကျိန်းစက်ခြင်း" လို့ ဆိုရမတဲ့၊ ခြင်္သေ့မင်းဟာ လက်ယာနံတောင်းဖြင့် အိပ်စက်သလို ဘုရားရှင်များဟာလည်း လက်ယာနံတောင်း ဖြင့် လျောင်းစက်တော် မူပါတယ်။
လျောင်းစက်တဲ့အခါ "လက်ယာ"ခြေတော်မှာ "လက်ဝဲ" ခြေတော် ကို စဉ်းငယ်လွန် ပြီးတင်ထားတယ်။"
"ဘာဇြစ်လို့ အဲသလို တင်လိုက်တာလဲ"
"ဘာကြောင့်တုန်း ဆိုတော့ "ဖဖျက်"တစ်ခု နဲ့ "ဖဖျက်"တစ်ခု၊ "ပုဆစ်ဒူးဝန်း"တစ်ခု နဲ့ "ပုဆစ်ဒူးဝန်း"တစ်ခု ထိခိုက်နေရင် ဝေဒနာ မပြတ် ဖြစ်နေတတ်သတဲ့။ စိတ်ရဲ့တည်ငြိမ်ခြင်း လည်း မရှိဘူးတဲ့။ အိပ် လို့လည်းမကောင်းဘူးတဲ့။
ဒါကြောင့် "ဖဖျက်ခြင်း၊ဒူးဆစ်ခြင်း" မထိအောင် စဉ်းငယ်လွန်ထားတာဖြစ်ပါတဲ့။
ဒီလို ကိုယ်အနေအထား ပြုပြီးမှ "သတိသမ္ပဇဉ်တရား" နှလုံးထားတယ်၊ ဘယ်အချိန် ထ မယ် လို့ လည်း ထ မယ့်အချိန် ပိုင်းခြားပြီး ကျိန်းစက်တော် မူသတဲ့။
ကျမ်းဂန်များမှာ ဘုရားရှင် ရဲ့ကျိန်းစက်ပုံ ကို ဒီလို ဖွင့်ပြထားတဲ့ အတွက် "လျောင်းတော်မူ" ထု လုပ်တဲ့အခါ စာဆိုနဲ့ညီအောင် "လက်ယာ" နံတောင်း ဖြင့် လျောင်းစက်ပုံ ကို ထုလုပ်ကြခြင်းဖြစ်တယ်။
အကယ်၍ မောင်ဇော် ခုနက မေးသလို "လက်ဝဲ" နံတောင်း ဖြင့် လျောင်းစက်ပုံ ထု လုပ်တယ် ဆိုရင် "ကာမဂုဏ် ခံစားသူတွေရဲ့အိပ်ခြင်း" ပုံမျိုးဖြစ်သွားမှာမို့ လောကပြစ် သင့်ရောက်တတ်တယ်၊ ဒါကြောင့် လက်ဝဲနံတောင်း ဖြင့် လျောင်းစက်ပုံ(လျောင်းတော်မူဘုရား) မထု လုပ် ကောင်းဘူးလို့ ဆိုပါတယ်။"
"အော်..၊ဒီလိုကိုး…။ ဟုတ်ကဲ့၊ လျောင်းတော်မူ ထု လုပ်ပုံ နဲ့ပတ်သက်လို့ကတော့ ရှင်းပါပြီ၊ ရွှေသာလျောင်း တည်ထားတဲ့အခါ "ဦးခေါင်း" ဘယ်အရပ် မှာ ထားရမယ် ဆိုတာလဲ ပြောပေးပါဦး …၊ ဦးဉာဏ်။"
"မြန်မာပြည်တစ်ဝန်းလုံး မှာရှိတဲ့ "ရွှေသာလျောင်း" ဆင်းတုတွေ ကတော့ အရှေ့,အနောက်,တောင်,မြောက် အရပ် (၄) မျက်နှာ သင့်သလို "ဦးခေါင်း" တော်ထားပြီး ထု လုပ်တာပါပဲ။
"သုမဟာဝါပါဠိတော်၊မဟာပရိနိဗ္ဗာနသုတ်" မှာ ဘုရားရှင် က -
"အာနန္ဒာ- အင်ကြင်းပင် အစုံ တို့၏ အကြား၌ မြောက်အရပ် သို့ ဦးခေါင်းပြု၍ ညောင်စောင်း ကို ခင်းလော့၊ ငါ ပင်ပန်း၏။ လျောင်းစက်အံ့"..
လို့ မိန့်တော်မူပြီး ညောင်စောင်းထက်မှာ မြောက်အရပ် သို့ ဦးခေါင်းပြု၍ လျောင်းစက်တော်မူကြောင်း ကို ပြဆိုထားတယ်။
ဒါကြောင့် ဒီ သုတ်တော် အရ "မြောက်ဘက်"အရပ် ဦးခေါင်းပြုထားတဲ့ လျောင်းတော်မူပုံ ကို "ပရိနိဗ္ဗာန်စံတော်မူပုံ" လို့ခေါ်တယ်။
"အရှေ့ဘက်"ကို ဦးခေါင်းပြုထားရင်တော့ "လျောင်းစက်တော်မူပုံ" လို့သတ်မှတ်တယ်။
"တောင် ဘက်" ကို ဦးခေါင်းပြုထားရင်တော့ "ဖလသမာပတ် ၀င်စားတော်မူပုံ" လို့သတ်မှတ်တယ်။ "ပေါင်းလဲဘုရား" လို့လဲသတ်မှတ် ခေါ်ဝေါ်တယ်။
"အနောက်ဘက်" ကို ဦးခေါင်းပြုထားရင်တော့ "နိရောဓသမာပတ် ၀င်စားပုံ" လို့သတ်မှတ်ကြတယ် တဲ့ဗျား။
ဒီ အကြောင်းကို ရှေးဆရာတော်များ က သံပေါက် တောင် စပ်ထားသေးသဗျာ့..။"
"ဟုတ်လား၊ ဘယ်လို သံပေါက် များတုန်း"
"ဒီလိုလေ-
"အရှေ့ဦးခေါင်း ၊ ရွှေသာလျောင်း၊
ပေါင်းလဲ ဒက္ခိဏာ ၊
အနောက် နေရဗ္ဗာန်၊
မြောက် နိဗ္ဗာန်၊
လေးတန် ခေါ်ဝေါ်တာ။"တဲ့ဗျား..။"
"သာဓု၊သာဓု၊သာဓု ပါဗျာ။ "
ချမ်းသာကြပါစေ..၊အေးငြိမ်းကြပါစေ..၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
ဉာဏ်လင်းမြို့ရေးသားသောပို့မှ ကူးယူမျှဝေသည်။
No comments:
Post a Comment