/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Wednesday, January 29, 2014

*** အနတ္တဝါဒ အပိုင်း(၃) ***

Photo: အနတ္တဝါဒ
-----------
အပိုင်း(၃)

(ခ) အတ္တ-အနတ္တပြဿနာ
----------------------------
အနတ္တဝါဒသည် ပါဠိ သက္ကတပိဋကတ်တို့၌ အထင်အရှားပါရှိ၍ ဗုဒ္ဓဝါဒ၏ အခြေခံ ပဓာနတရားဖြစ်သော်လည်း ဗုဒ္ဓဝါဒီအားလုံးက ယင်းကို အစဉ်တစိုက် တညီတညွတ် လက်ခံခဲ့သည်ဟု မထင်မှတ်သင့်ချေ။ ဘီစီ ၃ ရာစုခေတ် တတိယသင်္ဂါယနာ မတင်မီကပင် အိန္ဒိယပြည်၌ အနတ္တအယူကို မနှစ်သက်သော ဗုဒ္ဓဝါဒီများ ထွက်ပေါ်ခဲ့၏။ ကထာဝတ္ထု၌ ပထမဦးစွာ ပယ်သောအယူသည် ဝဇ္ဇီပုတ္တကနှင့် သမ္မိတိယဂိုဏ်းသားတို့၏ ပုဂ္ဂလဝါဒဖြစ်၏။ ထိုပုဂ္ဂလဝါဒီတို့သည် ဥပနိသျှကျမ်းလာ အတ္တဝါဒကို လက်မခံ။ ထေရဝါဒီတို့၏ အနတ္တဝါဒကိုလည်း ပယ်၏။ သူတို့အလိုအားဖြင့် လူသတ္တဝါသည် အတ္တမဟုတ်။ ရုပ်နာမ်တရား နှစ်ပါးချည်းသက်သက်လည်း မဟုတ်ဘဲ ထိုထက်ပို၍ထူးသော အထင်းအရှားရှိသော ပုဂ္ဂိုလ်ဖြစ်၏။ ဓမ္မပါလ နာဂဇုန ဝသုဗန္ဓုစသော မဟာယာနဗုဒ္ဓဝါဒ၏ ရှေ့ပြေးအဋ္ဌကထာ ဆရာတို့သည်လည်း ပုဂ္ဂလဝါဒကို ချေပခဲ့ကြ၏။ သို့ဖြင့် ပုဂ္ဂလဝါဒသည် တစ်စတစ်စ ကွယ်ပ၍ အနတ္တဝါဒကို ဗုဒ္ဓဝါဒီအားလုံးက လက်ခံယုံကြည်ခဲ့ကြ၏။ သို့ရာတွင် ယနေ့ကမ္ဘာပေါ်ရှိ ဗုဒ္ဓဝါဒီအားလုံးသည် အနတ္တဝါဒီများ ဖြစ်သည်ဟု မဆိုနိုင်ချေ။ ယခုအခါ အနတ္တဝါဒကို လက်မခံသော ဗုဒ္ဓဝါဒီ အတော်များများ ထွက်ပေါ်လျက်ရှိပေသည်။ အနောက်နိုင်ငံများ၌ အချို့သော ဗုဒ္ဓဝါဒီနှင့် ဗုဒ္ဓစာပေပညာရှင်တို့သည် အနတ္တဝါဒကို ဗုဒ္ဓဝါဒ အစစ်အမှန် မဟုတ်သယောင် ပြောဆိုရေးသားနေကြ၏။ သူတို့မှာ အရေအတွက်အားဖြင့် အင်အားမကြီးမားလှသော်လည်း ဗုဒ္ဓစာပေ ရေးသားသူများ ပါဝင်သောကြောင့် သူတို့၏ တင်ပြချက်ကို ကျွန်ုပ်တို့ အလေးအနက် စဉ်းစားသင့်၏။ အနတ္တဝါဒကို မနားမနေ အပြင်းအထန် ဝေဖန်တိုက်ခိုက်သောသူမှာ နာမည်ထင်ရှားသော ပါဠိပညာရှင် မစ္စက်ရိုင်းစ်ဒေးဗစ် ဖြစ်၏။ မစ္စက်ရိုင်းစ်ဒေးဗစ်သည် မူလပထမက မိမိ၏ခင်ပွန်းသည် ဗုဒ္ဓကျမ်းပြုဆရာ ဒေါက်တာရိုင်းစ်ဒေးဗစ်ကဲ့သို့ပင် အနတ္တဝါဒကို ဗုဒ္ဓဝါဒအစစ်အဖြစ်ဖြင့် လက်ခံခဲ့၏။ သို့ရာတွင် အမြင်ပြောင်းလဲသွား၍ အနတ္တဝါဒသည် ဗုဒ္ဓ၏ မူလဝါဒမဟုတ်။ ပိဋကတ်ဆရာ ရဟန်းဘုန်းကြီးတို့၏ ဝါဒသာဖြစ်သည်ဟု ရေးသားခဲ့၏။ သူ၏ အကြောင်းပြချက်မှာ လိုရင်းအချုပ်အားဖြင့် ။  ။ ဥပနိသျှအတ္တသည် မပြောင်းလဲဘဲ ထာဝရတည်မြဲရကား လူသည် မိမိ၏ အတ္တ ကောင်းစားရေးအတွက် အထူးအားထုတ်ရန်မလို ဗုဒ္ဓအသိမှတ်ပြုသော အတ္တမှာမူ ပြောင်းလဲသော အတ္တဖြစ်သောကြောင့် လူသည် မိမိ၏ အတ္တကြီးပွားမှုအတွက် ကြိုးစားအားထုတ်ရမည် ဖြစ်၏။ ထိုသို့ ဗုဒ္ဓသည် ဗြာဟ္မဏတို့၏ အတ္တဝါဒကို အနည်းငယ်ပြုပြင်၍ လက်ခံခဲ့သော်လည်း  ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်ပြီးနောက် မကြာမီ ပိဋကတ်ထဲသို့ အနတ္တဝါဒ ဝင်ရောက်လာ၏။ အနတ္တဝါဒ ပေါ်ထွန်းလာခြင်းသည် ပဓာန အကြောင်းနှစ်ရပ်ကြောင့် ဖြစ်၏။

ပထမအကြောင်းမှာ ဗုဒ္ဓဝါဒနှင့် မရှေးမနှောင်း ပေါ်လာသော အိန္ဒိယဘာသာဝါဒတစ်ခုဖြစ်၏။ ထိုဝါဒသည် အတ္တကိုလက်ခံသော်လည်း နာမ်တရားကို အတ္တနှင့်ခွဲခြား၍ လေ့လာမှုကို အားပေး၏။ သို့ဖြင့် ထိုဝါဒ အငွေ့အသက်မကင်းသော ဗုဒ္ဓဝါဒီတို့သည် အတ္တကိုဖယ်ခွာ၍ နာမ်တရားသက်သက်ကို လေ့လာကြရာ ကာလကြာသော် အတ္တကွယ်ပျောက်၍ သူတို့အမြင်အားဖြင့် လူသည် ရုပ်နာမ်တရားစု သက်သက်မျှဖြစ်လာ၏။ ထို့အပြင် ရှေးဦးမူလ ဗုဒ္ဓဝါဒီတို့သည် ရဟန်းများဖြစ်ကြ၏။ ရဟန်းမည်သည် လူ့ဘဝကို စိတ်ပျက်ငြီးငွေ့ နေသောသူ ဖြစ်ရကား လူ့ဘဝ၌ အနှစ်သာရ အတ္တကိုရှာ၍ မရဘဲ အနိစ္စ သင်္ခါရ ဒုက္ခတရားများကိုသာ ရှုမြင်စမြဲဖြစ်၏။ ဤသို့ နာမ်တရားကိုသာလျှင် တစ်ဖက်စောင်းနှင့် လေ့လာသော ရှေးအိန္ဒိယဘာသာဝါဒနှင့် လူ့ဘဝ လူ့လောကကို စိတ်ပျက်ငြီးငွေ့သော ရှေးဗုဒ္ဓဝါဒီ ရဟန်းများကြောင့် ပါဠိပိဋကတ်၌ အနတ္တဝါဒ၏ ထင်ရှားနေခြင်း ဖြစ်သည်ဆို၏။ ပိဋကတ်စာပေနှင့် အိန္ဒိယ ဗုဒ္ဓဝါဒသမိုင်းကို စေ့ငုသေချာစွာ လေ့လာသောသူအဖို့ အထက်ပါ မစ္စက်ရိုင်းစ်ဒေးဗစ်၏ အဆိုမှာ အခြေအမြစ်  ယုတ္တိမရှိလှချေ။ ဗုဒ္ဓသည် အတ္တဝါဒကို အတိအလင်းပယ်ကြောင်း ခိုင်မာသော ပိဋကတ်အထောက်အထား နှစ်ခုရှိ၏။ ပထမအချက်မှာ အတ္တဆိတ်သုဉ်းမှု သုညလောကကို ရှုမြင်ရန် ဟောကြားချက်နှင့် သဗ္ဗေဓမ္မာအနတ္တာဆိုသော ဟောကြားချက်ဖြစ်၏။ သင်္ခါရတရားအားလုံးသည် အနိစ္စတရား ဒုက္ခတရားဖြစ်သည်  ဆိုပြီးနောက် သင်္ခါရ စကားကို မသုံးဘဲ ဓမ္မအားလုံး အနတ္တဖြစ်သည်ဆိုခြင်းကို သတိပြုသင့်၏။ ဤဗုဒ္ဓဒေသနာနှစ်ခုမှတစ်ပါး အနတ္တအကြောင်း ဗုဒ္ဓ၏ အခြားမိန့်ကြားချက်များသည် အတ္တဝါဒကို တိုက်ရိုက်ပယ်သော စကားများမဟုတ်ချေ။ ယင်းတို့ကိုပြန်၍ အကျဉ်းချုပ် ဖော်ပြရသော် (1) ခန္ဓာငါးပါးသည် အတ္တမဟုတ်။ (2) ခန္ဓာငါးပါး၌ ပုဂ္ဂိုလ်သတ္တဝါကို ရှာ၍မရအပ်။ (3) ငါဘုရားသည် မည်သူက ခံစားသည် တွေ့ထိသည်ဟုမဟော အကြောင်းခံအကျိုးဆက် သဘောတရားကိုသာ ဟော၏။ ဤဗုဒ္ဓဒေသနာများကို ထောက်ချင့်၍ ဗုဒ္ဓလက်ထက်မှစ၍ ယနေ့အထိ ကမ္ဘာ့ဗုဒ္ဓဝါဒီအများစုသည် ဗုဒ္ဓက အတ္တကို လုံးဝပယ်သည်ဟု ယုံကြည်ကြ၏။အနောက်နိုင်ငံ ပါဠိပညာရှင်တို့သည်လည်း အများအားဖြင့် ထိုသို့ယူဆကြ၏။ အင်္ဂလိပ်ပါဠိပညာရှင် ဒေါက်တာသောမတ်စ်က ဗုဒ္ဓကိုယ်တိုင်က အတ္တမရှိကြောင်း အတိအလင်း ဟောပြောသည်ဟု ကျွန်ုပ်တို့မဆိုနိုင်ပါ။ သို့ရာတွင် ရုပ်နာမ်တရား ခန္ဓာငါးပါးနှင့် စပ်လျဉ်းသော ပိဋကတ်စကားများကို ထောက်ချင့်၍ ဗုဒ္ဓအလိုအားဖြင့် အတ္တမရှိဟု ယူဆနိုင်ပါသည် ဟုရေးသား၏။ ဗုဒ္ဓသည် အတ္တဝါဒကို ဟောခဲ့၍ ထိုဝါဒကို ပိဋကတ်ဆရာတို့က  ဖျောက်ဖျက်ပစ်သည်ဆိုသော စကားမှာ ယုတ္တိမရှိကြောင်း ဒေါက်တာသောမတ်စ်၏ ရေးသားချက်ကို ဆက်လက်ဖော်ပြပါအံ့။

ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူသောအခါ ဗုဒ္ဓဒေသနာများသည် မြောက်များလှစွာသော တပည့်ရဟန်းတို့၏ စိတ်ထဲ၌ စွဲမြဲကျန်ရှိခဲ့ပါလျက် အတ္တဝါဒနှင့် စပ်လျဉ်း၍ကား တစ်စွန်းတစ်စမျှပင်  ဗုဒ္ဓဝါဒီတို့ လက်ခံထားသည်ကို မတွေ့ရချေ။ အကယ်၍ ဗုဒ္ဓဝါဒ၌ အတ္တအယူလက္ခဏာ အမှတ်အသား တစ်စွန်းတစ်စ ကျန်ရှိခဲ့ပါက ဝဇ္ဇီပုတ္တကဂိုဏ်းသည် ခန္ဓာငါးပါးအပြင် ပုဂ္ဂိုလ်ရှိသေးသည်ဟု ဟောပြောသောအခါ ထိုအတ္တဝါဒ တစ်စွန်းတစ်စပါသော ဒေသနာများကို ထောက်ပြကြမည် အမှန်ဖြစ်၏။ သို့ရာတွင် စင်စစ်သူတို့သည် အတ္တအယူကင်းသော အထောက်အထားများကို ပြကြ၍ သူတို့၏ ပုဂ္ဂလဝါဒသည် ဗုဒ္ဓ၏ အနတ္တဝါဒနှင့် ဆန့်ကျင်ခြင်းမရှိဟုလည်း သူတို့ ယုံကြည်ကြပေသည်။ ရာဒါကရစ်ရှနန် အာနန္ဒာ ကုမာရဆွာမိ စသော ယခုခေတ် အိန္ဒိယပညာရှင် အတ္တဝါဒီတို့သည် ဗုဒ္ဓက အတ္တဝါဒကို လက်ခံသယောင် ရေးသားကြ၏။ အကယ်၍ သူတို့၏ ထင်မြင်ချက် မှန်ကန်ပါက ဗုဒ္ဓဝါဒ ထွန်းကားသော ရှေးအိန္ဒိယခေတ်မှ အိန္ဒိယသား အတ္တဝါဒီတို့သည် ပါဠိပိဋကတ်၌ မိမိတို့နှစ်သက်သော အတ္တအယူကို တွေ့ရှိခဲ့ကြရာ၏။ ယခုမူ ထိုသို့မဟုတ် ရှေးအိန္ဒိယ အတ္တဝါဒီအားလုံးသည် ဗုဒ္ဓဝါဒကို အနတ္တဝါဒအဖြစ် သိရှိနားလည်ကြ၏။ အိန္ဒိယပညာရှင်တစ်ဦး၏ အဆိုအားဖြင့် ဂျိန်းနှင့် ဗြာဟ္မဏဝါဒီများသည် ဗုဒ္ဓဝါဒမှာ  အတ္တကိုပယ်သော ဝါဒဖြစ်သည်ဆို၍ သူတို့၏ဝါဒများနှင့် အခြေခံမတူကြောင်း ပြောဆိုရေးသားကြ၏။ ဗုဒ္ဓဝါဒကို ရုပ်ဝါဒအဖြစ် မှတ်ယူ၍ မိစ္ဆာဝါဒစာရင်း၌ ထည့်သွင်းဖော်ပြကြ၏။ အကယ်၍ ဗုဒ္ဓသည် အတ္တဝါဒကို အနည်းငယ်ပြင်ဆင်၍ လက်ခံခဲ့သည်မှန်ပါက ဗုဒ္ဓဝါဒသည် ဗြာဟ္မဏဝါဒနှင့် များစွာ ကွဲပြားခြားနားတော့မည် မဟုတ်ချေ။ ဗုဒ္ဓဝါဒ၏ ပဓာနထူးခြားချက်မှာ ဇာတ်ဝါဒ ယဇ်ပူဇော်မှု စသည်တို့ကို တိုက်ဖျက်ခြင်းမဟုတ်ဘဲ အတ္တကို ပယ်ခြင်းဖြစ်၏။အတ္တကို မပယ်ခဲ့ပါက နဂိုမူလက အတ္တကို လက်ခံပြီးဖြစ်သော ဗြာဟ္မဏတို့သည် ဗုဒ္ဓဝါဒဘက်သို့ ကူးပြောင်းလာရန် အကြောင်းမရှိ။ အတ္တကို ပယ်ခဲ့သောကြောင့်သာလျှင် ဗုဒ္ဓသံဃာ၌ ဗြာဟ္မဏအမျိုးသား အမြောက်အမြား ရှိနေခြင်းဖြစ်ရပေမည်။ ထို့အပြင် အကယ်၍ အတ္တဝါဒသည် မူလဗုဒ္ဓဝါဒအစစ်ဖြစ်သည်မှန်ပါက ဗုဒ္ဓသည် တရားဟောရာ၌ အခက်အခဲ ကြုံတွေ့ဖွယ်ရာ မရှိ။ ဗြာဟ္မဏတို့က ဗုဒ္ဓအား ကဲ့ရဲ့ဝေဖန်ကြမည်လည်း မဟုတ်ချေ။ စင်စစ်ဗုဒ္ဓသည် မိမိ၏တရားကို လူအများနားလည်ပါမည်လောဟု သံသယဖြစ်ခဲ့၏။ ထိုသို့ သံသယ ဖြစ်သောကြောင့်ပေလော မသိ။ ပထမဦးစွာဟောသော ဓမ္မစကြာသုတ်၌ အနတ္တတရားကို လုံးဝချန်လှပ်ထား၍  ဒုတိယ သုတ္တန်ဒေသနာ၌သာ ဟော၏။ ဗုဒ္ဓ၏ အနတ္တတရားကို နားမလည် သို့မဟုတ် မနှစ်သက်သဖြင့် ပြစ်တင်ဝေဖန်သော သူတို့မှာလည်း မနည်းလှချေ။ ဗုဒ္ဓအား အကိရိယဝါဒီ ဖြစ်သည်။ ကြီးပွားမှုကို ဖျက်ဆီးတတ်သောသူ (ဘူနာဟ) ဖြစ်သည်ဟု စွပ်စွဲကြ၏။ (ဝိနည်းပိဋကတ် မဟာဝဂ္ဂနှင့် မဇ္ဈိမနိကာယ် မာဂဏ္ဍိယသုတ်)။

ရဟန်းတို့ ငါဘုရားသည် သတ္တလောကနှင့် ငြင်းခုံတော်မမူ။ သတ္တလောကသည်သာလျှင် ငါဘုရားနှင့် ငြင်းခုံ၏။ ငါဘုရားက ထင်ရှားအောင် ဟောပြောပါလျက် မသိမမြင်သောသူကို ငါဘုရားသည် အဘယ်သို့ ပြုရတော့အံ့နည်း။ (ခန္ဓာသံယုတ် ဝိဝါဒသုတ်)။

ဤသို့ ဗုဒ္ဓအား ပြစ်တင်စွပ်စွဲကြခြင်းသည် အတ္တကို ပယ်သောကြောင့်သာလျှင် ဖြစ်ကြောင်း ယုံမှားဖွယ်ရာမရှိချေ။

ရဟန်းတို့ ငါဘုရားသည် သတ္တဝါကို မဖျက်ဆီးတတ် သတ္တဝါဖျက်ဆီးခြင်းကို ဟောတော်မမူ။ သို့စဉ်လျက် အချို့သော ရဟန်းပုဏ္ဏားတို့သည် မဟုတ်မမှန် ချွတ်လွဲသော မုသာဝါဒဖြင့် ရဟန်းဂေါတမသည် သတ္တဝါကို ဖျက်ဆီးတတ်၏။ ထင်ရှားရှိသော သတ္တဝါ၏ ပြတ်ခြင်း ပျက်ခြင်း ဘဝကင်းခြင်းကို ပညတ်၏ဟု စွပ်စွဲကြကုန်၏။ (မဇ္ဈိမနိကာယ် အလဂ္ဂဒ္ဒူပဒသုတ်)။

ဗုဒ္ဓဝါဒသည် အတ္တကို လုံးဝပယ်သော ဝါဒမုချဖြစ်သည်ဟု ယူဆရန် ခိုင်မာသော ဗုဒ္ဓဒေသနာ မြောက်မြားစွာရှိ၏။ သို့ဖြစ်စေကာမူ အချို့သော အနောက်နိုင်ငံသား အတ္တစွဲပညာရှင်တို့က အောက်ပါဒေသနာများကို ထောက်ပြ၍ အတ္တကို ဗုဒ္ဓလက်ခံပါသည်ဟု ဆိုကြ၏။ 

အခါတစ်ပါး တောအုပ်တစ်ခု၌ ဘဒ္ဒဝဂ္ဂီ သူငယ်ချင်းမင်းသား သုံးကျိပ်တို့သည် မယားများနှင့်အတူ ပျော်ပါးနေကြစဉ် အတူပါလာသော ပြည့်တန်ဆာမတစ်ယောက်သည် သူတို့၏ ဥစ္စာကိုခိုးယူ၍ ထွက်ပြေး၏ မင်းသားတို့သည် ထိုပြည့်တန်ဆာမကို ရှာကုန်သော် တစ်နေရာ၌ သီတင်းသုံးနေတော်မူသော ဗုဒ္ဓကိုမြင်၍ အရှင်ဘုရား မိန်းမတစ်ယောက်ကို မြင်မိပါသလော ဟုမေးလျှောက်ကြ၏။ ထိုအခါ ဗုဒ္ဓက သူငယ်တို့ ငါ၏စကားကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း။ မိန်းမကိုရှာခြင်းနှင့် မိမိကိုယ်(အတ္တ) ကိုရှာခြင်းတွင် အဘယ်ရှာခြင်းသည် သင်တို့အဖို့ မြတ်သနည်းဟုမေး၏။ မင်းသားတို့က မိမိကိုယ်ကို ရှာခြင်းသည်သာလျှင် မြတ်ပါသည်ဟု လျှောက်ကြ၏။ (ဝိနည်းပိဋကတ် မဟာဝဂ္ဂ) ----ဆက်ရန် (ဦးအေးမောင်)  

အနတ္တဝါဒ အပိုင်း(၃)
****************

အခါတစ်ပါး တောအုပ်တစ်ခု၌ ဘဒ္ဒဝဂ္ဂီ သူငယ်ချင်းမင်းသား သုံးကျိပ်တို့သည် မယားများနှင့်အတူ ပျော်ပါးနေကြစဉ် အတူပါလာသော ပြည့်တန်ဆာမတစ်ယောက်သည် သူတို့၏ ဥစ္စာကိုခိုးယူ၍ ထွက်ပြေး၏ မင်းသားတို့သည် ထိုပြည့်တန်ဆာမကို ရှာကုန်သော် တစ်နေရာ၌ သီတင်းသုံးနေတော်မူသော ဗုဒ္ဓကိုမြင်၍ အရှင်ဘုရား မိန်းမတစ်ယောက်ကို မြင်မိပါသလော ဟုမေးလျှောက်ကြ၏။ ထိုအခါ ဗုဒ္ဓက သူငယ်တို့ ငါ၏စကားကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း။ မိန်းမကိုရှာခြင်းနှင့် မိမိကိုယ်(အတ္တ) ကိုရှာခြင်းတွင် အဘယ်ရှာခြင်းသည် သင်တို့အဖို့ မြတ်သနည်းဟုမေး၏။ မင်းသားတို့က မိမိကိုယ်ကို ရှာခြင်းသည်သာလျှင် မြတ်ပါသည်ဟု လျှောက်ကြ၏။ (ဝိနည်းပိဋကတ် မဟာဝဂ္ဂ) 
 
----ဆက်ရန် (ဦးအေးမောင်)
 
No comments:

Post a Comment