“ သူ့ကိုချစ်ရင် သူ့ရဲ့ကျေးကျွန် ”
ကိုယ်ချစ်တဲ့သူရဲ့ နာရေးနဲ့ ကိုမချစ်တဲ့သူရဲ့ နာရေး ဘယ်နာရေး ဖတ်ပြီး စိတ်ဆင်းရဲ့ ရမယ်ထင်လဲ။ ကိုယ်ချစ်တဲ့ သူရဲနာရေး ဖတ်ပြီးတော့ပဲ စိတ်ဆင်းရဲရတယ်နော်။
ကိုင်း...ဒါဆိုရင်ချစ်တဲ့သူကြောင့် ဒုက္ခဖြစ်တာလား မုန်းတဲ့သူကြောင့် ဒုက္ခဖြစ်တာလား။ ချစ်တဲ့ သူကြောင့် ဒုက္ခဖြစ်မှာပေါ့နော်။ သြော်လို့ မပြောတော့ဘူးနော်။ ကိုယ့်ဘာသာကိုယ် ဥာဏ်လေး ထည့် ပြီးတော့ သေသေချာချာ လေးလေးနက်နက် စဉ်းစားပါ။
■ သာမန်ကြည်လိုက်လို့ ရှိရင် ကိုယ့်ကို ဒုက္ခပေးနေတာ မုန်းတဲ့သူတွေ၊ မုန်းတဲ့သူတွေကြောင့် ငါဘ၀ပျက်စီးရတယ်၊ ငါ့စိတ်တွေ ဆင်းရဲ ရတယ်။ ဒီလိုပဲထင်နေကြတာ တကယ်တော့ အနီးကပ် နှိပ်စက်နေတာက ကိုယ်ချစ်တဲ့သူတွေပဲလေ။ မုန်းတဲ့သူကို မြင်ရတွေ့ရ မုန်းရတဲ့သူရဲ့ အသံတွေ ကြားရ မုန်းတဲ့သူနဲ့ ပတ်သက်ရလို့ စိတ်ဆင်းရဲရတာကျတော့ ခံလို့မကောင်းဘူး။ ခံလို မကောင်းတော့ မုန်းတဲ့သူကြောင့်စိတ်ဆင်းရဲမှန်း သိတယ်။
■ ချစ်တဲ့သူကိုမြင်ရ တွေ့ရ ကြားရ သိရ ချစ်တဲ့သူတွေ့နဲ့ ပတ်သက်ရ ဆက်ဆံရ ထိတွေရလို့ စိတ်ဆင်းရဲ ရတာမျိုးကျတော့ ခံလို့ကောင်းတော့ ဆင်းရဲရဲ့လား မထင်ဘူးနော်။ ဟုတ်တယ်ဟုတ်။ ခံကောင်းကောင်းနဲ့ ခံနေရတာပေါ့။ ချစ်တဲ့သူတွေနဲ့ ပတ်သက်လို့ ဆင်းရဲခံရတာက ကောင်းကောင်း ခံရတာ မုန်းတဲ့သူတွေ့နဲ့ပတ်သက်လို့ ဆင်းရဲခံရတာက ဆိုးဆိုးခံရတာ။ ကောင်းကောင်းခံရတာနဲ့ ဆိုးဆိုးခံရတာ ဘယ်လိုခံရတာ ကောင်းတုံး။ အမှန်အတိုင်း ပြောကြည်မယ် ဆိုရင်တော့ ကောင်းကောင်း ခံရတာ ကောင်းတယ် မဟုတ်လား။
■ ကောင်းကောင်းခံ ခံကောင်းကောင်းဆိုတော့ ခံနေရတယ်လို့ မထင်ဘူးလေ။ တစ်နေ့ မိုးလင်းကနေ မိုးချုပ်အထိ တစ်နေ့လုံး စားချိန်တောင် မမှန် အိပ်ချိန်တောင် မမှန် ပင်ပင်ပန်းပန်းနဲ့ ရှာဖွေနေရတာ ဘယ်သူ့အတွက်တုံး။ မုန်းတဲ့သူအတွက်လား ချစ်တဲ့သူတွေအတွက်လား။ ချစ်တဲ့သူအတွက်ပေါ့လို ဖြေမှာပေါ့နော်။
■ အဲဒီတစ်ချက်တည်းနဲ့ကို ချစ်တဲ့သူတွေ နဲ့ ဝေးလေးကောင်းလေလို့ တွေးရော တွေးမိရဲ့လား။ တစ်ခါတစ်ရံတော့ တွေးမိမှာပေါ့နော်။ ချစ်တဲ့သူတွေကြောင့် သိပ်စိတ်ညစ်ရတဲ့အခါ တွေမျိုး သိပ်စိတ်ဆင်းရဲရတဲ့ အခါတွေမျိုးမှာတော့ သူတို့နဲ့ ဝေးလေကောင်းလေ လို့တွေးမိကြ မှာပေါ့။ အဲဒီလိုဖြစ်တဲ့အချိန် တွေးမိတာက သံဝေဂနဲ့ တွေးမိတာ မဖြစ်နိုင်ဘူး ဒေါသဒေါမနဿနဲ့ တွေးတာပိုဖြစ်လိမ့်မယ်။ စိတ်ဆင်းရဲမှုဆိုတဲ့ ဒေါမနဿက ကြောက်ရွံ ထိတ်လန့်မှုဆိုတဲ့ သံဝေဂ အယောင်ဆောင် နေတတ်ပါတယ်။စိတ်ဆင်းရဲပြီးလောကကြီးကို မကျေမနပ်ဖြစ်နေတာကို သံဝေဂဖြစ်နေတယ် လောကကြီးကို ငြီးငွေ့ နေတယ် လို့ထင်နေတတ်တယ်လေ။
■ ချစ်တဲ့သူကြောင့် အကြီးအကျယ် စိတ်ဆင်းရဲ့ ရမှဒုက္ခမဟုတ်ဘူး။ သာမန် စိတ်ဆင်းရဲရလည်း ဒုက္ခပဲ၊သာမန ၀မ်းနည်းလည်း ဒုက္ခပဲ၊ စိတ်မဆင်းရဲရ ၀မ်းမနည်းရတောင် သူတို့ အတွက်ရုန်းကန် လှုရှားနေရတာ သူတို့ဆန္ဒ္ဒ ဖြည့်ဆည်းပေးနေရတာ သူတို့ကို သတိရ တမ်းတနေရတာကိုက ဒုက္ခ ပဲလို့ ဥာဏ်နဲ့လေးလေးနက်နက် သိမြင်သဘောပေါက်မှ သံဝေဂ အစစ်လို့ခေါ်နိုင်ပါတယ်။
■အကြီးအကျယ် စိတ်ဆင်းရဲရမှာ အကြီးအကျယ်ဝမ်းနည်းရမှ တဒင်္ဂ တစ်ခဏ ကြောက်ရွံ့သလိုဖြစ်တာ သံဝေဂအစစ်မဟုတ်ပါဘူးအတုပါ။ ငြီးငွေ့တဲ့အသွင်းနဲ့ ဒေါမနဿက သံဝေဂယောင်ဆောင်ထားတာပါ။ အရာရာကိုသတိ ဥာဏ်နဲ့ အကြောင်းအကျိုး ဆက်စပ်ပြီး လေးလေးနက်နက် သဘောပေါက်မှ သံဝေဂအစစ် ဖြစ်နိုင်ပါတယ်။
တကယ်ကိုယ်က ချစ်နေတော့သူတို့ခိုင်းသမျှ လုပ်ပေးရ သူတို့စားဖို့ ရှားပေးရနဲ့ သူ့ကိုချစ်ရင် သူ့ရဲ့ ကျေးကျွန်ဖစ်လို့ဖြစ်နေမှန်ကို မသိ ဖြစ်နေရောပေါ့။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏
“သံဝေဂဉာဏ်ရင့်သန်ဖို့ ချစ်ခြင်းတရားကို ဆင်ခြင်သုံးသပ်ခြင်း” မှ ကောက်နှုတ်တင်ပြသည်။
No comments:
Post a Comment