ငယ်စဉ်တောင်ကျေး
ကလေးဘဝမှ နွေးထွေးချစ်ခင်
အပြောဆို သိမ်မွေ့
မေတ္တာဖြင့် သိမ်းသွင်း လမ်းမှားသွေဖယ်
ရှောင်ခွင်းစေတဲ့ တရားသမား .အဖေ
ကြွေတစ်လှည့်
ဝေတစ်လှည့် လောကဓံကြားမှာ
မနားတမ်း ရုန်းကန်ရင်း သူ့ဘဝကိုခင်း နင်းစေခဲ့သူ ... အဖေ
ဘယ်ဆီမှန်းလို့ တမ်းတရမလဲ
မသိသေးတဲ့ အမေက
အဖေ့ကို လွမ်းနေတဲ့အကြောင်း..
ခပ်ဖွဖွ ညည်းရင်း အမေ့ရင်ထဲက
ကြေကွဲမှုတစ်ချို့ဟာ
လစ်ဟာမှုတစ်ခုထဲကြောင့်တော့ မဟုတ်ဘူး အဖေ..
မပြေလည်မှုတွေ
အခက်ခဲဆိုတာတွေကို
ရင်ဆိုင်ဖြေရှင်း အိမ်ဦးနတ်ရဲ့တန်ဖိုး
အမျိုးမျိုး ပြောရင်း ခုချိန်ထိ အမေ မျှော်နေတုန်းပဲ အဖေ..
သွားလေသူရေ...
အေးချမ်းတဲ့ ခရီးလမ်းမှာ..
အမှန်တစ်ကယ် ငြိမ်းချမ်းနေပါစေရယ်လို့
အဖေရဲ့ ဆန္ဒ သိမ်းဆည်းထားတဲ့ အမေ့ရင်ထဲက အပူ
ဘယ်သူမှ မှီမယ်မထင်ပါဘူး အဖေ...
မရှိမှန်းသိလျှက်နဲ့
ရှာဖွေနေမိဆဲ နေသားမကျသေးတဲ့
အမေတစ်ယောက် အားငယ်နေတဲ့ မျက်ဝန်းတွေနဲ့
အဖေ့ပုံရိပ်တွေထဲက အမေနိုးထဖို့ ခွန်အားမရှိသေးဘူး အဖေ...
ဘဝတစ်ခုလုံး
နှလုံးသားလှ ခဲ့တဲ့အဖေ
အပြုံးတစ်ခုနဲ့ ဘဝကို ထုဆစ်ခဲ့တဲ့အဖေ
သည်းခံခြင်းကိုကျင့် မေတ္တာတရားပွား
သဒ္ဒါလည်းမရှားတဲ့ အဖေ့အတွက်
ငြိမ်းချမ်းခြင်းဆိုတဲ့ တရား ထာဝရအဖေ့အတွက် ဖြစ်ပါစေ...
ယနေ့အထိအဖေ့တွက်ရည်စူးပြုပြုသမျှသော
ကောင်းမှုတွေအတွက် ရောက်ရာ ဘဝက သာဓုခေါ်ပါအဖေ။
No comments:
Post a Comment