
"ဦးဉာဏ် ကျွန်တော် "မေတ္တာ" အကြောင်း သိချင်လို့ပါ..။"
" (မေတ္တာ) ဆိုတာ (လူရွှင်တော်) လေကွယ်..။ မောင်ဇော်..။""ဟာ…မနောက်ပါနဲ့ ဦးလေးရယ်..၊ တကယ် သိချင်လို့ပါဗျ..။"
"မောင်ဇော် ..၊ မင့် တို့များ ကို (၀င်ဝင်ချင်း ခုနှစ်ဝါ) များ မှတ်နေလေရော့သလားကွယ့်။"
"အမယ်..၊ ဘာတုန်း ဦးဉာဏ် ရဲ့ ၊ (၀င်ဝင်ချင်း ခုနှစ်ဝါ) ဆိုတာ..၊ လင်းပါဦး။"
"ဒီိလိုလေ..ကွယ်..၊ ဦးကိုကိုကြီး ရဲ့ ညီ ,မဂ္ဂဇင်း၊ဂျာနယ်တွေမှာ စာတွေ ဘာတွေရေးတဲ့ ညီညီလေး ဆိုတာ မင်း သိတယ်မဟုတ်လား မောင်ဇော်..။"
"သိတယ်လေ..သိတယ်..၊ ရွတ်နောက်နောက် ၊ ပေါတောတော ၊ အသားမဲမဲ နဲ့ ငတိ မဟုတ်လား။"
"အင်း..၊ တို့များ ထက် ဆယ်နှစ်လောက်ငယ်တာပေါ့..၊ကျန်ခဲ့တဲ့ ၄-၅ နှစ် တုန်းက နမ့်ခမ်းမြို့၊ဥယျာဉ်တောရကျောင်းလေး မှာ တို့များ သူငယ်ချင်းတွေ (၇)ယောက် စိတ်တူကိုယ်တူ ဒုလ္လဘ ရဟန်းခံ ကြတဲ့အခါ မောင်ညီလေး လဲပါသပေါ့။ အဲ..မောင်ညီလေး က အသက်ငယ် တော့ နောက်ဆုံး မှ ကံဆောင်ရတယ်။
သိမ် က ထွက်လို့ ဒုလ္လဘ ရဟန်းတွေ နေတဲ့ ကျောင်းထဲရောက်တာနဲ့..၊ မောင်ညီလေး က ဘာပြောတယ် မှတ်သလဲ..။
(ဦးဇင်း..တို့..၊ ဦးဇင်း တို့..၊ တပည့်တော် ကို နောက်ဆုံးမှ ရဟန်းခံ ပေးပေမယ့် ကျောင်းထိုင်ဆရာတော်ကြီး မိန့်တယ်ဗျ၊ စာရေးဆရာ ဖြစ်နေလို့ မို့ (၀င်ဝင်ချင်း ခုနှစ်ဝါ) ပရိုမိုးရှင်း ပေးလိုက်တယ်၊ တပည့်တော် ကို ရိုသေကြပေတော့) တဲ့..။"
"ဟား..၊ဟား..၊ အတော်နောက်တဲ့သူပဲ..။"
"အခု လည်း မောင်ဇော် က ဘယ်အကြောင်းအရာ၊ ဘယ် ကိစ္စ မဆို
တို့များ ကို လာလာ မေး၊
တို့များ ကလည်း ဆရာကြီး လိုလို နဲ့ ခပ်တည်တည် ဖြေ ပြနေတော့ (၀င်ဝင်ချင်း ခုနှစ်ဝါ) စာရင်းဝင်ဖြစ်နေပြီထင်ပါရဲ့နော့။
ထားပါတော့ကွယ်..၊ (မေတ္တာ ဆိုတာ ဘာလဲ ) ဆိုတာက စ ကြပါစို့..။"
"ဟုတ်ကဲ့ ဦးဉာဏ် ..။"
"တို့များ အရပ်စကားနဲ့ နားလည်ထားတာကတော့ "မေတ္တာ" ဆိုတာ "ချစ်ခင်ခြင်း" ပဲ၊ ဒီတော့ "သမီးရည်းစားအချစ်,လင်မယား အချစ်"မျိုးတွေနဲ့ ရောထွေး သွားတာပေါ့။"
"ဟုတ်ကဲ့ ဦးဉာဏ်..၊ "ကာမရာဂ၊ ဖို,မ ကိစ္စ" တွေမှာ "မေတ္တာ" လို့သုံးထားကြတော့ ညစ်ညမ်း သေးသိမ်သွားသလိုပဲနော့..၊ တယ်တမ်း က "မေတ္တာ" ဆိုတာ "ဗြဟ္မစိုရ် တရား" မဟုတ်လား။"
"ဟုတ်ပါ့ မောင်ရာ..၊
"ဗြဟ္မစရိယ"=ဗြဟ္မစိုရ် ရဲ့ အဓိပ္ပါယ် က "ကိလေသာ ကင်းစင်ပြီးသော သူတော်စင် သူတော်ကောင်းကြီးများ၏ ဖြူစင်သန့်ရှင်းတဲ့ စေတနာစိတ်ထား" ။
"ဗြဟ္မ၀ိဟာရ"= ဆိုတာကလည်း အဲသလို "စိတ်စေတနာ နဲ့ အမြဲမကွာ နေတဲ့ သဘောတရား"။
ဗုဒ္ဓရဲ့ ပါရမီဆယ်ပါး တစ်ပါးအပါအ၀င်ပဲလေ။"
"ဒါဆို ကျွန်တော် တို့ ခဏခဏ ကြားဖူးနေတာ ရှိပါရဲ့၊ "တစ်ဦး မေတ္တာ ,တစ်ဦး မှာ" ဆိုတာလေ။
"ကိုယ် က မေတ္တာ ထားရင် တစ်ဖက်သား ကလည်း မေတ္တာ တုံ့ပြန်လာတယ်" လို့လည်း ဆိုကြတယ် မဟုတ်လား ဦးဉာဏ်..။"
"အင်း..၊ ကိုယ့်မေတ္တာ က သန့်ရှင်း စင်ကြယ်မယ် ဆိုရင် မေတ္တာရောင်ပြန် ဖြစ်နိုင်စရာရှိပါပေရဲ့။
နော့ပေတဲ့ ကိုယ် က နောက်ပိုးပြီး တဏှာ ရာဂ နဲ့သာ တွေ့တဲ့ မိန်းခလေး တိုင်း မေတ္တာ ထားကြည့်ပါလား၊
ကံ ဆိုးရင် ပါး တောင် အရိုက်ခံ ချင် ခံရဦးမှာ။ ဟဲဟဲ…။"
"ဟား..၊ဟား.. ပြောတာရှင်းပြီ ဦးဉာဏ်..။ တကယ့် မေတ္တာ မှ မဟုတ်တာပဲကိုးနော့..။"
"ဟုတ်တယ် မောင်ဇော် ရဲ့။ တကယ့် မေတ္တာစိတ် ကျတော့ ဘယ်လောက် သန့်ရှင်းသလဲ ဆိုရင်-
မိခင်တစ်ဦး က ရင်ခွင်မှာပိုက်ပြီး နို့တိုက်နေတဲ့ သားကလေး အပေါ်မှာ သားလေး ဆီက ချစ်ခြင်း ကို မျှော်လင့်တောင့်တနေတဲ့ စိတ်မျိုး ရှိသလား၊ မိခင် က သာ သား ကိုချစ်တာ မဟုတ်လား။
အဲဒီလို စိတ်မျိုး နဲ့ နှိုင်းရမယ် ထင်ပါရဲ့။
ဘုရားလောင်း မျောက်မင်း ဟာ ချောက်ထဲကျနေတဲ့ မုဆိုး ကို မေတ္တာစိတ် နဲ့ ကယ်တင် ခဲ့တယ်။
မုဆိုး က ဘုရားလောင်းရဲ့ ခေါင်း ကို ကျောက်ခဲ နဲ့ ထု သတ် ပြန်လေတော့လည်း သွေးစက်လက် ဒဏ်ရာ ကြီး နဲ့ ရွာ နားအထိ နီးအောင် လမ်းပြ ပေးလိုက်သေးတယ်။
အဲဒီ အခါ ကယ်ခဲ့တုန်း က ဘုရားလောင်းရဲ့ မေတ္တာ နဲ့ ကျောက်ခဲ နဲ့အထုခံရပြီး မှ လမ်းပြ တဲ့ မေတ္တာ ဟာ သာတူညီမျှ ပဲဖြစ်တယ်ကွယ့်။ သူ့ မေတ္တာ ကို လိုလို့ ကိုယ့်မေတ္တာ ထားခြင်း မဟုတ်တာ ထင်ရှားရောပေါ့နော့။ "
"ဟုတ်ကဲ့ ..၊ ဆက်ပါဦး ..၊ ဦးဉာဏ်..။"
"(မေဇ္ဇတီတိ မေတ္တာ ၊ သိနိယှတီတိ အတ္တော)……..လို့ "၀ိသုဒ္ဓိမဂ် အဋ္ဌကထာ" မှာပါတယ်။
အဓိပ္ပါယ် က-
ယောဓမ္မဇာတိ= အကြင် သဘောတရားသည်
မေဇ္ဇတိ=ချစ်ခင် တတ်၏။
ဣတိတသ္မာ=ထို့ကြောင့်
သာ ဓမ္မဇာတိ= ထို သဘောတရား သည်
မေတ္တာ= မေတ္တာ မည်၏။
သိနိယှတိ=ချစ်ခင်တတ်၏။
ဣတိအထ္တော=ဤကား အနက်တည်း။
ဒါက တို့များ စောစော က ပြောခဲ့ကြတဲ့ ချစ်ခင်ခြင်း ကို ပြတာဖြစ်တယ်။
အဲသလိုချစ်ခင်ခင်းမှာလည်း တဏှာ နဲ့ ချစ်တာမျိုး ကို မေတ္တာ လို့ မယူဆအပ်ပါဘူး၊
အဆွေခင်ပွန်းအဖြစ် ထားရှိရမယ် လို့ပြထားတယ်။
(မိတ္တေ ဘ၀ါဝါ ၊မိတ္တဿ ဧသော ပ၀တ္တတီတိပိ မေတ္တာ) (၀ါ) တစ်နည်းကား-
မိတ္တေ= အဆွေခင်ပွန်း၌
ဘ၀ါ=ဖြစ်သည်တည်း။
ဣတိပိ=ထို့ကြောင့်လည်း
မေတ္တာ=မေတ္တာ မည်၏ ။ ဒါက အဋ္ဌကထာ မှီပြီးပြောတာပေါ့..။"
" ဟုတ် ကဲ့..၊ ဆက်ပါဦး ဦးဉာဏ်..။"
"မေတ္တာစိတ် ကို ကိုယ်တိုင် တည်ဆောက်ယူမှ ရသလို ၊ ရှေးဘ၀များက အကြောင်းဆက်၊ ယခု ဘ၀ရဲ့ အကြောင်းဆက် ကြောင့်လည်း ပေါ်လာတတ်တယ်..။
ဒါက တစ်ဦးချင်းမှာပေါ်တာ..၊သဗ္ဗေသတ္တာ အပေါ်မှာတော့မဟုတ်ပေဘူးပေါ့..။
အခါတစ်ပါး ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ သံဃာတော်များနဲ့အတူ (သံသုမာရဂီရိမြို့) ကို ဒေသစာရီ ကြွချီတယ်။
အဲဒီမှာ "နကုလပီတာ" နဲ့ "နကုလမာတာ" လို့အမည်ရတဲ့ ပုဏ္ဏားကြီး လင်မယား ဟာ ဗုဒ္ဓ ကို မြင်လျှင်မြင်ချင်းပဲ ပြေးလာပြီး-
"အမလေး သားကြီးရယ်..၊သားကြီးရယ်" နဲ့ ၀မ်းသာဝမ်းနည်း ငို ပြီး တတန်းတန်း လိုက်လာတယ်။
အဲဒီ အခါ ပုထုဇဉ် ရဟန်းတစ်ချို့ က ကျိတ်ပြုံးကြတယ်ပေါ့လေ..။"
"ဟုတ်ကဲ့..၊ (ပို လိုက်တာ) လို့ ပြောချင်တဲ့ သဘောမျိုးလား..ဦးဉာဏ်..။"
"ဟုတ်ချင်လည်းဟုတ်မှာပေါ့..၊ တို့များလည်းမမီ ခဲ့လို့မသိပါဘူး..။
ဗုဒ္ဓမြတ်စွာဘုရားရှင် ကတော့ အဲဒီ ကိုယ်တော် တွေကို ရှင်းပြရတာပေါ့..။
(ပုဗ္ဗေ၀ သန္နိဝါ သေန၊ ပစ္စုပ္ပန္နဟိတေန၀ါ။
ဧ၀ံ တံ ဇာယေတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။)
အဓိပ္ပါယ်က-
ဘ၀သံသရာ အဆက်ဆက်မှာ ရှေးဘ၀၊ဘ၀ တွေတုန်းက မိဘဆွေမျိုးဖြစ်ခဲ့ကြဖူး၍ သော်လည်းကောင်း၊
ယခု ဘ၀မှာ တစ်ယောက်၏အကျိုး ကို တစ်ယောက် က လိုလားဆောင်ရွက်၍သော်လည်းကောင်း၊
"ပေမ" ဆိုတဲ့ "ချစ်ခင်ခြင်း" စိတ်ဟာ ရေ မှာ ကြာ ပေါက်သလို ဖြစ်လာတယ် တဲ့..။"
"ဟား..ဟား..ဟား..ရယ်ရတယ်နော့ ဦးဉာဏ်..။"
"ဟင် ရယ်စရာ ဘာများပါလို့တုန်းကွယ့်..။"
"တစ်ခုသတိရလို့ပါ ..။ ကျွန်တော် တို့ ငယ်ငယ် က လူရွှင်တော် တွေပျက်ခဲ့ဖူးတာ ကြားဖူးတာလေ ဦးဉာဏ်.။
(ပရံပရ ဘ၀အဆက်ဆက် က ချခဲ့ဖူးသောရေစက်၊
ပန္နက် ဖူးသော သစ္စာကြောင့်
မေတ္တာစကား ချစ်နှမ ထံ ပါး လိုက်ပါသည်) ဆိုတဲ့ အသုံးမျိုးကို သတိရလို့ပါ။ တကယ့် မေတ္တာ နဲ့ က တစ်ခြားစီပဲနော့..။"
"ဟုတ်တယ်..၊ အခု ဘုရားဟောတော်မူတဲ့ ဂါထာပါဠိ ကလည်း"ပေမံ" လို့ပြထားတဲ့အတွက် "သဗ္ဗေသတ္တာ" နဲ့တော့ ကွဲပြားနေတာပေါ့။
"ပေမ" ဆိုတဲ့ အချစ်မျိုးဟာ ပုဂ္ဂလိက အပေါ်မှာ ဖြစ်တာ၊ ချစ်ခင်တွယ်တာတဲ့ သဘော လို့ ယူဆ စရာ ရှိတယ်။
နော့ပေတဲ့.."ပေမ" ကို "ကိလေသာ တဏှာ" လား ဆိုပြန်တော့ မဟုတ်ပြန်ဘူး။
ကြည့်လေ..၊ ပုဏ္ဏားကြီး လင်မယား က ဗုဒ္ဓ ကိုချစ်ကြတာဟာ သား အမှတ် နဲ့ချစ်ကြရှာတာကိုး။
ဗုဒ္ဓ ကလည်း ဘ၀အဆက်ဆက် မှာ ဘ၀ပေါင်း(၅၀၀) မိဘ ဖြစ်ခဲ့ဖူးတယ်၊ ဘ၀ပေါင်း(၅၀၀) မိကြီး၊ဘကြီး တော်ခဲ့ဖူးတယ် လို့ ရှင်းပြတော်မူသေးတယ်။
အဲဒီမှာ "ပေမ" ဆိုတဲ့ သဘောကလေးက "တဏှာချစ်"ကို လည်းရောက်သွားတတ်တယ်။"မေတ္တာချစ်"ကို လည်းပြောင်းသွား နိုင်တယ် ဆိုတာ သိရတာပေါ့။
တစ်ခါတစ်လေတော့လည်း "တဏှာချစ်" က "မေတ္တာချစ်"ယောင်ဆောင်တတ်တယ်၊
"သောက" ကလည်း "ကရုဏာ"ယောင်ဆောင်တတ်တယ်၊
"ထိနမိဒ္ဓ" က လည်း "သမာဓိ" ယောင်ဆောင်တတ်တယ်။"
" ဒါဆိုရင်.."ပေမ" ဆိုတာ "ချစ်ခြင်း" လို့ ပြောတော့ "ပီယ" ဆိုတာကရော ဘာလဲ ဦးဉာဏ်..။ "
""ပီယ" ကလည်း "ချစ်ခြင်း" ပဲ၊ "ပေမ အချစ်" လောက် တွယ်တာ၊စွဲလမ်းတဲ့ အချစ် ဟုတ်ပုံမရဘူး။
မြင်ခိုက်၊ကြားခိုက် မှာ -
ပီယဒဿန=ချစ်စရာမို့ချစ်ခြင်း၊
ပီယ၀ါစာ=ချစ်စရာ စကားမို့ချစ်ခြင်း ဒီလိုဖြစ်စရာ ရှိတာပေါ့..။ "
"အင်း..၊ ဦးဉာဏ် က ဒီဘ၀မှာ မေတ္တာပါရမီ ဖြည့် ကျင့် နေပုံရတယ်နော့..။ အတော်ရော အောင်မြင်နေပြီလား..။"
"အောင်မြင်နေပါတယ်..။ တို့များ မေတ္တာ ပို့လိုက်တာနဲ့..
လူ ကိုတောင် မမြင်ရသေးဘူး၊ အရိပ်အယောင် မြင်တာနဲ့ကို တစ်ခါတည်း အစပျောက် တန်းပြေးတော့တာပါပဲ..။"
"ဟား..ဟား..၊
ဘာပဲ ဖြစ်ဖြစ် အခု လိုဖြေပေးတာ ကျေးဇူးပါပဲ ဦးဉာဏ်..။"
ချမ်းသာကြပါစေ..၊အေးငြိမ်းကြပါစေ..၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
ဗုဒ္ဓဆိုဒ်မှ ဉာဏ်လင်းမြို့ ရေးသားသော ပို့မှ ကူးယူမျှဝေသည်။
No comments:
Post a Comment