
ကမ္ဘာ့လူ့အသိုင်းအ၀ိုင်းမှာ မတူညီတဲ့ ယဉ်ကျေးမှုတွေ အမြောက်အများ ရှိပါတယ်။
လူတစ်မျိုးရဲ့ ယဉ်ကျေးမှုလုပ်ရပ်ဟာ အခြားလူတစ်မျိုးအတွက် မနှစ်သက်စရာ လက်မခံနိုင်စရာ
ဖြစ်နေတတ်ပါတယ်။
လူမျိုးစုတစ်ခုရဲ့ သိမ်မွေ့ပါတယ်ဆိုတဲ့ အမူအရာဟာ အခြား လူမျိုးစု
တစ်ခုအတွက် စိတ်မချမ်းမြေ့စရာ ဖြစ်နေတတ်ပါတယ်။
ဒီတော့ အများလက်ခံနိုင်တဲ့ ယဉ်ကျေး
မှုကောင်းတစ်ခုလို့ သတ်မှတ်ဖို့ “ စံ ” လိုအပ်လာပါတယ်။
ယဉ်ကျေးမှုတစ်ခုဟာ =
(၁) မိမိအကျိုးကိုဖြစ်စေ၊ သူတစ်ပါးအကျိုးကိုဖြစ်စေ၊ မိမိသူတစ်ပါး
နှစ်ဦးသားအကျိုးကိုဖြစ်စေ မထိခိုက် မနစ်နာ မပျက်စီးစေရဘူး။
(၂) မိမိအတွက်ဖြစ်စေ၊ သူတစ်ပါးအတွက်ဖြစ်စေ၊ မိမိသူတစ်ပါး
နှစ်ဦးသားအတွက်ဖြစ်စေ ကောင်းကျိုးကို ဖေါ်ဆောင်နိုင်ရပါတယ်။
* * * ဒါဟာ ယဉ်ကျေးမှုကောင်းတစ်ခုရဲ့ “ စံ ” ပါပဲ။
ဗုဒ္ဓယဉ်ကျေးမှုဟာ “ကိုယ်ယဉ်ကျေးမှု ၃ မျိုး၊ နှုတ်ယဉ်ကျေးမှု ၄ မျိုး၊ စိတ်ယဉ်ကျေးမှု ၃ မျိုးကို အခြေခံထားပါတယ်။
ကိုယ်ယဉ်ကျေးမှု ၃ မျိုးက =
၁။ ဘယ်လိုအကြောင်းနှင့်ဖြစ်ဖြစ် သူတစ်ပါးအသက်ကို မသတ်ဖို့၊ လူသားချင်းသာမကကျွဲ နွား ကြက် ၀က် စတဲ့ တိရစ္ဆာန်တွေကိုပင် မသတ် မညှဉ်းဆဲဖို့။
၂။ ပိုင်ရှင်က ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ မပေးတဲ့ သူတစ်ပါးပိုင် ပစ္စည်းကို ဘယ်လိုနည်းနှင့်မှ မယူဖို့။ (မသုံးဖို့)။
၃။ မိမိဇနီး ခင်ပွန်းမှတစ်ပါး အခြားအမျိုးသား အမျိုးသမီးများနှင့် ကာမဂုဏ်ကိစ္စ မပြုလုပ်ဖို့ ညွှန်ပြထားပါတယ်။
နှုတ်ယဉ်ကျေးမှု ၄ မျိုးက = =
၁။ မဟုတ်မမှန်စကားကို မပြောဆိုဖို့၊
၂။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ညီညွတ်စည်းရုံးနေမှု ပြိုကွဲပျက်စီးအောင် မ ပြောဆိုဖို့၊
၃။ ပစ္စုပ္ပန်၊ တမလွန်၊ မိမိ၊ သူတစ်ပါး အကျိုးမရှိတဲ့ စကားကို မပြောဆိုဖို့၊
၎။ ဆဲဆို ကြိမ်းမောင်း စိတ်မချမ်းမြေ့စရာစကားကို မပြောဆိုဖို့ ညွှန်ပြထားပါတယ်။
စိတ်ယဉ်ကျေးမှုသုံးမျိုးက = = =
၁။ သူတစ်ပါးပိုင် ပစ္စည်းဥစ္စာ စသည်ကို မိမိပိုင်ဖြစ်အောင် မတရားမကြံစည်ဖို့၊
၂။ သူတစ်ပါးအသက် အိုးအိမ် စည်းစိမ် ပျက်စီးဆုံးရှုံးအောင် မကြံစည်ဖို့၊
၃။ ကံနှင့် ကံအကျိုးပေးကို ယုံကြည်လက်ခံဖို့ ညွှန်ကြားထားပါတယ်။
ဒီအချက်တွေဟာ- ဗုဒ္ဓယဉ်ကျေးမှု အခြေခံအဆင့်မျှ ဖြစ်ပါတယ်။
ဒီအခြေခံအဆင့်မျှကို
လေ့လာကြည့်ရင်ပဲ ဘယ်လောက် “စံ” မီတယ်၊ ဘယ်လောက် ယဉ်ကျေးသိမ်မွေ့ပြီး အများလက်ခံနိုင်တယ် ဆိုတာ တွေ့နိုင်ပါတယ်။
မိမိ သူတစ်ပါး အကျိုးကို မထိခိုက် မပျက်စီးစေဘဲမိမိအကျိုး သူတစ်ပါးအကျိုးကိုဘယ်လောက်ဖေါ်ဆောင်ပေးတယ်ဆိုတာ
မြင်နိုင်ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဟာ ကမ္ဘာ့အဆင့်မြင့်ဆုံး ယဉ်ကျေးမှုကြီးအဖြစ် ဖေါ်ဆောင်နေပါတယ်။ ။
{အရှင်နန္ဒသေနာလင်္ကာရ(မဟာဓမ္မစရိယ၊ M,A)၏ ဓမ္မဗိမာန်-ဓမ္မစာပေ ပထမဆုရ “ဘာသာရေး
အနှစ်သာရများ” မှ ကောက်နုတ်ရေးသားပါသည်။}
No comments:
Post a Comment