ဂေါတမဗုဒ္ဓသည် လောက၌ အတူတကွ တွေ့ရခဲသော ဂုဏ်အင်္ဂါနှစ်ပါးကို ထူးခြားလေးနက်သော အသွင်လက္ခဏာဖြင့် တွဲဖက်၍ ရုပ်လုံးဖော်ထားသော ပုဂ္ဂိုလ်သူမြတ်ဖြစ်၏။
ပထမဂုဏ်အင်္ဂါမှာ သတ္တဝါတို့ကို သနားကြင်နာမှု ယဉ်ကျေးသိမ်မွေ့မှု သည်းခံမှု စေတနာမွန်မြတ်မှုနှင့် စိတ်တည်ငြိမ်ကြံ့ခိုင်မှုဖြင့် ထင်ရှားသော သီလသမာဓိဂုဏ်ဖြစ်၏။
လူသတ္တဝါတို့အား သူ၏ ခင်မင်ကြင်နာမှုသည် ဖြူစင်ပွင့်လင်း၍ သူသည် ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်ကြီးများသာလျှင် ရရှိအပ်သော လူတို့၏ ကြည်ညိုလေးစားမှုကို ရရှိ၏။
ဗုဒ္ဓ၏ အခြားဂုဏ်မှာ လူ့သမိုင်း၌ ပြိုင်ဘက်ကင်းသော ဥာဏ်အမြင်ရှိမှုဖြစ်၏။ သူသည် မိမိခေတ်၌ ပေါ်ထွန်းနေသော အတွေးအခေါ်များကို နှိုက်ချွတ်လေ့လာ၍ စိစစ်ပြီးလျှင် ကောင်းမွန်မှန်ကန်သော အယူများကို လက်ခံ၍ မကောင်းသော မှားသောအယူများကို စွန့်လွတ် သို့မဟုတ် ပြုပြင်ပြောင်းလဲခဲ့၏။
ဤဂုဏ်တော်ကြောင့်ပင် ဗုဒ္ဓဝါဒသည် ဘဝပြဿနာကို စနစ်တကျ ဆင်ခြင်သုံးသပ်လေ့လာ အဖြေရှာရာမှာ ပေါ်ပေါက်လာသော တစ်ခုတည်းသော ကမ္ဘာ့ဘာသာ ဝါဒကြီးဖြစ်၏။ ဗုဒ္ဓသည် လူသတ္တဝါများအပေါ်၌ ရှေးဦးလက်မွန် မေတ္တာဂရုဏာထားသော အသိပညာဥာဏ်ကြီးရှင် အာဇာနည်ပုဂ္ဂိုလ်ဖြစ်၏။
ဝက္ကလိရဟန်းအား ဗုဒ္ဓမိန့်ကြားချက်နှင့်အညီ ဗုဒ္ဓဂုဏ်တော်များကို မှန်ကန်စွာသိမြင်သော အရိယာတပည့်သည် အရိယာကျင့်စဉ်ကိုလည်း မှန်ကန်စွာသိမြင်နားလည်မည် ဖြစ်၏။ အရိယာကျင့်စဉ်၌ ရှေးဦးပထမလိုအပ်ချက်မှာ ဗုဒ္ဓကဲ့သို့ပင် လောကဓံတရား ရှစ်ပါးကို ခံနိုင်ရည်ရှိမှုဖြစ်၏။
အရိယာပုဂ္ဂိုလ်သည် လောကဓံတရားအမျိုးမျိုးကို မတုန်မလှုပ် ခံနိုင်ရည်ရှိသောကြောင့်သာလျှင် ဗုဒ္ဓလက်ထက်က အချို့ရဟန္တာတို့သည် လူနှင့်ရဟန်းတို့ အလယ်၌နေထိုင်ခြင်း ဘုရားရှင်က ရဟန္တာအဖြစ် အသိအမှတ်ပြုထားသော လူပုဂ္ဂိုလ်များနှင့် သောတာပန် သကဒါဂါမ် အနာဂါမ်အဖြစ် အသိအမှတ်ပြုထားသော မြောက်များစွာသော ဥပါသကာနှင့် ဥပါသိကာမများသည် ရဟန်းမပြုဘဲ လူ့ဘောင်၌ ဆက်လက်နေထိုင်ကြခြင်း ဖြစ်ပေမည်။
လောကဓံတရား အမျိုးမျိုးကြုံတွေ့ရသောအခါ၌ အရိယာပုဂ္ဂိုလ်တို့ တုန်လှုပ်မှု မရှိခြင်းမှာ အမာခံ သီလသမာဓိ၏ ဂုဏ်အင်္ဂါဖြစ်၏။ အရိယာလမ်းစဉ်၌ ရရှိအပ်သော အမာခံ သီလသမာဓိသည် ခိုင်မာတည်မြဲ၍ ဘယ်အခါမျှ ဆုတ်ယုတ်ပျက်စီးရန် အကြောင်းမရှိချေ။
ထို့ကြောင့် သောတာပန်ပုဂ္ဂိုလ်သည် အပါယ်သို့မကျတော့ဘဲ နောက်ဆုံး၌ နိဗ္ဗာန်ကို မလွဲမသွေ မျက်မှောက်ပြုရမည်ဟု ဗုဒ္ဓက မိန့်ကြားခဲ့ခြင်းဖြစ်၏။ ဥပမာအားဖြင့် တက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ဦး၏ အရည်အချင်းကို ကျွမ်းကျင်နားလည်သောပုဂ္ဂိုလ်က သိရှိ၍ ထိုကျောင်းသားသည် မဟာဝိဇ္ဇာဘွဲ့ကို ဧကန်မုချရမည်ဟု အတပ်ဟောသကဲ့သို့ ဖြစ်၏။
အရိယာလမ်းစဉ်၌ အရေးပါ၍ ဗုဒ္ဓဂုဏ်တော်အဖြစ်ဖြင့် ထင်ရှားသော တရားတစ်ပါးမှာ ဟန်ဆောင်ခြင်းမရှိဘဲ ရိုးသားပွင့်လင်းမှုဖြစ်၏။ ဗုဒ္ဓသည် မိမိမှာ လူအများထင်သကဲ့သို့ ဘာမဆို အမြဲကြား မြင်သိသော သဗ္ဗညုတဥာဏ်မျိုးမရှိကြောင်း ပရဗိုဇ်တစ်ဦးအား ရိုးသားပွင့်လင်းစွာ မိန့်ကြား၏။
မိမိဟောသောတရားသည် မိမိက စတင်သိမြင်သောတရား မဟုန်ဘဲ ရှေးဘုရားရှင်တို့ ဟောခဲ့သော တရားဖြစ်ကြောင်း မိန့်ကြားလေ့ရှိ၏။ မိမိကိုဖူးမြင်၍ မိမိတရားကို ကြားနာရသော်လည်း အကျွတ်တရားမရသော လူများရှိ၍ မိမိကိုမမြင်ဖူးဘဲ မိမိတရားကို မကြားနာဖူးဘဲ အကျွတ်တရားရသော လူများရှိကြောင်း ရဟန်းတို့အား ပြောကြား၏။
ဤသို့ တိကျပြတ်သားသော စကားမျိုးပြောသော ဘာသာရေးခေါင်းဆောင်များမှာ ကမ္ဘာပေါ်၌ ရှေးအခါကသော်လည်းကောင်း ယခုခေတ်၌ သော်လည်းကောင်း ရှားလှပေသည်။
ရိုးသားပွင့်လင်းမှုသည် တရားကျင့်ရာ၌ လိုအပ်သော ပဓာနိယင်္ဂနငါးပါးအနက် တစ်ပါးဖြစ်၏။ ဗုဒ္ဓဒေသနာ တစ်ခုအဆိုအားဖြင့် တရားအားထုတ်ရာ၌ ရိုးသားပွင့်လင်းသော ပုဂ္ဂိုလ်သည် ရက်အနည်းငယ်အတွင်း မဂ်ဖိုလ်နိဗ္ဗာန်ရရှိနိုင်၏။
မုသားစကားပြောသော (မရိုးသားသော) သူသည် အခြားမည်သည့် မကောင်းမှုကိုမဆို ပြုလုပ်ရန် ဝန်လေးမည်မဟုတ်ဟု ရာဟုလာအား မိန့်ကြား၏။ ရဟန်းသံဃာ၌ ရိုးသားပွင့်လင်းမှုကို အားပေးရန် ရဟန်းတို့အချင်းချင်း တစ်နှစ်တစ်ကြိမ် မိမိတို့ အပြစ်ကို ဖွင့်ဟဝန်ခံသော အကျင့်(ပါဝါရဏာ)ကို ပြဋ္ဌာန်းတော်မူခဲ့၏။
ဟန်မဆောင်ဘဲ ရိုးသားပွင့်လင်းမှုသည် အရိယာကျင့်စဉ်၌ များစွာအရေးကြီး၍ အရိယာတပည့်သည် မိမိကိုယ်ကို မကြာခဏ ဝေဖန်ဆန်းစစ်ရန် လိုအပ်၏။ ပုဂ္ဂိုလ်သတ္တဝါ အားလုံးလိုလို၌ သူတစ်ပါးအကြောင်း မသိမှုထက် မိမိအကြောင်းမသိမှုက ပိုများ၏။
မသိစိတ်ဖြင့် မိမိကိုယ်မိမိ လူတို့လှည့်စားတတ်ပုံ အမျိုးမျိုးကို အနောက်တိုင်း စိတ်ပညာကျမ်းများ၌ ပြဆိုထား၏။ ကိုယ့်အကြောင်း ကိုယ်သိပါ ဟူသောစကားမှာ ရှေးဂရိဒဿနဆရာတို့၏ ဆုံးမစကားဖြစ်ပေ၏။
ဗုဒ္ဓသည်ကား ဘုရားဖြစ်တော်မူစကပင် ဘဒ္ဒဝဂ္ဂိမင်းသားတို့အား မိမိတို့ကိုယ်ကို ရှာကြရန် (ဝါ) ဝေဖန်ဆန်းစစ်ရန် မိန့်ကြားခဲ့၏။ မသိစိတ်၏ နှောင်ဖွဲ့ခြင်းမှ ကင်းဝေးစေမည့် သတိပဋ္ဌာန်တရားကို ဟောတော်မူခဲ့၏။
ထိုသို့ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓဟောကြားခဲ့သော တရားများသည် ယခုခေတ်ပညာရှင်တို့၏။ စူးစမ်းလေ့လာ တွေ့ရှိချက်များမှာ အသိအမြင်များနှင့် ကိုက်ညီနေသောကြောင့် များစွာသော ကမ္ဘာ့ပညာရှင်များက ဗုဒ္ဓကိုကြည်ညိုလေးစားကြ၏ိံ။ ထိုကြည်ညိုလေးစားမှုနှင့် ပတ်သက်၍ အထူးသဖြင့် အရိယာတပည့်များ မှတ်သားသင့်သော ဗုဒ္ဓသြဝါဒသည်ကား မိမိအား ရှိခိုးပူဇော်မှုသည် မိမိကို ကြည်ညိုလေးစားသည်မမည်။ မိမိ၏ တရားနှင့်အညီ ကျင့်ကြံမှုသည်သာလျှင် မိမိကို ကြည်ညိုလေးစားသည် မည်သည်ဟူ၍ ပရိနိဗ္ဗာန်ပြုခါနီး၌ ဗုဒ္ဓမိန့်ကြားတော်မူသော စကားဖြစ်ပေသည်။
ထေရဝါဒ၏ အရိယာလမ်းစဉ်၌ ဗုဒ္ဓဝါဒီသည် အနာဂတ်ကို မစဉ်းစားဘဲ ဘဝပြဿနာ အခက်အခဲများကြား၌ သီလ သမာဓိ ပညာကို အခိုင်အမာတည်ဆောက်ရန် ကြိုးစားအားထုတ်ရမည်။ ဒုက္ခ၏အဆုံး (ဝါ) နိဗ္ဗာန်ကို မိမိကိုယ်ခန္ဓာ၌သာ ရှာရမည်ဖြစ်ပေသတည်း။
(ဦးအေးမောင်)
မိတ်ဆွေများအားလုံး ကာယစိတ္တ သုခနှစ်ဖြာ အလိုဆန္ဒ ပြည့်စုံကြပါစေ။
https://www.facebook.com/ko.latt.5015/posts/232810876921320:2
No comments:
Post a Comment