**** မဟာရတနာကရဆရာတော် ( ၉၇ဝ ခန့်-၁ဝ၅ဝ ခန့် )၏ထေရုပ္ပတ္တိ ****
မဟာရတနာကရဆရာတော်သည် သာလွန်မင်းတရား လက်ထက်တွင် ထင်ရှားသော ဆရာတော်တစ်ပါး ဖြစ်သည်။ ဘွဲ့မည်မှာ သျှင်သဒ္ဓမ္မာလင်္ကာရ ဖြစ်၏။ ငယ်စဉ်က ဆင်ဦးဘုရင် ဆရာတော်ထံတွင် စာပေများကို သင်ကြားရ၏။
ဆင်ဦိးဘုရင်ဆရာတော်သည် တောင်ငူ၌ သီတင်းသုံးနေစဉ် သျှင်သဒ္ဓမ္မာလင်္ကာရမှာ ပဉ္စင်းပျိုမျှသာ ရှိသေးသည်။ ထိုအချိန်တွင် တောင်ငူ မိဖုရားက ကြည်ညိုသဖြင့် ဆွမ်းဝတ်တည်ရန် လျှောက်ထားရာ ဆရာဖြစ်သူက လာဘ်များလျှင် စာသင် ပျက်စီးမည်စိုးသောကြောင့် ပယ်မြစ်တားဆီးတော်မူသည်။
သျှင်သဒ္ဓမ္မာလင်္ကာရသည် နောင်အခါတွင် ပင်းယရွှေဥမင်ကျောင်းတိုက်၌ လေးဆက် မြောက် သီတင်းသုံးတော်မူသည်။ သက္ကရာဇ် ၁ဝဝ၁-ခုနှစ်တွင် သာလွန်မင်းတရားက ဘုံစံကျောင်းတော်ကို ဆောက်လုပ်၍ တင်လှူတော်မူသည်။ ဆရာတော်အား ' မဟာရတနာကရ' ဟူသော ဘွဲ့တံဆိပ်ကိုလည်း ပေးအပ်တော်မူ၏။ ထိုအခါမှ စ၍ မဟာရတနာကရဆရာတော် ဟူ၍ ထင်ရှားလာလေသည်။
ဆရာတော်သည် သာလွန်မင်းတရား၏ ' သီရိသုဓမ္မ မဟာရာဇာဓိပတိ ' ဟူသော ဘွဲ့နာမံတော်ကို ဆန်းအလင်္ကာစသည့် နည်းတို့ဖြင့် ' ရာဇိန္ဒ ရာဇ နာမာဘိဓေယျ ဒီပနီ ' ဟူသော ကျမ်းကို ရေးသားလေသည်။ ထိုကျမ်းကို နေမျိုးသီရိဇေယျကျော်ထင်လျှောက်ထုံး၌ စံကျောင်း ဆရာတော်ဟု ရှိသည်။ ဤသည်မှာ ဆရာတော်၏ ကျောင်းအမည်တွင် ဘုံသဒ္ဒါကို ချေထားသည် ဟု ယူဆဖွယ်ဖြစ်သည်။
မှန်နန်းရာဇဝင်တော်ကြီးတွင် သာလွန်မင်းတရားဆရာတော် ပင်းယရွှေဥမင် မဟာရတနာကရဘုန်းကြီး စီရင်သော သက္ကဒါန်စာတမ်းတွင်လည်း ဟု ကျမ်းညွှန်းပြထား သောကြောင့် ဆရာတော်သည် သက္ကဒါန်စာတမ်းကိုလည်း ရေးသားကြောင်း သိရှိရပေသည်။
သက္ကရာဇ် ၁ဝ၃၄-ခုနှစ်တွင် နန်းတက်သော ဝမ်းဘဲအင်းစံမင်း လက်ထက်၌ ဆရာတော်သည် အရိယာသူတော်ကောင်းတို့၏ အကျိုးငှာ ဓမ္မပဒကျမ်းကို မှီး၍ ' ရတနာကရ ဝတ္ထုတော်ကြီး ' ကို ရေးသားစီရင်တော်မူသည်။ ကျမ်းပြုသော သက္ကရာဇ်မှာ ၁ဝ၄၂-ခု ဖြစ်၏။
ထိုဝတ္ထုကို ပင်းယရွှေစည်းခုံကျောင်းတိုက်၌ နေစဉ် ရေးသားသဖြင့် ဆရာတော်သည် နောင်အခါ တွင် ရွှေစည်းခုံကျောင်းတိုက်သို့ ပြောင်းရွှေ့နေဆိုင်သည်ဟု မှတ်ယူနိုင်ပေသည်။ သို့မဟုတ် နှစ်တိုက်တွင် အလှည့်ကျ သီတင်းသုံးသည်လည်း ဖြစ်နိုင်ပေသည်။
မာန်အောင်ရတနာ စနေမင်း လက်ထက် သက္ကရာဇ် ၁ဝ၆၉-ခု၊ ပြာသိုလပြည့်ကျော် ၁၂-ရက်နေ့တွင်-
ဘုံစံတုလွတ်ကျောင်းတော်ကို တင်လှူတော်မူမည်ဟူ၍ ဆင်းလုံးမြင်းရင်း စစ်သည် ဗိုလ်ပါများနှင့်တကွ ထွက်တော်မူ၍ ညဥ့်လေးချက်တီးကျော် တစ်မောင်းတွင် ဆရာတော် ရတနာကရအား လှူတော်မူသည်။
ဟု မှန်နန်းရာဇဝင်တော်ကြီး- တတိယတွဲတွင် ဆိုထားသဖြင့် ဆရာတော်သည် ထိုနှစ်အထိ အသက်ရှင်ဆဲ ရှိသေးသလောဟု စဉ်းစားဖွယ် ဖြစ်၏။ အသက်ရှင်ဆဲ ဖြစ်သည်ဆိုက ဆရာတော် သည် အသက် ၁ဝဝ- ဝန်းကျင်သို့ ရောက်ရှိနေပေတော့မည်။ မှန်နန်းရာဇဝင်အရ ဆရာတော် ရတနာကရမှာ ဘွဲ့မည်ဖြစ်သော သျှင်ရတနာကရဟုဆိုက အခြားတစ်ပါးဟု ဆုံးဖြတ်ရပေ တော့မည်။
ကိုးကား
၁။ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ
ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊
အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။
ဆက်လက်လေ့လာရန်
၁) သာလွန်မင်းအမေးတော်ပုံကျမ်း၊ မှန်နန်းရာဇဝင်တော်ကြီး- တတိယတွဲ၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မြန်မာစာပေသမိုင်း၊ ကဗျာကြေးမုံ ပိဋကတ်ကြေးမုံကျမ်း၊ စာပေ့တာဝန်၊ သာသ နာလင်္ကာရစာတမ်း ၊
ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးများ၏ထေရုပ္ပတ္တိများကို
လေ့လာတွေ့ ရှိသမျှပြန်လည်မျှဝေတင်ပြခြင်းဖြင့် ကုသိုလ်ဒါန ပြုလိုက်ရပါသည်...။
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:236119
No comments:
Post a Comment