“““မိခင်ခြေကျိုး သားလူဆိုး”””
လောကနိယာမအရ ကိုယ့်ကို ခြေလက်အင်္ဂါချို့ယွင်းအောင်လုပ်လာသူကို ကိုယ်ကလည်း ခြေလက်အင်္ဂါချို့ယွင်းအောင် ပြန်လုပ်မည်သာဖြစ်ပါ၏။
ဤကား လောကနိယာမတစ်ခုပင်ဖြစ်၏။ သို့သော် ပြုလုပ်သူက သားသမီး၊ အပြုခံရသူက မိခင်ဖြစ်နေလျှင်ကား မိခင်၏မေတ္တာက ထိုလောကနိယာမကို လွန်စေပေလိမ့်မည်။
သာဓကပြုပါအံ့၊ ကမ္ဘာ့ဒုတိယစစ်အတွင်း ထီးချိုင့်မြို့က အဘွားသန့်ကိုကြည့်ပါ။
သားသမီးခြောက်ယောက်ရှိသည့်အနက် အောင်ရီအမည်ရှိသော အမူးသမား သားတစ်ယောက်က အိမ်မှာကျန်သည်။ တစ်ခြားသားသမီးများမှာ သူ့နေရာနှင့်သူ၊ အသက် (၇၀)ကျော်နေပြီဖြစ်သည့် မုဆိုးမ အဘွားသန့်မှာ ဘူးသီးကြော်ရောင်း၍ အသက်မွေးနေရဆဲဖြစ်သည်။
အောင်ရီမှာ မိဘကိုလုပ်ကျွေးဘို့နေနေသာသာ သူ့သားမယားများကိုပင် ဝမ်းဝအောင်
မကျွေးနိုင်ပေ။ ထို့ကြောင့် အဘွားသန့်ဆီကပင် သူက အရက်ဖိုးကို
တောင်းနေရသေးသည်။ တစ်နေ့တွင် အောင်ရီ၏ သားလေး ဖိုးထူးကို အမြင်မတော်သဖြင့်
အဘွားသန့်က ခေါင်းခေါက်ပြီးဆုံးမလိုက်သည်။
ဤသည်ကိုပင် ဖိုးထူးက ငိုကြီးဟစ်ကျယ်နှင့် မူးနေသောဖခင် အောင်ရီကို တိုင်ကြားလိုက်သဖြင့် အောင်ရီသည် အိမ်သို့ပြန်လာကာ အပေါ်ထပ်တွင်ရှိနေသော အဘွားသန့်၏မျက်နှာကို ဘယ်ပြန်ညာပြန်ရိုက်ပြီး အိမ်အပေါ်ထပ်မှ တွန်းချလိုက်လေသည်။ အပေါ်ထပ်မှ တွန်းချခံရသောအဘွားသန့်မှာ ပေါင်နှစ်ချောင်းလုံး သွင်သွင်ကျိုးခဲ့ရသည်။
ထိုအကြောင်းကို သိသွားကြသော အိမ်နီးနားချင်း အမျိုးသားများက မိဘကို သည်မျှစော်ကားသည့်အကောင် သေအောင်သတ်ပြီး ကြိုးစင်တက်မည်ဟုဆိုကာ အဘွားသန့်၏အိမ်ဝိုင်းအတွင်းသို့ တုတ်၊ ဓားကိုယ်စီနှင့် ဝင်လာကြသဖြင့် ပေါင်နှစ်ချောင်းသွင်သွင်ကျိုးနေသော အဘွားသန့်က ပေါင်ကျိုးသဖြင့် အသည်းခိုက်အောင်နာနေသည့်ကြားကပင် အိမ်တံခါးမကြီးဆီသို့ မရောက်ရောက်အောင် အားပြုသွားပြီး သူ့ကိုယ်နှင့်ပိတ်လိုက်ကာ-
“အမလေး - ကျွန်မသားလေးကို မသတ်ကြပါနဲ့၊ သားလေးမှာ အပြစ်မရှိပါဘူး၊ သူတွန်းချတာလည်းမဟုတ်ပါဘူး၊ အဘွားဘာသာအဘွား ခြေချော်လိမ့်ကျတာပါ” ဟု
လိမ်ပြောပြီး ပေါင်ချိုးခဲ့သော သား၏အသက်ကိုပင် ကယ်တင်လိုက်လေသည်။
စမ်းရေပြာသည် ဘယ်လောက်ပင် အေးမြအေးမြ နွေကာလကျလျှင် ခမ်းရသည်သာဖြစ်ပါ၏။ မိခင်တစ်ဦး၏ မေတ္တာစမ်းရေးကား သားဆိုး၊ သားမိုက်တို့အပေါ်မှာရော၊ သားလိမ္မာအပေါ်မှာပါ အမြဲတမ်း ကာလသုံးပါးလုံး အေးမြနေသည်သာဖြစ်ပေသည်။ ထို့ကြောင့် မိခင်မေတ္တာကို စမ်းရေပြာနှင့် မည်သို့မျှ မခိုင်းနှိုင်းသာပေ။
မိခင်မေတ္တာ၊ စမ်းရေပြာနဲ့၊
ပမာနှိုင်းဆို၊ မနှိုင်းလိုပါ၊
ထိုစမ်းနွေခါ ခမ်းသောကြောင့်။
မှတ်ချက် ။ ပါးရိုက်ချင်းတူပါလျက် မရင်ရွှေနှင့် ချစ်ဖေတို့မှာ မြေမျိုပြီး အောင်ရီမှာ ဘာကြောင့်မြေမမျိုရသလဲဟူငြားအံ့၊ စော်ကားခံရသောမိဘ၏ သီလ၊ သမာဓိ၊ ပညာအလိုက်၊ အပြစ်အကြီးအသေး ကွဲသွားရသည်။ သီလ၊ သမာဓိ၊ ပညာသေးငယ်သော မိဘကို စော်ကားခဲ့လျှင်ကား ချက်ချင်မြေမမျိုဘဲ သေပြီးနောက်မှ အဝီစိငရဲသို့ ကျရောက်ရခြင်းဖြစ်ပေသည်။
မေတ္တာရှင်(ရွှေပြည်သာ)၏
‘မိဘမေတ္တာရသစုများ’ မှမျှဝေပါတယ်။

No comments:
Post a Comment