“ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ လူငယ်တစ်ယောက်ဟာ စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်ပါသလဲ”ကမ္မဿကတာသမ္မာဒိဋ္ဌိ = ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်ဆိုတဲ့ အခြေခံ ဉာဏ်အမြင်မှန်ကြီး ရှိဖို့လိုအပ်ပါတယ်။
ဒီနေရာမှာလည်း တခြားဘာသာများနဲ့ ဗုဒ္ဓဘာသာဟာ အရှေ့နဲ့အနောက်၊ သမုဒ္ဒရာ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း၊ မြေပြင်နဲ့ မိုးကောင်းကင်လို ကွဲပြားခြားနားလှပါတယ်။တခြားဘာသာဘုရားတွေက မင်းတို့လူသားတွေကို ငါဖန်ဆင်းထားတယ်လို့ဟောတယ်။
ဂေါတမဗုဒ္ဓကတော့ မင်းတို့လူသားတွေကို ဖန်ဆင်းတာဟာ မင်းတို့ကိုယ်တိုင်ပဲလို့ ဟောတယ်။ သူတို့ဘုရားရှင်တွေဟာ မေတ္တာရှင်၊ ကရုဏာရှင်လည်းမှန်တယ်။ ဖန်ဆင်းတာလည်း မှန်တယ်ဆိုရင်-
၁။ အသက်ရှည်တဲ့သူတွေသာ ဖန်ဆင်းသင့်တယ်၊ အသက်တိုတဲ့ သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၂။ အနာရောဂါကင်းတဲ့ သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်၊ အနာရောဂါများတဲ့ သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၃။ ရုပ်လှတဲ့သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်၊ ရုပ်ဆိုးတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၎။ အခြွေရံများတဲ့ သူတွေဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်၊ အခြွေရံနည်းတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၅။ ဆင်းရဲသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး၊ ချမ်းသာတဲ့သူတွေ ဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။
၆။ အမျိုးယုတ်သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး၊ အမျိုးမြတ်သူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။
၇။ ဉာဏ်ထိုင်းသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး၊ ဉာဏ်ကောင်းသူတွေချည်းဖြစ်အောင် ဖန်ဆင်းသင့်တယ်။
ဒီမေးခွန်းတွေကို ထောက်ဆကြည့်လိုက်ရင် လူသားတွေကို တန်ခိုးရှင်တစ်ဦးဦးက ဖန်ဆင်းတာ မဟုတ်ကြောင်း ထင်ရှားပါတယ်။ လူသားတွေဟာ မိမိကိုယ်မိမိ ဘယ်လိုဖန်ဆင်းခဲ့သလဲ ဆိုတာကို ဘုရားရှင်က ‘ဥပရိပဏ္ဏာသပါဠိတော်၊ စူဠကမ္မဝိဘင်္ဂသုတ်’ မှာ အခုလိုဟောထားတယ်။
၁။ သူ့အသက်သတ်သူမှာ အသက်တိုပြီး၊ မသတ်ပဲရှောင်ကြဉ်သူများမှာ အသက်ရှည်ပါသည်။
၂။ သူတပါးကို ညှဉ်းဆဲသူများ အနာဂေါရာများပြီး၊ သနားစောင့်ရှောက်သူများ အနာရောဂါကင်းပါသည်။
၃။ ဒေါသကြီးသူများ အရုပ်ဆိုးပြီး၊ မေတ္တာထားသူများ ရုပ်လှပါသည်။
၎။ ကိုယ့်ထက်သာတာကို မနာလိုသူများ အခြွေရံနည်းပြီး၊ ကိုယ့်ထက်သာတာကို ဝမ်းမြောက်သူများ အခြွေရံများပါသည်။
၅။ မပေးလှူသူများ ဆင်းရဲပြီး၊ ပေးလှူသူများ ချမ်းသာပါသည်။
၆။ အသက်သိက္ခာ ဂုဏ်ဝါကြီးသူတွေကို မရိုသေသူများ အမျိုးယုတ်ပြီး၊ ရိုသေသူများ အမျိုးမြတ်ပါသည်။
၇။ မသိတာကို မေးမြန်းသူများ ဉာဏ်ကောင်းပြီး၊ မသိတာကို မမေးမြန်းသူများ ဉာဏ်ထိုင်းပါသည်။
ဒီအမေးအဖြေတွေကိုကြည့်ပြီး ဗုဒ္ဓဘာသာလူငယ်တွေ ပြတ်သားစွာယုံကြည်ထားရမှာက အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စတွေ အဆင်ပြေတာဟာ ကုသိုလ်ကံကြောင့်ဖြစ်ပြီး၊ အဆင်မပြေတာဟာ အကုသိုလ်ကံကြောင့်ဆိုတဲ့ အချက်ကိုပါပဲ။
မေတ္တာရှင်(ရွှေပြည်သာ)၏
စိတ်ဝင်စားဖွယ်ကောင်းသော အမေးအဖြေများ၊ အတွဲ-၁ မှမျှဝေပါတယ်။

No comments:
Post a Comment