***********************
* ဗုဒ္ဓဝါဒ, မြတ်ဓမ္မကြောင့်,
ကမ္ဘာအလယ်, ဂုဏ်ရည်ကြွယ်ကာ,
တို့မြန်မာ, ကမ္ဘာကပင်
မော်ကြည့်ရ။
ကမ္ဘာက မြန်မာကို မော်ကြည့်နေတာက ရုပ်ပစ္စည်းကြောင့် မဟုတ်ဘူး၊
ရုပ်ပစ္စည်းကြည့်ပြန်တော့ ကမ္ဘာက အထင်တောင် သေးချင်သေးတယ်၊ သူတို့ မြန်မာကို
အထင်ကြီးနေတာက သာသနာကြောင့်ပဲ။
စိတ်ချမ်းသာအောင်နေနည်း, အနေတတ်နည်း, အနေရဲနည်း, အသေတတ်နည်း, အသေရဲနည်း, သောကပရိဒေဝစတဲ့ အပူငြိမ်းအောင်လုပ်နည်း, အဲဒါတွေ အကုန်ရှိတယ်ဆိုတာ သူတို့ သိတယ်။
ဒါကြောင့် ရုပ်ပစ္စည်း အလွန်ကြွယ်ဝတဲ့ သူဌေးကြီးတွေ စိတ်မချမ်းသာလွန်းလို့, စိတ်ချမ်းသာချင်လို့ မြန်မာပြည်ကို ပြေးခဲ့ရတယ်၊ မြန်မာပြည်မှာ ရတနာအစုံရှိတယ်လို့ သူတို့သိတော့ အားကိုးတကြီးနဲ့ မြန်မာပြည် ပြေးခဲ့ရတာပဲ။
ဒါကြောင့် ဒကာဒကာမအပေါင်း သူတော်ကောင်းတွေအပါအဝင် ပန်းသုံးပွင့်ကြောင့်မို့ ကမ္ဘာကမော်ကြည့်ရလောက်အောင် မြန်မာဟာ ကမ္ဘာမှာ လှနေတယ်။
ဒီလိုဆို တို့ပန်းလေးတွေ အညှိုးခံလို့မဖြစ်, ဒီတော့ ကြံ့ကြံ့ခံပြီးတော့ မေတ္တာဓာတ်နှင့် နှလုံးသားမှာ ဘုရားတည်နေကြတာ။
စာသင်တိုက် ချီးမြှောက်တာလည်း နှလုံးသားဘုရားတည်နေတာ၊ မိမိတို့စိတ်မှာ တရားစွမ်းအား မြှင့်တာလည်းပဲနှလုံးသား ဘုရားတည်တာပဲ။
* ပြသူသင်သူ, ချီးမြှောက်သူ,
စိတ်တူညီညစ်ကြ။
* သံဃာနှင့်လူ, အုပ်ချုပ်သူ,
ကြည်ဖြူညီညွတ်မှ။
* မေတ္တာပန်းခိုင်, သုံးပွင့်ဆိုင်,
ပျံ့လှိုင်တိုးတက်ရ။
* သာသနာရောင်, ထွန်းလင်းပြောင်,
မြင့်ခေါင်စွမ်းပြည့်ဝ၊
* ဗုဒ္ဓဝါဒ, မြတ်ဓမ္မကြောင့်,
ကမ္ဘာအလယ်, ဂုဏ်ရည်ကြွယ်ကာ,
တို့မြန်မာ, ကမ္ဘာကပင်
မော်ကြည့်ရ။
ဒါကြောင့် ကမ္ဘာကပင် မော်ကြည့်လောက်အောင် လှနေတာဟာ မိမိတို့ရဲ့ ပန်းပွင့်လေးတွေ မညှိုးစတမ်း လန်းလန်းဆန်းဆန်း ပွင့်နေတဲ့အတွက်ကြောင့်ပါလား ဆိုတာလည်း ပိုပြီး ဂုဏ်ယူစရာ ကောင်းသွားပြန်တယ်။
သာသနာ့အတွက်ပါ ကျေးဇူးများတဲ့ မိမိတို့ရဲ့ စိတ်စေတနာ, မိမိတို့ရဲ့ မေတ္တာတရား, မိမိတို့ရဲ့အသိဉာဏ်, မိမိတို့ရဲ့ ခံယူချက်, မိမိတို့ရဲ့ လေးနက်တဲ့ ဆုံးဖြတ်ချက်တွေ, သေသေချာချာကြည့်လိုက်မှ အင်မတန် ဂုဏ်ယူစရာကောင်းသလို မိမိတို့အတွက်လည်းပဲ အားကိုးစရာ အများကြီးရကြတယ်။
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ကြီး
( မေတ္တာပန်းခိုင် သုံးပွင့်ဆိုင်ဆိုတာက...
* စာချဘုန်းကြီးဆိုတဲ့ မေတ္တာပန်းတစ်ပွင့်
* စာသင်သားဆိုတဲ့ မေတ္တာပန်းတစ်ပွင့်
* ပစ္စည်းလေးပါး ထောက်ပံနေကြတဲ့ ဒကာဒကာမဆိုတဲ့ မေတ္တာပန်းတစ်ပွင့်)

No comments:
Post a Comment