ကဗျာခြောက်ဆယ်
•••••••••••••••••
ရှင်ကာဠုဒါယီသည် မြတ်စွာဘုရား ကပိလဝတ်ပြည်သို့
ကြွပါရန် ဂါထာခြောက်ဆယ် တို့ဖြင့် ရာသီဥတု တောတောင်
သဘာဝအလှတို့ကို ဖွင့်ပြသီကျူးခဲ့၏။
ဂါထာခြောက်ဆယ်တို့ကို အပဒါန်အဋ္ဌကထာနှင့် ဗုဒ္ဓဝင်
အဋ္ဌကထာတို့တွင် တွေ့ရ၏။ အပဒါန်အဋ္ဌကထာကို စီရင်သူ
မှာ ရှင်ဗုဒ္ဓဃောသဖြစ်၍ ဗုဒ္ဓဝင် အဋ္ဌကထာကိုစီရင်သူမှာ အရှင်
ဗုဒ္ဓဒတ္တဖြစ်၏။ ထိုကြောင့် ဂါထာခြောက်ဆယ်ချင်း မတူကြပါ။
အပဒါန်အဋ္ဌကထာတွင် ရှင်ဗုဒ္ဓဃောသဖွဲ့ဆိုသော ဂါထာ
တို့ကို ပေလေးပင် ရှင်လေးပါးသိုက်ဝင် ရှင်အုန်းညိုက ဂါထာ
ခြောက်ဆယ်ပျို့အဖြစ် ပြန်ဆို၏။ သူ၏ပြန်ဆိုပုံမှာ မြန်မာမှု
ကို အလေးပြုသဖြင့် မူလဂါထာတို့ထက် အဆပေါင်းများစွာ
ကြီးထွားနေ၏။
ဆရာကြီးဦးသော်ဇင်သည် ဗုဒ္ဓဝင် အဋ္ဌကထာတွင်-
ရှင်ဗုဒ္ဓဒတ္ထဖွဲ့ဆိုသော ဂါထာခြောက်ဆယ်ကို ကဗျာခြောက်ဆယ်
အဖြစ်ပြန်ဆိုရေးသား ပူဇော်ခဲ့ပါသည်။
ဆရာကြီးက ဂါထာခြောက်ဆယ်ဟုဆိုသော်လည်း
ခြောက်ဆယ့်လေးဂါထာရှိကြောင်း၊ ရှေးဆရာတို့သည် သင်္ချာ
ဖြင့်ခေါ်သော အမည်တို့ကို အနည်းငယ်မျှအပိုအလိုရှိသော်လည်း
လွယ်ကူစေရန် အပြည့်ပင်ခေါ်ဆိုတတ်ကြကြောင်းရေးသားထား
သည်ကို ဖတ်ရ၍ အသိတိုးရပါသည်။
ကျွန်တော်သည် ဆရာကြီး၏ ကဗျာခြောက်ဆယ်ကို နှစ်
ကြိမ်တိုင်တိုင် ပို့စ်တင်ခဲ့ရာ ကဗျာခြောက်ဆယ်(၆၄)ကို ပြီးဆုံး
အောင် မတင်နိုင်ခဲ့ပါ။
ယခုတစ်ခါ သီတဂူဆရာတော်ဘုရားကြီး
က MRTV မှ ရွတ်ဖတ်ပူဇော်သည်ကို ကြည်နူးစွာ နာကြားရပြီး
သောအခါ ဆရာကြီးဦးသော်ဇင် ပူဇော်သော ကဗျာခြောက်ဆယ်
ကို ရေးတင်ပူဇော်ရန် အာသီသ ပြင်းထန်လာပြန်သဖြင့် တစ်ရက်
နှစ်ပုဒ်ပူဇော်ရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။
ယနေ့တွင်ပင် ပဋိညာဉ် ပြုပါသည်။
မနက်ဖြန်မှစ၍ တစ်ရက် ဂါထာနှစ်ပုဒ်ပူဇော်မည်ဟု...
ပဋိညာဉ်
••••••••
နွေဦးခါ တောဝန ပြောစရာ့ကြည်လင်
ထို့အတူ မြတ်တရားဟောကြားတဲ့အရှင်
ရှိဦးတင် ချိုရွှင်သာငြိမ့်
ကာဠုဒါ ခြောက်ဆယ်ပန်းကို ရွှင်လန်းသီပိမ့်။
နွေဦးခါ တောသဘာဝ၏ ကြည်လင်တောက်ပ
နေပုံမှာ ပြောစရာကြီးပင် ဖြစ်ပါတော့သည်။
ထိုတောအလှကဲ့သို့ ဓမ္မတရားကို ဟောကြားတော်မူသော
မြတ်စွာဘုရားအား ရှိခိုးပါ၏။ ချိုရွှင်သာယာ ငြိမ့်ညောင်းလှ
စွာသော ကာဠုဒါယီ၏ ဂါထာခြောက်ဆယ်ကို ပန်းသဖွယ်
မြန်မာဘာသာ ကဗျာဖြင့် ရွှင်လန်းစွာ သီကုံးပါမည်။
Photo-thanwinthu
( မယ်ဇယ်တန်း၊ လင်းဇင်ကုန်း၊ အမရပူရ)

No comments:
Post a Comment