ဘဝဂ်= ဤမဟာပထဝီမြေကြီးမှ အထက်သို့ ယူဇနာပေါင်း ခုနှစ်ကုဋေ တစ်သန်း ရှစ်သိန်း ငါးသောင်း ခြောက်ထောင် ကွာခြားဝေးမြင့်သော ကောင်းကင်အရပ်၌ နေဝသညာနာသညာယတန အရှုပဘုံတည်၏။ ထိုဘုံကို ဘုံတကာတို့၏ ထိပ်ဖျားဖြစ်၍ ဘဝဂ္ဂဟု ခေါ်၏။
ထိုဘဝဂ် အရှုပဘုံ၏ အထက်ကို ဘာမျှအရှုပ်အထွေးမရှိသော အဇဋာကာသ ကောင်းကင်ကြီးတည်။ ဤအဇဋာကာသ ကောင်းကင်ကြား၌ ရှိသမျှဘုံတွေ အထည်ဝတ္ထုတွေ ပိုင်းခြားသော ကောင်းကင်ကိုကား ပရိစ္ဆေဒ ကောင်းကင်ဟု ခေါ်၏။
---------------------
ပရမတ္တရုပ်ကလာပ်ကလေးတွေ၏ အကြားအကြားမျှသာဖြစ်သော ဤကောင်းကင်
အာကာသဓာတ်ကိုကား ပကတိမံသမျက်စိဖြင့် ကြည့်၍ သိနိုင်မြင်နိုင်တော့မည် မဟုတ်။
ဥာဏ်မျက်စိဖြင့် ကြည့်မှသာ သိနိုင်မြင်နိုင်တော့သည်။ ထို့ကြောင့်
ဥာဏ်မျက်စိနှင့် သိရန်မြင်ရန် ထိုအကြောင်းကို ဥပမာပြဆိုအံ့။
ရေထဲမှာလည်း အကြားကြည့်၍ မမြင် နို့ရည်တွေထဲမှာလည်း အကြားကြည့်၍ မမြင် ထိုရေထဲသို့ နို့ရည်ကို လောင်းထဲလိုက်လျှင် အကုန်ပျံ့နှံ့၍သွား၏။ ရေတွင်းသို့ နို့ရည်မရောက်သောနေရာ
နို့ရည်တွင်းသို့ ရေမရောက်သောနေရာ ဟူ၍ ပရမာဏုမြူတစ်လုံးစာမျှလောက် မရှိပြီ။ အကုန်လုံး ပျံ့နှံ့၍နေကြ၏။
ထိုနေရာ၌ (သမူဟချင်းကားရောကြသည် ဖြစ်၍) အကြမ်းမျက်မြင်အားဖြင့် ရော၍နေသည်ဟူ၍ပင် ဆိုရ၏။
သို့ဆိုသော်လည်း ရေကလာပ်ဟာ နို့ရည်ဖြစ်၍မသွား
နို့ရည်ကလာပ်အတွင်းသို့မဝင် နို့ရည်ဖြစ်၍မသွား
နို့ရည်ကလာပ်ကလေးတွေ တစ်ခုနှင့် တစ်ခုစပ်ကြားသို့ ရေ။ ရေကလာပ်ကလေးတွေ တစ်ခုနှင့်တစ်ခု စပ်ကြားသို့ နို့ရည်အားဖြင့် တစ်ခုကြားတစ်ခုသာ စိမ့်ဝင်၍ နေကြ၏။ ပရမတ္ထကလာပ်ချင်းကား မရောကြပြီ။
ထိုသို့ မရောခြင်းကြောင့်ပင်လျှင် မီးခွင်ပေါ်မှာတည်၍ နဖြူကြီး ဟူ၍လည်းကောင်း မရိုးဟူ၍လည်းကောင်း ခေါ်ကြသော ကျွဲနို့ပင်က အရိုးစိုနှင့် မွေလျှင် နို့ရည်ခဲ၍ မာသွား၏။ ရေကား ရေအတိုင်းပင်ကျန်ခဲ့၏။
ရေနှင့်နို့ရည် ပျံ့နှံ့နေကြရာ၌ အကယ်၍ ရေအတွင်း၌ အကြားကောင်းကင်အာကာသ မရှိငြားအံ့။ ရေအကြားသို့ နို့ရည်မဝင်နိုင်ရာ။
ထို့ကြောင့် မျက်စိနှင့် မမြင်ရသော်လည်း ဤရေတို့ နိုရည်တို့အတွင်း၌ အကြား ကောင်းကင်အာကာသဓာတ်တွေ စေ့၍စပ်၍နေဟန် ဟူ၍ မှတ်ရမည် သိရမည်။
-----------------------------------
(သေက္ချတောင်ဆရာတော်)
(ဦးဆန်းလွင်)
ဒီနေရာမှ ကူးယူမျှဝေသည်။

No comments:
Post a Comment