မာနနှင့်ဇာတိမာန်၊ဓနမာန်၊ပညာမာန်၊အဆင်းမာန်အကြောင်း
ထောင်လွှားတတ်ကြွခြင်းသဘောသည်မာန်မာနမည်၏။ထို့ကြောင့် မာနမူကား၊ထောင်လွှားကြွဟုဆိုခဲ့ပေသည်။မာနဓာတ်ခံရှိသူသည် တံခွန်အလံကိုစိုက်ထောင်၍ထားသကဲ့သို့ အများအပေါ်၌မောက်မော်လို၏။ကြွတတရှိ၏။
ရာထူးဂုဏ်သိန်၊စည်းစိမ်ဥစ္စာ၊ပညာအဆင်း၊ရောဂါကင်းခြင်း စသောဂုဏ်တို့ဖြင့်
သူများထက် သာနေသောအခါ “ငါက သင်တို့နှင့် တူသလား၊တန်သလား၊ငါနှင့်
အဖက်တန်သလား”ဟု ကိုယ့်ကိုယ်ကို အထင်ကြီးကာ သူတစ်ပါးကို အထင်သေးတတ်၏။
သူများထက်မသာဘဲတန်းတူဖြစ်နေလျှင်လည်း မာနဓာတ်ခံရှိနေသူတို့မှာ “သင်နဲ့ ငါနဲ့
ဘာထူးသေးသလဲ၊ သူ့လောက်တော့ငါလဲရတာပဲ”ဟုတန်းတူထားလျက် မာန်တက်ပြန်၏။ရာထူးစည်းစိမ် စသည်တို့က အောက်တန်းကျပြလျှင်လည်း မာနဓာတ်ခံရှိနေသူမှာ “သူတို့က
ငါ့ထက်သာကော ငါကဘာအရေးစိုက်ရမှာ လဲ၊ကိုယ်ရှိမှ ကိုယ်စားရ၊ကိုယ်လုပ်မှကိုယ်ရတာပဲ၊ဘယ်သူ့ကိုခခယယ လုပ်နေရမှာတုန်း”ဟု အံမတုနိုင် သော်လည်း
မာန်ပြုလျက်ပင်။
ဇာတိမာန်
အမျိုးကောင်းသည့်အတွက်မာန်မာနတက်နေခြင်းကို ဇာတိမာန်ဟုခေါ်သည်။ယခုခေတ်၌အတော်အတန်
အမျိုးကောင်းသူတွေရှိပါပေသည်။ယခုခေတ်၌ မာန်တက်လောက်၊ဟန်ကြီးပန်ကြီးလုပ်လောက်အောင် တစ်ဘက်သားကို ခြေဖဝါးအောက်က
ဟုထင်လောက်အောင်
အမျိုးမကောင်းပါ။ရှေးက မဟာသွေးမဟာမျိုး
ဖြစ်၍
တကယ်အမျိုးကောင်းသည်ပင်ဆိုဦးတော့။အမျိုးမြတ်သူက မာနမဖက်ဘဲ ညက်ညက်ညောညော
အပြောချိုကာ အရာရာမှာ လိုက်လျောပါမူ အောက်တန်းကျသူတို့က ပိုမို၍
ချစ်ခင်ကြည်ညို ရိုသေကြမည်မဟုတ်ပါလော။”အရောဝင်တော့ အရိုသေတန်”ဆိုသကဲ့သို့အချို့ရိုင်းစိုင်းသူတို့ကအရောဝင်၍ အရိုအသေတန်ကောင်းတန်လိမ့်မည်။သို့သော်
ထိုအရိုအသေတန်မှုအတွက် ထိုသူ အပြစ်သာဖြစ်၍ ထိုသူပင် နစ်နာ
ပေလိမ့်မည်။ဤသို့ အရာရာ ရှေ့နောက် စိစစ်လျက် ဇာတိမာန် မတက်မိအောင်
သတိဆောင်ကြပါကုန်။
ဓနမာန်
အထိုက်အလိုက်ဥစ္စာရှိသူတို့၏
မာန်ကို “ဓနမာန်”ဟုခေါ်၏။ယခုအခါ
အတော်အတန် ဥစ္စာရှိသူတွေရှိပါပေ
သည်။သို့သော်
ဥစ္စာနည်းပါးသူများနှင့်
အတူမသွားနိုင်၊အတူမစားနိုင်၊
အတူစကားမပြောနိုင်လောက်အောင်
မကုန်မခန်းပေါများကြသည်
မဟုတ်ပါ။”မမြင်ဖူးတော့ မူးမြစ်ထင်”ဆိုသလို
မိမိကိုယ်ကို
သူဌေးသူကြွယ်ဟု ပင်ထင်စေဦးတော့ ဆင်းရဲသူ ဆင်းရဲသား
တို့အပေါ်
သဘောကြီးကြီးထား၍ သနားကြင်နာ ကရုဏာသက်
တတ်ပါလျှင် သာ၍ပင်
ဂုဏ်မရှိပါသလော။မိမိပစ္စည်း၌
ဘေးအန္တရာယ်မထူအောင်အကူအညီပင်ရနိုင်သေး
သည်မဟုတ်ပါလော။
ဓနရှင်တို့၏ ပြုံးရွှင်သောမျက်နှာ ချိုသာသော စကားအသုံးသည်
ဆင်းရဲသားတို့အတွက်အမြိန်ရှက်ဆုံးအမြိုက်ဆေး တစ်မျိုးပင် ဖြစ်နိုင်ပါသည်။
ထို့ကြောင့်
ရှေးက ဒါနကုသိုလ်အကျိုးပေး၍
တစ်သက်လျာအတွက်ရရှိသော စည်းစိမ်ဥစ္စာလေးကို
နောင်သံသရာအရေးဝယ် အမျိုးအနွယ် အောက်ကျသွားဖို့အကြောင်း၊မကောင်းသောမာန၏
အောက်ခံကား ပုံသဖွယ် မဖြစ်စေဘဲ ဓနရှင်ပီပီ တည်ကြည်သော စိတ်ထားဖြင့်အများ၏ကိုးစားရာဖြစ်အောင်ကြိုးစား၍ သတိဆောင်ကြပါကုန်။ယခုတစ်ဘဝ
ကြီးကျယ်သော
စည်းစိမ်သည် ဘေးအန္တရာယ် အလွန်များ၏
ဘေး၊အန္တရာယ်ကင်းစေကာမူတစ်သက်လျာမျှသာ
သုံးစွဲနိုင်ပါသည်။နောင်ဘဝထိ
ယူသွားလို့မရပါ။“ရွှေအိမ်နန်းနှင့်၊ကြငှန်းလည်းခံ၊မတ်ပေါင်းရံလျက်
၊ပျော်စံရိပ်ငြိမ်၊မင်းစည်းစိမ်ကား၊သမုဒ္ဒရာ၊ရေမျက်နှာထက်၊ ခဏတက်သည့်၊ရေပွတ်ပမာ၊တစ်သက်လျာတည်း။”
(အနန္တသူရိယအမတ်)
ပညာမာန်
စာပေတတ်ကျွမ်းသူတို့၏မာန်ကို “ပညာမာန်”ဟုခေါ်၏။စာပေပညာသည်
မသင့်သည်ကို မသင့်မှန်းသိ၍၊
သင့်သည်ကို
သင့်မှန်းသိဖို့ရာ အလိမ္မာပေးသော ပညာ၊ပေါင်းသင်းဆက်ဆံရာ၌
ယဉ်ကျေးဖို့ရာ အလိမ္မာ ပေးသောပညာတည်း။
သို့ပါလျက် ထိုပညာကို အကြောင်းပြု၍
မတော်မတရား ကြီးမားသော
မာန်မာနဖြစ်ရခြင်းမှာလွန်စွာ
ရှက်ဖွယ်ကောင်းလှ၏။ယခုခေတ်ကာလ၌
သူများထံမှ တစ်ဆင့်သင်ယူ၍ တတ်သိရသော
စာပေပညာလည်း ထူးခြားသော အတတ်မဟုတ်သေးပါ။
အကြောင်းညီညွတ်၍ဆရာကောင်းထံသင်ကြားရလျှင် အများပင်တတ်နိုင်ပါ၏။
သို့ဖြစ်၍ အကြောင်းမညီညွတ်သဖြင့်
မသင်ကြားရသူ၊အထူးဥာဏ်ထိုင်းသူများ ကိုတွေ့ရသောအခါ၊
မောက်မော်ဝါကြွားမည့်အစားသနားကြင်နာ ကရုဏာသက်ဖို့သာ၊သို့မဟုတ်
တစ်ဆင့်သင်ပြပေးဖို့သာသင့်ပါသည်။ရှေးတုန်းက အတော်ထင်ရှားသော
ဆရာတော်တစ်ပါးသည် လွန်ခဲ့သောဘဝ
တုန်းက
စိတ်ရှည်လက်ရှည် စာချဖူးသဖြင့် ယခုဘဝမှာ လောကဓမ္မ
(၂)ဌာန၌
ထင်ရှားကျော်ကြားသော
ကျမ်းတတ်ပုဂ္ဂိုလ်ကြီး
တစ်ပါးဖြစ်လာရပါသတဲ့။ထို့ကြောင့်တတ်သိသော
ပညာကို သံသရာအတွက်
အသုံးပြုကြပါလေ။
အဆင်းမာန်
အလှဂုဏ်အတွက်မာန်တက်ခြင်းကို “အဆင်းမာန်”ဟုခေါ်၏။ရှေးဘဝက
ဒေါသနည်းပါးခြင်း၊ပန်းစသည်
တို့ကို
လှူဒါန်းခြင်း၊ဘုရားကျောင်းဝင်းစသည်တို့၌
အမှိုက်သုတ်သင်ရှင်းလင်းခြင်း၊စသော
ကုသိုလ်ကောင်းမှုများကြောင့်ယခုဘဝ၌ပရိတ်သတ်အလယ် တင့်တယ်ဝင်းစက် အဆင်းထွက်ခြင်းမှာ မာန်တက်မည်ဆို လျှင်
တက်လောက်ပါပေသည်။
သို့ရာတွင်
မိမိအဖြစ်ဟောင်းကို
ပြန်ပြောင်း၍ မှန်းဆသောအခါ ဒေါသကင်းစင်
စိတ်ကြည်လင်၍
ရေလှူ၊ ပန်းလှူခြင်း စသောကုသိုလ် ကောင်းမှုရှင်
သူတော်စင် ဖြစ်ခဲ့ဖူးရကား
ယခုဘဝရောက်မှ အလှဂုဏ် မာန်တက်၍
သူတစ်ပါးအဖက်မထင်နိုင်အောင်ဟန်ကြီးပန်ကြီး
မလုပ်သင့်ပါ။လှပသော
ကိုယ်တွင်း၌ သန့်ရှင်းသော စိတ်အစဉ်ကို မွေးမြူကာ အရာရာ
သိမ်မွေ့လျက် ဣနြေ္ဒရှင် သူတော်စင်ဖြစ်အောင် သတိ ထား၍ ကြိုးစားသင့်ပါသည်။
နိဂုံးချုပ်အနေနဲ့ဒုက္ခခပ်သိမ်းငြိမ်းတဲ့နိဗ္ဗာန်စံဝင်ပြီးသော သူတော်စင်ကြီးတို့သည်
ယခုပြခဲ့သောဇာတိမာန်၊စသည်တို့တက်မည်ဆိုလျှင် မိုးထိအောင်တက်
လှေကားမထောင်ဘဲ တက်နိုင်ကြပေ၏။မာန်တက်လောက် အောင်ပင်
ဘုရင်မိဖုရားတို့၏လက်ပေါ်တွင်ကြီးပွားရသော မင်းညီမင်းသားများဖြစ်ကြသည်။
ပညာဘက်ကလည်းမဟော်သဓာသုခမိန်စသည်ဖြင့် ကမ္ဘာ့စံချိန်ချိုးတော်မူခဲ့သည်။
အမျိုးသမီးများဘက်ကလည်း
ဥပ္ပလဝဏ်၊ခေမာ၊ယသော်ဓရာ၊စသော
သူတော်ကောင်းအမျိုးသမီးတို့မှာ အမျိုးဥစ္စာ
ပညာဘက်၌ သာမက
အလှဘက်ကလည်း တစ်ကမ္ဘာလုံးမျက်နှာဖုံးများပင်ဖြစ်ကြပေသည်။ထိုမျှ
လောက်အထက်တန်းကျသော အမျိုးသားအမျိုးသမီးတို့သည် သူတို့၏ မျိုးရိုးဇာတိ၊စသည်တို့အတွက် မာန်မာနမတက်ကြပါဘဲလျက်
“သည်လိုယုန်တော့
ချုံတိုင်းတွေ့နိုင်”တဲ့အစား “တံငါစာ၍ ငါသာယာ”
ရှိသူများက ရှိစုမဲ့စု
စု၍ရသော ဇာတိ ပညာ ဥစ္စာ အဆင်းဖြင့်
ကြက်ဆူပင် မင်းမူနေခြင်းမှာ နက်နက်နဲနဲ
တွေးလျှင် လေးလေးပင်ပင်
ရှက်ဖွယ်ပါတကား။
ထို့ကြောင့်
နှလုံးလေပင့်၍ ဘဝင်မြင့်သူအလား ထောင်လွှားတက်ကြွ
မာန်မာနဖြစ်ခြင်းသည်
သူတစ်ပါးတို့
မြင်ပင်းကတ်ဖွယ်ရာအကျိုးမဲ့ကိုသာ ဖြစ်စေရုံသာမက
နောက်နောက်ဘဝတို့၌အမျိုးညံ့ဖို့အကြောင်း မကောင်းသက်သက် ဖြစ်ရကား
ဇာတိ ပညာ
ဥစ္စာ အဆင်းအားဖြင့်
ရောက်သင့်သလောက် အထက်တန်း ရောက်နေသော်လည်း
နောက်နောက်ဘဝ အဆင့်ဆင့်၌ မြင့်သည်ထက်မြင့်ဖို့
အရေးကိုသာရွယ်ကိုး၍
“အစွယ်ကျိုးသောမြွေ၊ဦးချိုကျိုးသောနွား၊ခြေသုတ်ပုဆိုးအလား”ကဲ့သို့
တက်ကြွသောမာန်စွယ်ကိုနုတ်ပယ်
နှိမ်ချိုးနိုင်ကြပါစေသား။
ဟုအသိပေးရေးသားလိုက်ရပါသည်။
မှတ်ချက်။။အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
No comments:
Post a Comment