ဗုဒ္ဓဘာသာသမိုင်းတွင် သာဝတ္ထိပြည်မှ အနာထပိဏ် သူဌေးကြီးသည် အလှူဒါနပြုလုပ်ရာတွင် စံတင်ထိုက်သော သူဌေးကြီးတစ်ဦးဖြစ်၏။
ဇေတ၀န်ကျောင်းတော်ကြီးကို ငါးဆယ့်လေး
ကုဋေ အကုန်ကျခံ၍ လှူဒါန်းရသည်ကိုပင် အားရတင်းတိမ်မှု မရှိဘဲ တစ်နေ့သုံးကြိမ် ဘုရားကျောင်းတော်သို့ သွားလေ့ရှိ၏။ နံနက်သွားလျှင် ယာဂု၊ နေ့လယ်သွားလျှင် အဖျော်ရည်၊ ညနေ
သွားလျှင် ပန်းနံ့သာ ယူဆောင်သွားလေ့ ရှိ၏။
တစ်ချိန်တွင် သူဌေးကြီးသည် စီးပွားရေး မပြေလည်၍ ဆင်းရဲနွမ်းပါးသွား၏။ သို့သော်အလှူအတန်းကိုကား မလျှော့ပေ။ ဤကဲ့သို့ အလှူအတန်းပြုလုပ်ခြင်းကို သူဌေးကြီး၏နေအိမ်
စတုတ္ထတံခါးတွင် စောင့်နေသောမိစ္ဆာဒိဌိနတ်သည် ကြားမှ ၀န်တိုမိစ္ဆာဖြစ်ပြီး မကြည်ညိုနိုင် ရှိ၏။
သူဌေးကြီးအိမ်သို့ ရဟန်းသံဃာများ ကြွလာသောအခါ သူက နေရာမှ မကြာခဏ ဖယ်ပေးနေရသောကြောင့် အလိုလို အမျက်ထွက်၍ နေ၏။
တစ်နေ့တွင် မိစ္ဆာဒိဌိနတ်သည် ကိုယ်ထင်ပြလျက် “ အသင်သူဌေးကြီးသည် နောင်ရေးကိုမကြည့်ဘဲ ဂေါတမသာသနာကို
ချည်း အလကားလှူပစ်သောကြောင့် ပစ္စည်းပြုန်း၍ ဆင်းရဲခြင်းသို့ ရောက်ခဲ့ရသည်။ ပေးလှူခြင်းဖြင့် ဘာအကျိုးရှိသနည်း။ မိုက်လေစွ ” ဟု အပြစ်တင်စကားဆိုလေ၏။
ယင်းသို့ မိစ္ဆာအမြင်ဖြင့် အလှူဒါနကို မပြုလုပ်ရန် တားမြစ်သောအခါ သူဌေးကြီးသည်မိစ္ဆာနတ်အား မိမိနေအိမ် စတုတ္ထတံခါးမှ ထွက်သွားရန် နှင်ထုတ်လိုက်လေ၏။မိစ္ဆာဒိဌိနတ်သည်
ခိုကိုးရာမဲ့ဖြစ်ကာသိကြားမင်းထံသွား၍သူဌေးကြီး ကျေနပ်သည်အထိ
တောင်းပန်ပေးရန်ပန်ကြားလေ၏။
သိကြားမင်းက သူဌေးကြီးသည် အလှူဒါန၌ အလွန်ဝါသနာပါသူဖြစ်သည်။ တားမြစ်ပိတ်ပင်၍ မလျော်။ ယခုအချိန်၌ သူဌေးကြီးတွင် ပစ္စည်းဥစ္စာများ နွမ်းပါးလျက်ရှိရာ သူဌေးကြီးထံမှ
ချေးငှားထားသူများကို သူဌေးကြီးအား ပစ္စည်းဥစ္စာများ မှန်မှန်ကန်ကန် ပြန်၍ပေးကြရန် သင်ကလိုက်လံ နိုးဆော်ပေးပါဟု အကြံပြုလေ၏။
သိကြားမင်း အကြံပြုသည့်အတိုင်း ကြွေးယူသူများကို လိုက်လံဆော်သြပေးရာပစ္စည်းယူသူအားလုံးက
ပြန်လည်ပေးပို့ကြသောကြောင့် သူဌေးကြီးသည် ယခင်အတိုင်း ပြန်လည်ကြွယ်ဝချမ်းသာ လေ၏။ မိမိမှားကြောင်း ၀န်ချ၍ တောင်းပန်သော မိစ္ဆာဒိဌိနတ်အား ခွင့်လွှတ်ပြီးလျှင်အမှားကိုစွန့် ၍ အမှန်ကို ပြောင်းယူစေသဖြင့် ထိုနတ်သည် သမ္မာဒိဌိဖြစ်လာပြီးလျှင် သောတာပတ္တိဖိုလ်၌ တည်၍ အကျွတ်တရားကို ရရှိသွားလေ၏။
(ဓမ္မပဒအဌကထာ ပါပ၀ဂ် အနာထပိဏ်ဝတ္ထု၊ ဧကနိပါတ် ဇတ်အဌကထာ ကုလ၀က၀ဂ်ခဒိရင်္ဂဇာတ်)
{နှစ်ဖက်လှ ဦးကျော်လွင်၏ ဗုဒ္ဓဘာသာ လူထက်လူ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment